(Zawgyi/Unicode)
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခြေနေသိပ်ဆိုးနေတဲ့ ရက်တွေအတွင်း အစိုးရက နိုင်ငံတွင်း စီးပွားရေး ပြန်လည်နှိုးဆွပေးဖို့ ကြိုးစားတဲ့ အနေနဲ့ မကြာခင်လတွေ အတွင်း ငွေပေးပို့ ခဲ့ရာမှာ သေဆုံးသွားပြီဖြစ်တဲ့ လူပေါင်း တသန်းကျော် အတွက် ပေးပို့ တဲ့ ငွေဟာ ၁.၄ဘီလျံ လောက် ရှိတယ်လို့ လွှတ်တော်သီးခြားစောင့်ကြည့်အဖွဲ့တခု ဖြစ်တဲ့ အစိုးရလုပ်ငန်း စီစစ်ရေးရုံး GAO (Government Accountability Office) က ပြောပါတယ်။
အမေရိကန်နိုင်ငံသား တယောက် အနေနဲ့ တယောက်အတွက် တနှစ်ကို ဝင်ငွေ ဒေါ်လာ တသိန်းနီးပါး ( ၉၈,၀၀၀) ဒါမှမဟုတ် စုံတွဲ တွေ အတွက် ဝင်ငွေ တနှစ် ဒေါ်လာ ၂ သိန်းနီးပါး (၁၉၈,၀၀၀) ရှိမယ် ဆိုရင် တယောက်ကို ဒေါ်လာ ၁၂၀၀ နှုန်း နဲ့ လူပေါင်း သန်း ၁၆၀ ကျော် အတွက် စုစုပေါင်း ဒေါ်လာ ၂၆၉ ဘီလျံ ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အခုလို ငွေပေးတာကို အမေရိကန်နိုင်ငံသား ၉ ၀ % လောက် ရရှိကြမှာ ဖြစ်ပြီး ကလေးငယ်တွေ အတွက်လည်း ဒေါ်လာ ၅၀၀ ပါ ထည့်ပေးထားတာပါ။
ဒါဟာ ၂၀၁၈ ဒါမှမဟုတ် ၂၀၁၉ အတွက် အခွန်ဆောင်ထားသူ စာရင်းထဲမှာ ပါတဲ့ သူတွေကို ပေးဖို့ စီစဉ်တာ ဖြစ်ပေမယ့် ဒီကြားထဲ သေဆုံးသွားသူတွေကို ထည့်မတွက်ဖို့ အစိုးရဘက်က လစ်ဟာခဲ့တာ ဖြစ်ကြောင်းလည်း GAO အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အစိုးရက ပြည်သူတွေ အတွက်ပေးငွေကို မြန်နိုင်သမျှ အမြန်ဆုံး ပေးဖို့ စီစဉ်တာကြောင့် ဘဏ္ဍာရေးဌာနနဲ့ IRS အခွန်ဌာနက လူမှုဖူလုံရေးရုံးမှာ မှတ်တမ်းထားတဲ့ သေဆုံးသူစာရင်းကို မစစ်ဆေးပဲ ပထမ ၃ သုတ်ကို ပို့ပေးခဲ့တာ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
................
(Unicode)