သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်က ထွက်ခွာမယ့်သူတွေ လုံခြုံရေး တာလီဘန်တွေကတိပေး 


(Zawgyi/ Unicode)

အာဖဂန်နစ္စတန်မှာ ရှိတဲ့ အမေရိကန်တွေနဲ့ အာဖဂန် မဟာမိတ်တွေကို ကာဘူးလ် နိုင်ငံတကာ လေဆိပ်ကနေ လေယာဉ်နဲ့ ခေါ်ဆောင် ကယ်ထုတ်နေတဲ့ တချိန်တည်းမှာဘဲ အမေရိကန် စစ်တပ်နဲ့ တာလီဘန်ကြား အဆက်အသွယ် ရှိနေကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

ထွက်ခွာမယ့်သူတွေ လုံခြုံရေးအတွက် တာလီဘန်ဘက်က ကတိကဝတ် ရထားကြောင်းလည်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။

အရပ်သားတွေ လေဆိပ်ကို ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး ဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း တာလီဘန်တို့က အမေရိကန်ကို ပြောဆိုပြီး ဒီကတိကဝတ် အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က အင်္ဂါနေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လေဆိပ်မှာ ရှိတဲ့ အမေရိကန်ရဲ့ လုပ်ငန်းစဉ်တွေကို တာလီဘန်ဘက်က ရန်ပြု ထိပါးတာ မရှိဘူးလို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ John Kirby က သတင်းထောက်တွေကို ပြောပါတယ်။ လေဆိပ်မှာ ရှိနေတဲ့ အမေရိကန် တပ်မှူးတွေကလည်း လေဆိပ် အပြင်မှာ ရှိတဲ့ တာလီဘန် တပ်မှူးတွေနဲ့ အဆက်အသွယ် ရှိကြောင်း၊ နေ့စဉ် အကြိမ်ကြိမ် အဆက်အသွယ် ရှိကြောင်း ပင်တဂွန် ပြောခွင့်ရက ထပ်လောင်းပြောပါတယ်။

အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Frank McKenzie လည်း တနင်္ဂနွေနေ့က တာလီဘန် ခေါင်းဆောင်ပိုင်းနဲ့ ကာတာနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး အမေရိကန်ရဲ့ ကယ်ဆယ်ရေး အစီအစဉ်ကို တာလီဘန်တို့ ထိပါးရင် အမေရိကန် စစ်တပ် အနေနဲ့ ကာကွယ်သွားမယ်လို့ သတိပေး ပြောဆိုခဲ့ကြောင်း ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်း အရောက်မှာ ကာဘူးလ် မြို့တော်က Hamid Karzai နိုင်ငံတကာ လေဆိပ်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော် ထိ ရှိမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် William “Hank” Taylor က သတင်းထောက်တွေကို ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကစလို့ တနာရီခြား တခါ ကယ်ဆယ်ရေး လေယာဉ်တွေ ပျံသန်းဖို့ ရည်ရွယ်ထားပြီး တရက်ကို အာဖဂန်ကနေ လူပေါင်း ၅,၀၀၀ ကနေ ၉,၀၀၀ ထိ ကယ်တင်နိုင်မှာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG