သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထုနဲ့ ဒီမိုကရေစီရေးကို အခိုင်အမာထောက်ခံကြောင်း အမေရိကန် ထပ်လောင်းအာမခံ 


နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet (ဓာတ်ပုံ - AFP)
နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet (ဓာတ်ပုံ - AFP)

မြန်မာလူထုနဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် အလျင်အမြန် ပြန်လည်တည်ဆောက်ရေးတို့အပေါ် အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ကြာသပတေးနေ့မှာ ထပ်လောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ ကြာသပတေးနေ့က အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း မစ္စတာ Derek Chollet က အဲဒီလို ထပ်ပြီး အတည်ပြုပြောခဲ့တာပါ။

လွန်ခဲ့တဲ့တနှစ်နီးပါးက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့အကျပ်အတည်းကို တုံ့ပြန်လုပ်ဆောင်နေတာမှာ NUG ရဲ့ ခေါင်းဆောင်မှုကို အမေရိကန်နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်က အလေးအနက် အသိအမှတ်ပြုတဲ့အကြောင်း ပြောခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ဒုက္ခရောက်ရသူတွေအပေါ် အလေးအနက် စာနာတဲ့အကြောင်း အကြံပေးပုဂ္ဂိုလ်က ပြောခဲ့သလို ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံရေး ဆက်ပြီး တွန်းအားပေးသွားမယ်လို့ ကတိပြု ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် အားလုံး ပိုမိုပါဝင်မှုရှိတဲ့ ဒီမိုကရေစီနည်းကျ အနာဂတ်တခု အောင်မြင်ရရှိစေရေး၊ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းတခုနဲ့ဖြေရှင်းဖို့ အားပေးရေးဆိုင်ရာ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါအရေးအပါအဝင် လူသားစာနာမှုအကူအညီ တိုးချဲ့ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အထူး အလေးထား ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနကပြောပါတယ်။ NUG ဖွဲ့စည်းပြီးကတည်းကဆိုရင် အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet နဲ့ ယာယီသမ္မတ ဒူဝါလရှီးလတို့ တွေ့ဆုံဆွေးနွေးတာ ဒီတကြိမ်က ဒုတိယအကြိမ်ဖြစ်ပြီး ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဆွေးနွေးတာကြောင့် သုံးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

.........................................................................................

တိုက်ရိုက် လင့်ခ်








XS
SM
MD
LG