သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေးဟာ စစ်အေးခေတ် ဆိုဗီယက်ယူနီယံထက် ခြိမ်းခြောက်မှု ပိုကြီးထွားနေ (ကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo)


ကန် ဝန်ကြီး Pompeo နှင့် ချက်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် Andrej Babis
ကန် ဝန်ကြီး Pompeo နှင့် ချက်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် Andrej Babis

(Zawgyi/Unicode)

တရုတ်ရဲ့ စီးပွားရေးအင်အားဟာ စစ်အေးကာလ ဆိုဗီယက်ယူနီယံ ထက်ကို ကမ္ဘာကို တချို့သော နည်းလမ်းမျိုးတွေနဲ့ ခြိမ်းခြောက်မှု ပိုကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့မှာ ချက်ပြည်သူ့သမ္မတနိုင်ငံ အထက်လွှတ်တော်မှာ မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

CCP တရုတ်ကွန်မြူနစ်ပါတီရဲ့ အနိုင်ကျင့်မှုနဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာဟာ ဒီကနေ့ ကာလအတွက် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာနေ ကြောင်းနဲ့ CCP ရဲ့ လုပ်ဆောင်မှုတွေကနေ ကျနော်တို့ရဲ့ စီးပွါးရေး၊ နိုင်ငံရေးနဲ့ လူမှုအသိုင်းဝိုင်းဟာ ရုန်းမထွက်နိုင်အောင် ဖြစ်နေပြီး ဒါမျိုးကို ဆိုဗီယက်ယူနီယံ တုန်းက တခါမှ မကြုံခဲ့ရဖူးဘူး လို့လည်း ပြောပါတယ်။

ဒါ့အပြင် TikTok နဲ့ WeChat တို့လို တရုတ်ရဲ့ မီဒီယာ apps တွေ ဟာလည်း အမျိုးသားလုံခြုံရေး အတွက်ရော အချက်အလက် အခိုးယူခံရမှာ အတွက်ပါ အန္တရာယ်ရှိနေတယ်လို့ ဝန်ကြီး Pompeo က သတိပေး ခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်ထဲ အမေရိကန်နိုင်ငံသား တွေရဲ့ အချက်အလက်တွေ မရောက်စေဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ နိုဝင်ဘာသမ္မတရွေးကောက်ပွဲမတိုင်ခင် တရုတ်အစိုးရနဲ့ ပဋိပက္ခဖြစ်အောင် ရန်စနေတယ်လို့ ဗြိတိန်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးရဲ့ ပြီးခဲ့တဲ့လက စွပ်စွဲမှုတွေ နောက်ပိုင်း အခုလို ဝန်ကြီး Pompeo ကပြောကြားခဲ့တာပါ။

တရုတ်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ကိုင်တွယ်ပုံတွေ၊ ဟောင်ကောင်အရေး နှိမ်နင်းမှုတွေနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် ဒေသတွင်း လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် တရုတ် ၂ နိုင်ငံ ဆက်ဆံရေးဟာ ဒီနှစ်အတွင်းမှာ အတော်ကို ဆိုးဝါးခဲ့တာ ဖြစ်ပါတယ်။

ဥရောပ အလယ်ပိုင်းဒေသကို သီတင်းတပတ်ကြာ သွားရောက်နေတဲ့ ဝန်ကြီး Pompeo ဟာ ချက်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် Andrej Babis နဲ့ Prague မှာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ နျူကလီယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့တွေနဲ့အတူ အလယ်ပိုင်းနဲ့အရှေ့ပိုင်း ဥရောပဒေသတွင်း နိုင်ငံတွေကြား အခြေခံအဆောက်အအုံတွေ၊ စွမ်းအင်နဲ့ ဒစ်ဂျစ်တယ် နည်းပညာဆက်သွယ်ရေး စီမံကိန်းတွေနဲ့ ပံပိုးပြီး ဆက်သွယ်ရေးတိုးမြှင့်ဖို့ နိုင်ငံရေးအရ ဆောင်ရွက်မယ့် Three Seas Initiative အစီစဉ်ကိုပါ ဆွေးနွေးခဲ့ကြတာပါ။


...............


(Unicode)








XS
SM
MD
LG