သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို တရားစွဲဆိုရေး ဒီမိုကရက်အမတ်တွေ ဆွေးနွေး


အမေရိကန် အောက်လွှတ်တော်က ဒီမိုကရက်အမတ်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုနိုင်မယ့် လုပ်ထုံးလုပ်နည်း အသစ်တွေကို စတင် ချမှတ်နေပြီဖြစ်ပါတယ်။ ဒီနှစ်အတွက် အမေရိကန် ကွန်ဂရက်မှာ ဥပဒေပြုရေးကိစ္စတွေ ဆွေးနွေးဖို့ ရက်ပေါင်း ၄၀ လောက်ပဲ ကျန်ရှိတဲ့ အချိန်မှာပဲ သမ္မတ ထရမ့်အပေါ် စုံစမ်းစစ်ဆေးမှု ပေါင်းစုံ ပေါ်ပေါက်ခဲ့တာဟာ သမ္မတကို တရားစွဲဆိုဖို့ လုံလောက်တဲ့ အချက်ဖြစ်မလား ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အငြင်းပွားခဲ့ကြပါတယ်။

ကြာသပတေးနေ့က လုပ်ထုံးလုပ်နည်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုအရ အောက်လွှတ်တော် တရားရေးကော်မတီ ဥက္ကဌအနေနဲ့ တစ်ချို့သော အစည်းအဝေးတွေကို သတ်သတ်မှတ်မှတ် ကျင်းပဖို့ ခွင့်ပြုနိုင်ပါတယ်။ အဲဒီ အစည်းအဝေးတွေက သမ္မတကို တရားစွဲဆိုဖို့ တစ်ချို့ သတင်းအချက်အလက်တွေဟာ ပြည့်စုံ လုံလောက်မှု ရှိ မရှိကို စစ်ဆေးဆွေးနွေးနိုင်ပါတယ်။

ကြာသပတေးနေ့ ဆုံးဖြတ်ချက်အရ သက်သေတွေကို အဲဒီ အစည်းအဝေးတွေကို လာရောက်ဖို့ ဆင့်ခေါ်ပြီး ပုံမှန် ကော်မတီ အစည်းအဝေးတွေထက် ပိုကြာတဲ့ ကြားနာပွဲတွေ လုပ်နိုင်ပါတယ်။ သမ္မတ ထရမ့်ရဲ့ ဥပဒေရေးရာ ကိုင်တွယ်တဲ့ အဖွဲ့ကိုလည်း အောက်လွှတ်တော် ကော်မတီက သိချင်တဲ့ သတင်းအချက်အလက်တွေအပေါ် စာနဲ့ ရေးသား တုန့်ပြန်ဖို့ တောင်းဆိုနိုင်ပါတယ်။

တရားရေး ကော်မတီတွေကတော့ သမ္မတ ထရမ့်ရဲ့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ သတင်းအချက်အလက်တွေ မထုတ်ပြန်တဲ့ ကိစ္စ၊ သမ္မတနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အပြာမယ်ကို နှုတ်ပိတ်ခပေးတဲ့ ကိစ္စနဲ့ သမ္မတပိုင်တဲ့ ဟိုတယ်တွေနဲ့ အိမ်ခြံမြေတွေ အသုံးပြုခပေးရာမှာ အမေရိကန် အခွန်ထမ်း ပြည်သူတွေရဲ အခွန်ငွေတွေကို သုံးစွဲတဲ့ ကိစ္စတွေ အပါအဝင် ကိစ္စ တော်တော်များကို စုံစမ်း စစ်ဆေးနေချင်ကြပါတယ်။

ကြာသပတေးနေ့က မဲခွဲခဲ့တဲ့ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ မရေမရာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေတယ်လို့လည်း တစ်ချို့က ဝေဖန်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

...........

Unicode Version

....................






XS
SM
MD
LG