သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်- ASEAN ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင်မှု စတင်


အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများ ASEAN အဖွဲ့ဝင်နိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲ ရေကြောင်း စစ်ရေး လေ့ကျင့်မှု ဒီကနေ့စတင်ပြီဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာပါလုပ်မယ့် ဒီပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ စစ်သင်္ဘော ၈ စင်း၊ လေယာဉ် ၄ စင်းနဲ့ တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် ပါဝင်ပါမယ်။

၅ ရက်ကြာလုပ်မယ့် အာဆီယံ-အမေရိကန် ရေကြောင်း စစ်ရေးလေ့ကျင့်မှု (AUMX) ဟာ ထိုင်းနိုင်ငံ၊ Sattahip ရေတပ်စခန်းမှာ စတင်ပြီး စင်္ကာပူနိုင်ငံမှာ အဆုံးသတ်မှာဖြစ်ပါတယ်။

အမေရိကန်နဲ့ ထိုင်း တော်ဝင် ရေတပ်တို့ ပူးတွဲဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်းပင်လယ်ကွေ့နဲ့ တောင်တရုတ်ပင်လယ်တို့ အပါအဝင် အရှေ့တောင်အာရှက နိုင်ငံတကာရေပြင်မှာ လုပ်ဆောင်မှာဖြစ်ပြီး စင်္ကာပူမှာ အဆုံးသတ်ပါမယ်လို့ ဘန်ကောက်မြို့၊ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုထဲမှာ မြန်မာရေတပ်ကို ထည့်သွင်းတဲ့အတွက် ဝေဖန် ပြောဆိုကြတာတွေရှိပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ ဆက်စပ်ပြီး မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို အမေရိကန်က ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာရှိပါတယ်။

ရှာဖွေ ဖမ်းဆီးရေးဆိုင်ရာ လေ့ကျင့်တဲ့အနေနဲ့ ရေယာဉ်တွေပေါ်ကို တက်ရောက်တာတွေပါ ပါဝင်မယ့် ဒီ စစ်ရေးလေ့ကျင့်မှုမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက ရေတပ်တွေ ပါဝင်ကြမှာပါ။

တောင်တရုတ်ပင်လယ်တွင်း ရေပြင်နယ်နိမိတ်အားလုံးနီးပါးကို ပိုင်တယ်လို့ တရုတ်ကပြောထားသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ထဲက ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ပိုင်တယ်လို့ပြောထားတဲ့ နယ်မြေတွေလည်းရှိပါတယ်။ ဒီလို ပိုင်ဆိုင်မှုပိုင်း အပြိုင် အငြင်းပွားနေတာကြောင့် တင်းမာမှုတွေ ရှိနေချိန်မှာပဲ အခုလို အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေ ပူးတွဲပြီး ပထမဆုံးအကြိမ် ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို လုပ်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG