သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး ညှိနှိုင်းဖြေရှင်းဖို့ အမေရိကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တောင်တရုတ်ပင်လယ်အရေး ညှိနှိုင်းဖြေရှင်းဖို့ ပြော
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တောင်တရုတ်ပင်လယ်အရေး ညှိနှိုင်းဖြေရှင်းဖို့ ပြော

တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ သံတမန်ရေးနည်းနဲ့ အဖြေရှာကြဖို့ တရုတ်နဲ့ အာရှပစိဖိတ် အိမ်နီးချင်း နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ (၈) ကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ နဲ့ စီးပွားရေးဆိုင်ရာ နှစ်ပတ်လည်ဆွေးနွေးပွဲအဖွင့် ဒီကနေ့ မိန့်ခွန်းပြောကြားတာမှာ မစ္စတာ ကယ်ရီက ခုလို တိုက်တွန်းသွားခဲ့တာပါ။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်အပြင်၊ တိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်င်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကလည်း သူတို့ပိုင်တယ်လို့ ပြောထားတဲ့၊ လူသူမနေတဲ့ကျွန်းတွေပေါ်မှာ တရုတ်က စစ်ရေးအရ အင်အားတိုးချဲ့ တည်ဆောက်နေတာတွေနဲ့ ပတ်သက်လို့ ဒေသတွင်း စိုးရိမ်မှုတွေ တိုးလာနေတာကို ရည်ညွန်းပြီး မစ္စတာ ကယ်ရီက အဲဒီလို ပြောခဲ့တာပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အများအပြား ရှိနေတယ်လို့ ယူဆထားကြတဲ့ တောင်တရုတ်ပင်လယ်ပြင် ဒေသကို ဖြတ်သန်း ကုန်သွယ်သွားလာမှုတွေကလည်း နှစ်စဉ် ဒေါ်လာ ဘီလျံ ငါးထောင် ရှိပါတယ်။

ဒီဒေသက ဝေဟင်မှာ အမေရိကန် ထောက်လှမ်းရေးလေယာဉ်တွေ ပျံသန်းနေတဲ့အပေါ် တရုတ်အစိုးရက အမျက်ထွက်ပြီး တချို့နေရာတွေမှာ လေကြောင်းကာကွယ်ရေးဇုံ သတ်မှတ်ဖို့ စဉ်းစားထားတဲ့အကြောင်းလည်း အများသိ ပြောဆိုထားတာပါ။

ဒီလိုသတ်မှတ်လိုက်ပြီးရင်တော့ အဲဒီလေကြောင်းဇုံတွင်း ပျံသန်းမယ့်လေယာဉ်တွေ အနေနဲ့ တရုတ်အစိုးရထံမှာ ခွင့်ပြုချက်ယူရမှာဖြစ်ပါတယ်။ ဝန်ကြီးကယ်ရီကတော့ အဲဒီလိုလုပ်ဆောင်မှုဟာ ရန်လိုတဲ့အပြုအမူဖြစ်ပြီး မတည်ငြိမ်မှုတွေဖြစ်အောင် လုပ်ဆောင်ရာ ကျတယ်လို့ တနင်္ဂနွေနေ့က မွန်ဂိုလီးယားနိုင်ငံမှာ ခရီးတထောက်နားချိန် ပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင် ကတော့ နှစ်ဘက်အကြား ကွဲပြားမှုတွေကို လက်တွေ့ကျတဲ့ အပြုသဘောဆောင် လုပ်ဆောင်မှုတွေနဲ့ ညှိနှိုင်းသွားနိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒီကနေ့ နှစ်နိုင်ငံဆွေးနွေးပွဲအဖွင့်မှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG