သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်အနိုင်ကျင့်မှုနဲ့ စွပ်စွဲခံထားရတဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်


(Zawgyi / Unicode)

အမျိုးသမီး ၁၁ ယောက်အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ စွပ်စွဲခံထားရတဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ရာထူးက နုတ်ထွက်ကြောင်း အင်္ဂါနေ့မှာပဲ ကြေညာလိုက်ပါတယ်။

လတ်တလော အခြေအနေမှာ အစိုးရလုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်အောင် ရာထူးက ဖယ်ပေးတာက အကောင်းဆုံး ဖြစ်မယ်လို့ ယူဆတာကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ပြည်နယ်လွှတ်တော်က အယုံအကြည်မရှိအဆို တင်ပြီး ဖယ်ရှားဖို့ ပြင်ဆင်နေချိန်မှာ ကြေညာလိုက်တဲ့ နုတ်ထွက်မယ့် အစီအစဉ်ဟာ ၁၄ ရက်အကြာမှာ တရားဝင် ဖြစ်မယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရာထူးက နုတ်ထွက်ဖို့ ကြေညာလိုက်ပေမဲ့လည်း အမျိုးသမီးတွေအပေါ် တမင်သက်သက် စော်ကားတာမျိုး မရှိကြောင်း အုပ်ချုပ်ရေးမှူးက ငြင်းဆန်ထားပြီး၊ စွပ်စွဲချက်တွေဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့လည်း တုံ့ပြန်ထားပါတယ်။

သူ့နေရာမှာတော့ ဒီမိုကရက်တစ်ပါတီဝင် ကွန်ဂရက် လွှတ်တော် အမတ်ဟောင်းဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဒုတိယအုပ်ချုပ်ရေးမှူး Kathy Hochul အစားထိုး တာဝန်ယူမှာ ဖြစ်တာကြောင့် နယူးယောက်ပြည်နယ်မှာ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာတော့မှာပါ။

အုပ်ချုပ်ရေးမှူး Cuomo ရာထူးက ဆင်းပေးမယ့် ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ နယူးယောက်နယ်သားတွေအတွက် အကောင်းဆုံး ဖြစ်ကြောင်းလည်း အုပ်ချုပ်ရေးမှူးသစ် ဖြစ်လာတော့မယ် Hochul က Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

ပြည်နယ် ရှေ့နေချုပ်ရုံးကတော့ အုပ်ချုပ်ရေးမှူး Cuomo ဟာ ပြည်နယ်အစိုးရရဲ့ လက်ရှိနဲ့ ဝန်ထမ်းဟောင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ကျုးလွန်ခဲ့တာကို သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုမှာ တွေ့ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG