သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US-ASEAN မဟာဗျူဟာမြောက် ပူးပေါင်းမှု ကန်ကိုယ်စားလှယ် ချီးမွမ်း


အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Robert O'Brien. (စက်တင်ဘာ ၄၊ ၂၀၂၀)
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Robert O'Brien. (စက်တင်ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ ပိုပြီး အရေးပါတဲ့အဆင့်ကို ရောက်လာတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Robert O'Brien က ပြောပါတယ်။

"လူဦးရေ သန်း ၁,၀၀၀ နီးပါးကို ကိုယ်စားပြုတဲ့ ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ အခုချိန်လောက် အားကောင်းခိုင်မာတာမျိုး မရှိခဲ့ဖူးသေးပါဘူး။ လွတ်လပ်ပြီး တန်းတူရည်တူရှိတဲ့ အမှီအခိုကင်းတဲ့ နိုင်ငံတွေရဲ့ လက်တွဲလုပ်ဆောင်မှုဟာ နိုင်ငံတခုချင်းစီရဲ့ အချုပ်အခြာ အာဏာပိုင်မှုပေါ် အခိုင်အမာ အခြေပြုထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အဆွေတော်တို့ကို အားပေးထောက်ခံနေသလို အဆွေတော်တို့ကလည်း ကျနော်တို့ကို အားပေးထောက်ခံနေတယ်ဆိုတာ ကျနော်တို့သိပါတယ်" လို့ Robert O'Brien က ပြောပါတယ်။

အာဆီယံအဖွဲ့ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက ကမကထပြုပြီး အွန်လိုင်းဆက်သွယ်ရေးကတဆင့် ဒီကနေ့လုပ်တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း Mr. O'Brien က အဲဒီလိုပြောသွားတာပါ။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကိုလည်း Mr. O'Brien တက်ရောက်ပါမယ်။ အဲဒီအစည်းအဝေးအတွင်း တရုတ်နိုင်ငံက ကြီးမှူးလုပ်ဆောင်ပြီး ကမ္ဘာမှာ အကြီးမားဆုံး ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်လာမယ့် ဒေသဆိုင်ရာ စီးပွားရေးသဘောတူညီမှု (RCEP) ကို လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန် မပါပါဘူး။

ရှေ့သီတင်းပတ် သောကြာနေ့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (APEC) အစည်းအဝေးမှာ အမေရိကန်ကို ကိုယ်စားပြုပြီး ဘယ်သူတက်မယ်ဆိုတာတော့ သမ္မတအိမ်ဖြူတော်က မပြောသေးပါဘူး။

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အမေရိကန်ဘက်က အဆင့်နိမ့်ကိုယ်စားလှယ်တယောက်ပဲ ပါဝင်တက်ရောက်တာဟာ ဒီနှစ်နဲ့ဆိုရင် သုံးကြိမ်မြောက် ဖြစ်ပါတယ်။

ဒီကနေ့အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG