သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က တပ်ရုပ်သိမ်းအပြီး ကန်နဲ့တာလီဘန် ပထမဆုံးအကြိမ် ဆွေးနွေးမယ်


ကာဘူးလ်မြို့က မော်တော်ဆိုင်ကယ်တစီးမှာ ချိတ်ဆွဲထားတဲ့ တာလီဘန် အလံ။ (စက်တင်ဘာ ၂၈၊ ၂၀၂၁)
ကာဘူးလ်မြို့က မော်တော်ဆိုင်ကယ်တစီးမှာ ချိတ်ဆွဲထားတဲ့ တာလီဘန် အလံ။ (စက်တင်ဘာ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ပြန်ရုပ်သိမ်းပြီးနောက်ပိုင်း အာဖဂန်ကို လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

တာလီဘန် အကြီးတန်း ကိုယ်စားလှယ်တွေနဲ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ စနေနဲ့ တနင်္ဂနွေ နှစ်ရက် တွေ့ဆုံကြမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောထားပါတယ်။ အမေရိကန်ဘက်က ကိုယ်စားလှယ်အဖွဲ့မှာတော့ နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) နဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက အရာရှိတွေ ပါဝင်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမယ့်အကြောင်းကို တာလီဘန် အကြီးတန်းအရာရှိ Suhail Shaheen ကလည်း ဗွီအိုအေကို အတည်ပြုထားပါတယ်။ တာလီဘန် နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နဲ့အတူ ထိပ်တန်းအစိုးရ အရာရှိတချို့ ကာဘူးလ်မြို့တော်ကနေ ဒိုဟာကို သောကြာနေ့ မနက်ပိုင်းက ထွက်ခွာသွားပြီ ဆိုတာကို တာလီဘန်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နိုင်ငံထဲကနေ ထွက်ခွာပြီးနောက်ပိုင်း တာလီဘန်တွေက တိုင်းပြည်အာဏာကို ပြန်လည်ရယူခဲ့ချိန်ကစလို့ နှစ်ဖက် အဆင့်မြင့်အရာရှိတွေ ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံထဲမှာ ကျန်နေသေးတဲ့ အမေရိကန် နိုင်ငံသားတွေရော အမေရိကန်ရဲ့မဟာမိတ် အာဖဂန်တချို့ကိုပါ ဘေးကင်းလုံခြုံစွာနဲ့ နိုင်ငံထဲက ဆက်လက်ထွက်ခွာနိုင်အောင် တာလီဘန်တွေဘက်က အာမခံချက်ပေးဖို့ အခုဆွေးနွေးပွဲအတွင်း အမေရိကန် အဆင်မြင့်အရာရှိတွေက ဖိအားပေးပြောဆိုမှာ ဖြစ်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုဆွေးနွေးပွဲဟာ တာလီဘန်အစိုးရကို အသိအမှတ်ပြုဖို့ဆိုတဲ့ သဘောမျိုးတော့ မဟုတ်တဲ့အကြောင်း အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG