သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဗီယက်နမ် စစ်ရေးဆက်ဆံမှုတိုး


တောင်တရုတ်ပင်လယ်ပြင်မှာ နယ်နမိတ်ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေ ကြီးထွားလာနေတဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ ကို ဦးစားပေး သွားရောက်ခဲ့ပါတယ်။ မကြာသေးခင် နှစ်တွေကစပြီး ဗီယက်နမ်နဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးပမ်းလာနေတဲ့ အမေရိကန်က စစ်ရေးအရပါ ဆက်ဆံရေးတိုးမြှင့်ဖို့ လုပ်လာနေတာနဲ့ ပတ်သက်ပြီး သူ့ပြိုင်ဘက် တရုတ်ကတော့ ဒီအတို်င်း လက်ပိုက်ကြည့်နေမယ် မထင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ Hanoiက VOA သတင်းထောက် William Gallo ရဲ့ သတင်းပေါ်အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်နဲ့ ဗီယက်နမ်နိုင်ငံတို့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အနေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောတစင်း မကြာခင်မှာပဲ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

အာရှဒေသကို သွားရောက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ဟာ ကြာသပတေးနေ့ သူ့ရဲ့ တရားဝင် သွားရောက်တဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ် အဆုံးသတ်ချိန်မှာ အမေရိကန် စစ်သဘောင်္လာရောက်မှုနဲ့ အတူ ဗီယက်နမ်ရဲ့ ဆက်ဆံရေးတိုးမြှင့်မှု အတွက် ဗီယက်နမ် ကွန်မြူနစ်ပါတီအကြီးအကဲ Nguyen Phu Trong ကို ဝန်ကြီး Mattis က ကျေးဇူးတင်စကား ပြောခဲ့ပါတယ်

“မတ်လထဲမှာ ကျွန်တော်တို့ရဲ့ လေယာဉ်တင် သဘောင်္ကြီး Danang ဗီယက်နမ်ကို လာရောက်မှာ ဖြစ်ပြီး မိတ်ဘက်အဖြစ် ဆက်ဆံရေးတိုးမြှင့်မယ့် အတွက် ကျေးဇူးတင်ပါတယ်”

အရင်စစ်ပွဲကာလ အတွင်းက ရန်သူတွေဖြစ်ခဲ့တဲ့ ဗီယက်နမ်နဲ့ အမေရိကန်တို့ကြား အခုလို ဗီယက်နမ်ဆိပ်ကမ်းကို အမေရိကန် ရေတပ်က လေယာဉ်တင်သဘောင်္ ပထမဆုံး အကြိမ်အဖြစ် ဆိုက်ကပ်တော့မှာမို့ ဒါဟာ စစ်ရေးဆက်ဆံမှု တိုးမြင့်လာကို သိသာစေတာပါ။

တချိန်က ရန်ဘက် ၂ နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းမှုတွေ တိုးမြှင့်မယ့် လက္ခဏာအဖြစ်နဲ့ လေယာဉ်တင်သင်္ဘော စေလွှတ်မယ့် အစီအစဉ်ကိုတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာပဲ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကြေညာထားတာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နဲ့အငြင်းပွါးနေတဲ့ ဗီယက်နမ်ဟာ တရုတ်ကိုအံတုပြီး ကိုယ့်ခြေပေါ် ကိုယ်ရပ်ချင်တဲ့ ဆန္ဒရှိကြောင်းပြသလာတဲ့ နောက်မှာ အမေရိကန်က ဗီယက်နမ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရဖို့ ကြိုးစားလာတာပါ။

ဝန်ကြီး Mattis ကတော့

“ခိုင်မာအားကောင်းပြီး သာယာဝပြော၊ လွတ်လပ်တဲ့ ဗီယက်နမ်နိုင်ငံဟာ အမေရိကန်အတွက် အကျိုးများမယ်လို့ ယူဆကြောင်းနဲ့ မိတ်ဆွေအဖြစ် ရှေ့ဆက် လက်တွဲဖို့ ရည်ရွယ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ် စစ်ပွဲကာလတုန်းက အမေရိကန်နဲ့ တိုက်ခိုက်ခဲ့တဲ့ အကြီးမားဆုံး Tet စစ်ဆင်ရေး နှစ် ၅၀ မြောက် အထိမ်းအမှတ် ကျင်းပဖို့ ရက်ပိုင်းကလေးပဲ လိုတဲ့ အချိန်မှာ ဝန်ကြီး Mattis ဗီယက်နမ်ကို တရားဝင်ခရီးသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံရဲ့ တူနဲ့တံဇင် အမှတ်အသားတွေကြားက စစ်ခေါင်းဆောင် ဟိုချီမင်း ကြေးရုပ်တုရှိရာ မျှော်စင်ရှေ့ ဗီယက်နမ် ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှုကိုခံယူရင်း ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ဝန်ကြီး Mattis က ၂ နိုင်ငံကြား မူဝါဒအရ မတူညီတာတွေ ရှိနေပေမယ့် တူညီတာတွေ အများကြီး ရှိတာကို အလေးထား ပြောကြားခဲ့တာပါ။

“စစ်ပွဲကာလက ကျွင်းကျန်ရစ်တဲ့ လက်နက်အစိတ်အပိုင်းတွေကို ဖယ်ရှားရှင်းလင်းဖို့ အခုထိ ကျွန်တော်တို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ အတိတ်ကဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့ လေးစားသလို ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေကိုလည်း သေသေချာချာ လုပ်မှာပါ။ ကျွန်တော်တို့ဟာ အမြင်တူသူတွေ ဖြစ်တာမို့ ၂ ဖက် သဘောတူညီမျှနိုင်တာတွေကို တွေ့လာဖို့ သိပ်မခက်ပါဘူး။”

၂ ဖက် သဘောထားမျှနိုင်တဲ့ ဘုံစံတန်ဖိုးတွေထဲမှာ တောင်တရုတ်ပင်လယ်ပြင်ထဲ တရားဥပဒေစိုးမိုးရေး နဲ့ ရေကြောင်းသွားလာရေး လွတ်လပ်မှု ရှိဖို့တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင် တပြင်လုံးနီးပါးကို သူတို့ ပိုင်ဆိုင်ကြောင်း ကြေညာနေတာမို့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံ အများအပြားနဲ့ အငြင်းပွါးနေတာဖြစ်ပါတယ်။ ဒီအထဲက ဗီယက်နမ် နိုင်ငံကတော့ သူ့မူဝါဒအရ မိတ်ဖက် မထားတာမို့ ဗီယက်နမ်နဲ့ ဆက်ဆံရေး တိုးဖို့ အမေရိကန်က သတိကြီးကြီးထားနေတာ ဖြစ်ပြီး အခုတော့ ဆက်ဆံရေးပိုမို နီးကပ်လာပြီလို့ ဝန်ကြီး Mattis ကပြောပါတယ်။

အမေရိကန်က မကြာသေးခင်ကပဲ ဗီယက်နမ်ကမ်းရိုးတန်းစောင့် တပ်အတွက် သူ့ရဲ့ Hamilton-class ကမ်းရိုးတန်းသွား သင်္ဘောကြီးကို လွှဲပြောင်းပေးခဲ့တာပါ။ ဒီသင်္ဘောဟာ အမေရိကန်ကမ်းစောင့်တပ်က အကြီးဆုံးသင်္ဘောကြီးတစင်းဖြစ်ပြီး ပထမဆုံး အကြိမ်အဖြစ် ဗီယက်နမ်ကို အမေရိကန်ရဲ့ စစ်သင်္ဘောတစင်း လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Barack Obama လက်ထက်က ၂၀၁၆ ထဲမှာ အမေရိကန်က ဗီယက်နမ်အပေါ် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ရောင်းချခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းပေါ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အမေရိကန်နဲ့ ဗီယက်နမ်ကြား လက်နက်ရောင်းဝယ်မှု တန်ဖိုးက ဒေါ်လာ သန်း ၇၀ လောက် ရှိနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

Australia က New South Wales-Canberra တက္ကသိုလ် က ဂုဏ်ထူးဆောင် ပါမောက္ခ Carl Thayer ကတော့ ဗီယက်နမ်ဟာ တရုတ်ကို တွန်းလှန်ဖို့ အင်အားကြီးအောင် လုပ်လာနေပေမယ့် တရုတ်ကတော့ ဒီအတိုင်းကြည့်နေမှာ မဟုတ်ဖူးလို့ ပြောပါတယ်။

“ခုခံတွန်းလှန်ဖို့ တိုးလုပ်လာတဲ့ လုပ်ရပ်အတွက် ဗီယက်နမ် ထိခိုက်အောင် တစုံတခုမလုပ်ပဲ ဘေးရှောင်ထွက်သွားဖို့ တရုတ်က လုပ်နိုင်မှာ မဟုတ်ပါဘူး”

အမေရိကန်ကတော့ အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးချဲ့နေပြီး တရုတ်နဲ့ ရုရှားတို့ရဲ့ သြဇာလွှမ်းမိုးမှုအတွက် ချိန်ခွင်လျှာညှိဖို့ ကာကွယ်ရေးမဟာဗျူဟာ အသစ်ကို သုံးနေတာဖြစ်ပါတယ်။

ကန်-ဗီယက်နမ် စစ်ရေးဆက်ဆံမှုတိုး
please wait

No media source currently available

0:00 0:04:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG