(Zawgyi / Unicode)
တရုတ်နိုင်ငံအပေါ် အမေရိကန်ရဲ့ လက်ရှိမူဝါဒတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ချပြလိုက်ပြီး ဒါဟာ လွတ်လပ်မှုနဲ့ ဖိနှိပ်မှုကြားက ရွေးချယ်မှုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတဟောင်း Richard Nixon လက်ထက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်စတင်ခဲ့အပြီး ၄၈ နှစ်အကြာမှာ အမေရိကန်ရဲ့ လက်ရှိမူဝါဒတွေနဲ့ ပတ်သက်လို့ ဝန်ကြီး Pompeo ရဲ့ပြောဆိုချက်တွေအပေါ် ဗွီအိုအေ သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ Trump အစိုးရရဲ့ တရုတ်နိုင်ငံအပေါ်ထားတဲ့ တင်းမာတဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကယ်လီဖိုးနီးယားပြည်နယ်က သမ္မတဟောင်း Nixon ရဲ့ စာကြည့်တိုက်မှာ ပြောသွားတာပါ။
“တရုတ်နိုင်ငံနဲ့ မျက်ကန်းတောတိုးဆက်ဆံတဲ့ ပါရာဒိုင်းအဟောင်းက အလုပ်မဖြစ်ပါဘူး။ ကျနော်တို့အနေနဲ့ ဆက်မကျင့်သုံးသင့်သလို ပြန်လည်း မသွားသင့်ပါဘူး။ သမ္မတ Trump ကတော့ အမေရိကန်စီးပွားရေးတွေနဲ့ ကျနော်တို့ရဲ့ လူနေမှုပုံစံကို အကာအကွယ်ပေးမယ့် မဟာဗျူဟာတွေ လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာကြီးအနေနဲ့ ဒီလို ဖိနှိပ်တဲ့အစိုးရမျိုးကို အောင်နိုင်ရမှာပါ။”
တရုတ်က နိုင်ငံတွင်းနဲ့ ဟောင်ကောင်မှာ ဖိနှိပ်မှုတွေ ဆက်လုပ်နေချိန်မှာပဲ တရုတ်နဲ့ အရင်လို ထိတွေ့ဆက်ဆံမှုက Hollywood နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ့်ဘာသာကိုယ် ဆင်ဆာလုပ် တည်းဖြတ်ရတာတွေ ဖြစ်လာစေတယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာတဝန်းမှာ လွှမ်းမိုးနိုင်ဖို့ ပိုကြိုးပမ်းလာနေပြီး သူ့နိုင်ငံတွင်းမှာ ပိုပြီးတော့ အာဏာရှင်ဆန်လာသလို ပြည်ပက လွတ်လပ်မှုတွေကိုလည်း ရန်ပြုလာနေတယ်လို့ ပြောပါတယ်။ အမေရိကန် ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးဟာ သူလျှိုလုပ်ထောက်လှမ်းတာတွေနဲ့ နိုင်ငံတကာ ဉာဏမူပိုင်ခွင့် ပစ္စည်းတွေကို ခိုးယူတဲ့နေရာ ဖြစ်လာနေတယ်ဆိုပြီး ၇၂ နာရီအတွင်း ပိတ်ဖို့ ပြောလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဝန်ကြီး Pompeo က အဲဒီလို ဆက်ပြောခဲ့တာပါ။
“ကွန်မြူနစ် တရုတ်နိုင်ငံကို အမှန်တကယ် ပြောင်းလဲဖို့ တခုတည်းသော နည်းလမ်းက တရုတ်ခေါင်းဆောင်တွေ ဘာပြောတယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး မလုပ်ဘဲ သူတို့ ဘယ်လိုပြုမူနေသလဲ၊ လုပ်နေသလဲ ဆိုတဲ့အပေါ်မှာ အခြေခံပြီး လုပ်ဖို့ပါ။ ဒီအပေါ်မှာ အခြေခံပြီး အမေရိကန် မူဝါဒတွေက တုံ့ပြန်နေတယ်ဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ သမ္မတ Reagan ကတော့ သူ့အနေနဲ့ ဆိုဗီယက်ကို ယုံကြည်မှုပေါ် အခြေခံပြီး လုပ်ရပ်တွေကို စစ်ဆေး အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကိုတော့ ကျနော်တို့အနေနဲ့ ယုံလို့မရဘဲ လုပ်ရပ်တွေကို စစ်ဆေး အတည်ပြုရမှာပါ။”
အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ တင်းမာတဲ့ ချဉ်းကပ်မှုတွေ ချမှတ်လာနေတာ အံ့သြစရာမဟုတ်ဘဲ သမ္မတ Bush နဲ့ George W. Bush တို့ လက်ထက်ကတည်းက ရှိလာခဲ့တာဖြစ်တယ်လို့ Rand’s Corporation က တရုတ်အရေး ကျွမ်းကျင်သူ Timothy Heath က ပြောပါတယ်။ ဝန်ကြီး Pompeo ကတော့ တခြားနိုင်ငံတွေ အနေနဲ့လည်း တရုတ်နိုင်ငံကို တာဝန်ခံမှုရှိလာအောင် လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ထင်သလောက် ရိုးရှင်းပြီး မလွယ်ကူနိုင်ဘူးလို့ Timothy Heath က ပြောပါတယ်။
“နိုင်ငံအတော်များများက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးအပေါ်မှာ အတော်လေး မှီခိုနေရပြီး လုံး၀ မှီခိုနေတာ မဟုတ်ရင်တောင် အနည်းဆုံးတော့ အားထားနေရပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများအတွက်တော့ တဖက်ကိုရပ်ပြီး တရုတ်အပေါ် တင်းမာတဲ့ အမေရိကန် မူဝါဒတွေကို ပူးပေါင်းဖို့က မလွယ်ပါဘူး။”
တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့် ခိုးယူတာနဲ့ ဟောင်ကောင်အပေါ် တရုတ်ရဲ့ ချဉ်းကပ်မှုလို ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် တင်းမာတဲ့ မူဝါဒတွေ ချမှတ်တာကို အမေရိကန်က ပါတီကြီး ၂ ရပ်စလုံးက ထောက်ခံကြပြီး ဒီမိုကရက်ပါတီဘက်က သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိတဲ့ Joe Biden ကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး တင်းတင်းမာမာ ပြောထားတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင် လက်ရှိ ရှိနေတဲ့ မူဝါဒတွေကတော့ သိပ်ပြောင်းသွားဖို့ မရှိဘူးလို့ Timothy Heath က ပြောပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအပေါ် အခုလို တင်းမာတဲ့ ချဉ်းကပ်မှုတွေက အရင်အစိုးရတွေတုန်းက ချဉ်းကပ်မှုတွေထက် ပိုပြီး အောင်မြင်မှုရမရ ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
---------------------------------
(Unicode)