သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ တာဝန်မထမ်းဆောင်နိုင်ရင် ဘယ်လို လူစားထိုးမလဲ


COVID-19 ကုသမှုခံယူနေရာ ဆေးရုံအခန်းတွင်းမှ မိန့်ခွန်းပြောကြားနေတဲ့ သမ္မတ Donald Trump. (အောက်တိုဘာ ၃၊ ၂၀၂၀)
COVID-19 ကုသမှုခံယူနေရာ ဆေးရုံအခန်းတွင်းမှ မိန့်ခွန်းပြောကြားနေတဲ့ သမ္မတ Donald Trump. (အောက်တိုဘာ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump ဟာ COVID-19 ရောဂါ ဖြစ်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ တကယ်လို့ သမ္မတတာဝန် မထမ်းဆောင်နိုင်ရင် သူ့နေရာမှာ ဘယ်သူက တာဝန်ယူရမလဲ။ တကယ်လို့ ဒုတိယသမ္မတရော အဲလိုဖြစ်ခဲ့ရင် နောက် ဘယ်သူတွေ တာဝန်ယူနိုင်သလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၂၅ မှာ ဘာတွေ ပြဋ္ဌာန်းထားပါသလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ဗွီအိုအေမြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာကို မသိင်္ဂီထိုက်က မေးမြန်းပြီး တင်ပြထားပါတယ်။

မသိင်္ဂီထိုက် - အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ချက် ၂၅ ဆိုတာကို အကျဉ်းချုံးပြီး ရှင်းပြပါ။

ဦးကျော်ဇံသာ - “အကျဉ်းချုံးပြီး ပြောရရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတ၊ ဒါမှမဟုတ် သူပြီးရင် အဆင့်အမြင့်ဆုံးဖြစ်တဲ့ ဒုတိယသမ္မတတို့ တယောက်ယောက် ကွယ်လွန်တာဖြစ်စေ၊ ရာထူးက ထုတ်ပယ်ခံရတာ၊ နုတ်ထွက်တာ၊ ဒါမှမဟုတ် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတဲ့ အခြေအနေတရပ်ရပ် ဖြစ်လာတဲ့အခါမှာ သူတို့ကို ဘယ်သူနဲ့ အစားထိုးရမလဲ၊ အဲဒီလို အစားထိုးဖို့အတွက် ဘယ်ပုံဘယ်နည်း လုပ်ဆောင်ရမလဲ ဆိုတာကို ပြဋ္ဌာန်းထားတာဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ချက် အမှတ် ၂၅ ပဲ ဖြစ်ပါတယ်။”

မသိင်္ဂီထိုက် - အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၂၅ ကို ဘယ်အချိန်က ပြဋ္ဌာန်းပြီး စတင်အသုံးပြုခဲ့သလဲ။

ဦးကျော်ဇံသာ - “ဒီမတိုင်ခင်ကတော့ အမေရိကန်မှာ သမ္မတ ရုတ်တရက် တာဝန် မထမ်းဆောင်နိုင်တဲ့ အြခေအနေ ရှိတဲ့အခါ ဒုတိယသမ္မတက ပုံမှန်အားဖြင့် တာဝန်ယူလာတာလေးတွေ ရှိပါတယ်။ ဒါပေမယ့် ၁၉၆၃ မှာ အဲဒီတုန်းက သမ္မတ John F. Kennedy လုပ်ကြံခံရတော့ သူလုပ်ကြံခံရပြီးတဲ့ ၂ နာရီအတွင်းမှာပဲ ဒုတိယသမ္မတ Lyndon Johnson ဟာ လေယာဉ်ပေါ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ အဲဒီလို အပူတပြင်း လုပ်ခဲ့ရတာဟာလည်းပဲ ဒုတိယသမ္မတလည်း လုပ်ကြံခံရတဲ့အထဲမှာ ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အတွက် လုပ်ခဲ့ရတာလို့ နောက်ပိုင်းမှာ ဖြေရှင်းချက်တွေ ထွက်ပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဖြစ်လာတဲ့ Lyndon Johnson လက်ထက်မှာပဲ ၁၉၆၅ မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးက အမတ် သုံးပုံနှစ်ပုံကျော်က အတည်ပြုတယ်။ ၁၉၆၇ မှာ ပြည်နယ်အားလုံးရဲ့ သုံးပုံနှစ်ပုံကျော်က အတည်ပြုတဲ့အတွက်ကြောင့် ဒီ ပြင်ဆင်ချက် အမှတ် ၂၅ ဆိုတာ တရားဝင် အတည်ဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံး ဒါကို ကျင့်သုံးတာကတော့ ၁၉၆၇ မှာ ထိုစဉ်က သမ္မတ Richard Nixon, Watergate အရှုပ်တော်ပုံနဲ့ ရာထူးက နုတ်ထွက်ရတော့ သူ့ရဲ့လက်အောက်က ဒုတိယသမ္မတဖြစ်တဲ့ Gerald Ford ကို ဒီပြင်ဆင်ချက် ၂၅ ကို ကိုးကားပြီးတော့ အာဏာလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။”

မသိင်္ဂီထိုက် - အခုလောလောဆယ်မှာတော့ သမ္မတ Donald Trump က ကျန်းမာရေး ကောင်းနေတယ်လို့ သူ့ဆရာဝန်တွေက ပြောပါတယ်။ လိုအပ်လာရင်တော့ ဒုတိယသမ္မတကို လွှဲပြောင်းပေးရမယ်ဆိုရင်ရော ပြင်ဆင်ချက် ၂၅ ရဲ့ လုပ်ထုံးလုပ်နည်းတွေက ဘယ်လိုရှိပါသလဲ။

ဦးကျော်ဇံသာ - “ဒီနေရာမှာ ပြင်ဆင်ချက် ၂၅ မှာ ပြဋ္ဌာန်းထားတာကတော့ သမ္မတက အထက်လွှတ်တော် အကြီးအကဲနဲ့ အောက်လွှတ်တော် အကြီးအကဲတို့ဆီကို စာရေး အကြောင်းကြားရမှာ ဖြစ်ပါတယ် အဓိကကတော့။ အထက်လွှတ်တော် အကြီးအကဲ ဆိုတဲ့နေရာမှာ လောလောဆယ် အထက်လွှတ်တော် အကြီးအကဲက ဒုတိယသမ္မတ Mike Pence ကိုယ်တိုင် ဖြစ်နေတယ်။ ဒါပေမယ့် သူ့ကို အာဏာလွှဲရမယ့်ကိစ္စဆိုတော့ သူ့ဆီကို မရေးကြပါဘူး။ သူမရှိတဲ့အခါ အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ယာယီ တာဝန်ထမ်းဆောင်မယ့်၊ လောလောဆယ်ကတော့ ရီပတ်ဘလစ်ကန် ဆီနိတ်တာ Chuck Grassley ကို လွှဲပေးရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ သူ့ကို President pro tempore လို့ခေါ်ပါတယ်။ pro tempore ဆိုတာ Latin စကား၊ for the time being ပေါ့လေ၊ ယာယီလို့ အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ မရှိစဉ်မှာ ယာယီ တာဝန်ထမ်းဆောင်ရမယ့် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ သူနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌတို့ဆီကို စာရေးပြီး အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အဲဒါပြီးတော့မှ အာဏာလွှဲရမှာ ဖြစ်ပါတယ်။”

မသိင်္ဂီထိုက် - တခု ဆက်ပြီးမေးချင်တယ်။ သမ္မတရော ဒုတိယသမ္မတရော တာဝန် မထမ်းနိုင်ဘူးဆိုရင် ဘယ်သူက ဆက်ခံရမလဲ။

ဦးကျော်ဇံသာ - “တာဝန်ဆက်ခံနိုင်မယ့်သူ အရှင်းဆုံး In-Line သတ်မှတ်ထားတာကတော့ သမ္မတမရှိရင် ဒုတိယသမ္မတ၊ ဒုတိယမရှိရင် အောက်လွှတ်တော်ဥက္ကဋ္ဌ၊ လောလောဆယ်မှာ Nancy Pelosi ဖြစ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌလည်း မရှိဘူးဆိုရင်တော့ အထက်လွှတ်တော်ရဲ့ ယာယီဥက္ကဋ္ဌ၊ President pro tempore ဖြစ်တဲ့ Chuck Grassley ကို လွှဲပေးရမှာ ဖြစ်ပါတယ်။ သူလည်း မထမ်းဆောင်နိုင်ဘူး ဆိုရင်တော့ နိုင်ငံခြားရေးဝန်ကြီး၊ ခုလောလောဆယ်မှာတော့ Mike Pompeo ဖြစ်ပါတယ်။ အဲဒီလေးယောက်ဟာ သမ္မတပြီးရင် ရာထူးတာဝန် ဆက်လက်ထမ်းဆောင်နိုင်တဲ့ အဆင့်ဆင့် တန်းစီနေတဲ့ ရာထူးတွေ ဖြစ်ပါတယ်၊ အမေရိကန် ဖွဲ့စည်းပုံဥပဒေအရ။”

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)












XS
SM
MD
LG