သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ အကြွေးမဆပ်နိုင်မယ့် အခြေအနေ ရှောင်ရှားနိုင်ပြီ


အမေရိကန်အစိုးရအသုံးစရိတ်နဲ့ ချေးငွေပမာဏတိုးမြှင့်ရေး လွှတ်တော်တွင်း ပေးခဲ့တဲ့ မဲစာရင်းများကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၃)
အမေရိကန်အစိုးရအသုံးစရိတ်နဲ့ ချေးငွေပမာဏတိုးမြှင့်ရေး လွှတ်တော်တွင်း ပေးခဲ့တဲ့ မဲစာရင်းများကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၃)

အမေရိကန်အစိုးရ အသုံးစရိတ်ပြတ်တောက်မယ့် အရေးကို ရှောင်ရှားနိုင်မယ့် ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ကြာသပတေးနေ့ညက အတည်ပြုလိုက်တဲ့အတွက် သမ္မတလက်မှတ်ထိုးပြီး ဥပဒေအဖြစ် ပြဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်အတွက် ချေးငွေပမာဏတိုးမယ့် ဥပဒေကြမ်းကို ထောက်ခံမဲ ၆၃ မဲ ကန့်ကွက်မဲ ၃၆ မဲနဲ့ အထက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တာပါ။ ခက်ခက်ခဲခဲကြိုးစားထားရတဲ့ အမေရိကန်စီးပွားရေးတိုးတက်မှုကို ကာကွယ်နိုင်အောင်နဲ့ အမေရိကန်အစိုးရအနေနဲ့ အကြွေးတွေ ပထမဆုံးအကြိမ် ပြန်မဆပ်နိုင်တဲ့အဖြစ် မရောက်အောင် ပါတီ ၂ ရပ်လုံးက အထက်လွှတ်တော်အမတ်တွေ ကာကွယ်နိုင်ခဲ့ပြီလို့ သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကလည်း ပါတီ ၂ ခုပေါင်း အဖြေရှာဖို့ လိုအပ်တယ်ဆိုတာ သက်သေဖြစ်တယ်လို့ ကြာသပတေးနေ့ညက ပြောကြားခဲ့ပါတယ်။

ပါတီ ၂ ရပ်ပေါင်းပြီး အဖြေရှာရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ ပါတီ ၂ ရပ်ပေါင်းညှိနှိုင်းရမယ်ဆိုတာ သဘောပေါက်တဲ့အတိုင်း ကြိုးစားခဲ့လို့ ဥပဒေကြမ်းကို အတည်ပြုလိုက်နိုင်ပါပြီလို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer ပြောကြားခဲ့တာဖြစ်ပါတယ်။ အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ အစိုးရအသုံးစရိတ်အတွက် ငွေဘယ်လောက်ထပ်ချေးနိုင်မလဲဆိုတဲ့ ပမာဏ သတ်မှတ်ချက်ကို လွှတ်တော်က မကန့်သတ်ဘဲ ဆိုင်းထားပေးမှာဖြစ်ပါတယ်။ အခုလို အစိုးရချေးငွေ ပမာဏသတ်မှတ်ချက် ၂ နှစ် ဆိုင်းထားရေးကို အထက်လွှတ်တော် လူနည်းစု ရီပတ်ဘလစ်ကန်ခါင်းဆောင် Mitch McConnell ကလည်း ထောက်ခံခဲ့တာပါ။

ဒီနှစ် အောက်တိုဘာမှာ စတင်မယ့် ၂၀၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေးစရိတ်ကလွဲလို့ ကျန်တဲ့ အသုံးစရိတ်တွေကို မတိုးရဘူးလို့လည်း ဥပဒေကြမ်းမှာ သတ်မှတ်ထားပါတယ်။ အစိုးရအနေနဲ့ ဒေါ်လာ ၃၁.၄ ထရီလီယံ အထိပဲ အသုံးစရိတ်ချေးငွေ ယူနိုင်မယ်လို့ လွှတ်တော်က အရင်က ကန့်သတ်ထားတာပါ။ ချေးယူထားတဲ့အသုံးစရိတ်က ဇန်နဝါရီလထဲက ပြည့်သွားတာမို့ ဇွန်လ ၅ ရက်နေ့ကလို့ အသုံးစရိတ်ပြတ်တောက်ပြီး အစိုးရအကြွေးတွေ ပြန်မဆပ်နိုင်တဲ့ အခြေအနေ ရောက်နိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက သတိပေးထားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG