သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုလက်ထောက်ဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ


အာရှဒေသ လူသားချင်းစာနာမှုကူညီရေးအစီအစဉ်ကိုကြီးကြပ်တဲ့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright ဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းက လိုအပ်ချက်ရှိနေတဲ့ လူမှုအသိုင်းအဝန်းတွေကို ဘယ်လို အကူအညီတွေပေးနိုင်မလဲဆိုတာ လေ့လာစုံစမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဆက်ပြီး ပြောပြမှာပါ။

အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright နဲ့ အမေရိကန်သံအမတ်ကြီး Scot Marciael တို့နှစ်ဦးဟာ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းမှာ ဒေသခံတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေကိုရော မွတ်ဆလင်တွေကိုပါ တွေ့ဆုံခဲ့ပါတယ်။ အာရှဒေသဆိုင်ရာ လူသားချင်းစာနာကူညီရေးအစီအစဉ်တွေကို ကြီးကြပ်တဲ့ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ဟာ ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောဖို့ ၊ အကူအညီတွေ ဘယ်လို ပေးနိုင်မလဲ လေ့လာဖို့ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးပြောခွင့်ရသူ Aryani Manring က ဗွီအိုအေကို ပြောပါတယ်။

“ ရခိုင်ပြည်နယ်အခြေအနေ တိုးတက်ကောင်းမွန်မှုဟာ မြန်မာနိုင်ငံအနာဂတ်ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ယုံကြည်ထားပါတယ်။ အဲဒီမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ စကားပြောဆိုဆွေးနွေးခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာ သိနိုင်ပါမှာ။”

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့တုန်းကတော့ ANP ရခိုင်အမျိုးသားပါတီနဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ရာမှာတော့ ဘင်္ဂလားဒေ့ရ်ှဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘယ်လိုအကူအညီပေးနိုင်မလဲ ANP တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်အမျိုးသားတွေဖက်ကတော့ ဒီ ဒုက္ခသည်တွေကို မောင်တော တောင်ပိုင်းမှာ နေရာမချဖို့ လိုလားတဲ့အကြောင်းဆွေးနွေးခဲ့တယ်လို့ ANP ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

"အစိုးရက နိုင်ငံတကာရဲ့ ဖိအားကို မလွန်ဆန်နိုင်ဘူးဆိုရင် တနေရာတော့ လက်ခံပေးရမှာပေါ့နော်။ ဒါပေမယ့် မောင်တောတောင်ပိုင်းကိုကျတော့ လက်ခံဖို့မဖြစ်နိုင်ဘူး ဒါတွေဟာ ပြည်သူ့ဆန္ဒအရ လွှတ်တော်ကလည်း ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် မောင်တောတောင်ပိုင်းမှာ လက်ခံဖို့မဖြစ်နိုင်ဘူးဆိုတာတွေအကြောင်း ကျနော်တို့တင်ပြခဲ့တယ်။ သူတို့ဘက်ကတော့ လူသားချင်းစာနာတဲ့သဘောပဲပြောပါတယ်။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဒီလပိုင်းအတွင်း စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနှစ်ဖက်အစိုးရ စီစဉ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ဘေးကင်းလုံခြုံမှုမရှိသေးတာ လိုအပ်ချက်တွေရှိနေတာကြောင့် ပြန်ပို့ဖို့ မဖြစ်သင့်သေးဘူးလို့ ကုလသမဂ္ဂဖက်ကတော့ ထောက်ပြနေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ဒုက္ခသည်ပြန်ရေးမှာ သူတို့ဆန္ဒသဘောအတိုင်းဖြစ်ဖို့ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးဖြစ်ဖို့ လိုလားတယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။

မောင်းတောမြို့နယ် မြို့သူကြီးကျေးရွာကနေ ရှောင်တိမ်းခဲ့ရတဲ့ မွတ်ဆလင်ဒုက္ခသည် ဦးလှထွန်းကတော့ ပြည်တွင်းမှာရှိတဲ့ဒုက္ခသည်တွေကိုတောင်မှ အစိုးရက ပြန်လည်နေရာချထားပေးနိုင်ခြင်းမရှိသေးတာကြောင့်၊ အခု လုပ်မယ့် ပြန်ပို့ရေးအစီအစဉ်အပေါ်မှာ သူက အယုံအကြည်မရှိပါဘူး။

"ကျနော်ကိုယ်တိုင်က ဒုက္ခသည်ဖြစ်နေတာ။ ကျနော့်အိမ်တွေလည်း ပါသွားတယ်။ ကျနော့်အိမ်တွေတင်မဟုတ် တရွာလုံးနီးပါးကို မီးရို့ပစ်တာတွေ အဲဒီမှာ သူတို့က စစ်တပ်ကနေလာပြီးတော့ တပ်တွေချလိုက်တယ်။ ကျနော်တို့ကတော့ အဲဒီရွာမှာ ဘယ်တော့မှ ပြန်သွားလို့ရမှာမဟုတ်ဘူး။ ဟိုဘက်က ဝင်လာတဲ့သူတွေကိုထားပါဦး၊ ဒီမှာလည်း ဒုက္ခသည်တွေအပြည့်ဖြစ်နေတဲ့လူတွေသောင်းချီရှိတယ်။ အဲလိုလူတွေကိုတောင်မှ အစိုးရက ဘာမှ မကူညီဘူး။"

နိုဝင်ဘာက ၃ ရက်နေ့ကတည်းက ရောက်နေတဲ့ လက်ထောက်နိုင်ငံခြားရေး Richard Albright ဟာ ဒီမတိုင်ခင်ကတော့ ကချင်ပြည်နယ်ကိုလည်း သွားခဲ့ပါတယ်။ ဒါ့ပေမယ့် အခု ရခိုင်ခရီးစဉ်ကတော့ မကြာခင်စတင်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေလက်ခံရေးအစီအစဉ်နဲ့များ ပတ်သက်လေမလား ဒေသခံအချို့က ယူဆပါတယ်။ သံရုံးပြောခွင့်ရသူ Aryani Manring ကတော့ ပုံမှန်ခရီးစဉ်ဖြစ်တယ်လို့ဆိုပါတယ်။

“သံအမတ်ကြီး Scot Marciael နဲ့ အာရှဒေသ လူသားချင်းစာနာကူညီမှုအထောက်အကူပေးရေးအစီအစဉ်မှာ တာဝန်ရှိတဲ့ ဒုက္ခသည်နဲ့ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright တို့ နှစ်ဦးဟာ နိုဝင်ဘာ ၇ ရက် ၈ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်ထဲ သွားခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန်သံရုံးရဲ့ ရခိုင်ပြည်နယ်ကိုသွားရောက်လေ့လာတဲ့ ပုံမှန်ခရီးစဉ်တခုပါပဲ။ ဒီတခေါက်မှာတော့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး သွားရောက်လေ့လာတဲ့ အစီအစဉ်ထဲက အစိတ်အပိုင်းခရီးစဉ်တခုလည်းဖြစ်ပါတယ်။ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်မတိုင်ခင် ကချင်ပြည်နယ်ကိုလည်း သွားခဲ့တာပါ။ အခု ခရီးစဉ်တွေပြီးရင်တော့ နေပြည်တော်ကို သွားဖို့ရှိပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်နဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနှစ်ဖက်အစိုးရ သဘောတူပြီးလုပ်နေတယ်ဆိုပေမယ့်၊ ဒီ ပြန်ပို့မယ့်အစီအစဉ်အပေါ် ကုလသမဂ္ဂဖက်ကိုတော့ ညှိုနှိုင်းဆွေးနွေးမှုမရှိဘူးလို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောထားပါတယ်။ ဒီ ပြန်ပို့မယ့်အစီအစဉ်မှာ မြန်မာဖက်က အဆင်သင့်မဖြစ်သေးသလို ဒုက္ခသည်တွေအတွက် အန္တရာယ်ရှိနေဆဲအခြေအနေမှာဖြစ်တာမို့ ဒီ အစီအစဉ်ကို ရုပ်သိမ်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Yanhee Lee က ဘင်္ဂလာဒေ့ရ်ှအစိုးရကို တိုက်တွန်းတောင်းဆိုထားပါတယ်။ နှစ်နိုင်ငံ သဘောတူထားတဲ့ အစီအစဉ်တွေအတိုင်းဆိုရင်တော့ ဒုက္ခသည် နှစ်ထောင်ကျော်ကို အခု နိုဝင်ဘာလ လယ်မှာ စပြီး ပြောင်းရွေ့မှာပါ။ ဒါပေမယ့် ဒီ ဒုက္ခသည်တွေဖက်က ဒီ အစီအစဉ်အပေါ် ကိုယ်တိုင်လိုလိုလားလားရှိရဲ့လားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG