သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ UWSA ဝ တပ်ဖွဲ့ ဘယ်လိုရပ်တည် လာနိုင်သလဲ 


မှတ်တမ်းဓါတ်ပုံ -၂၀၁၉ ဧပြီလ ၁၇ ရက်နေ့က ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။
မှတ်တမ်းဓါတ်ပုံ -၂၀၁၉ ဧပြီလ ၁၇ ရက်နေ့က ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအများစု ထောက်ခံနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုရော ၊ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကိုပါ ဘယ်ဖက်ကိုမှ အသိအမှတ်ပြုတာမျိုး မရှိသလို၊ ကန့်ကွက် ဆန့်ကျင်နေတာမျိုးလည်း မရှိသေး ဘူးလို့ အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ကြီးဖြစ်တဲ့ UWSA ဝ-တပ်ဖွဲ့က VOA ကိုပြောပါတယ်။ CRPH ကသာ အားကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ဖန်တီးလာမယ်ဆိုရင် UWSA တပ်ဖွဲ့ကလည်း ဖက်ဒရယ်တပ်မတော်လို စုဖွဲ့မှုထဲမှာ ပါဝင်လာဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ UWSA ဝ-တပ်ဖွဲ့ကို သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ သူတို့ဘာကြောင့် အာဏာကို ရယူခဲ့ရသလဲဆိုတာကို စစ်ကောင်စီဖက်က လာရှင်းပြပေမယ့် UWSA ဖက်ကတော့ ဘာမှ တုန့်ပြန်ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ UWSA ပြောခွင့်ရ ဦးညီရမ်းက VOA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော် ၊ တပ်ကိုယ်စားလှယ်နဲ့ ကျနော်တို့ UWSA ၀ အဖွဲ့ ပထမဦးဆုံးအကြိမ် တွေ့ကြခြင်းပဲ ဖြစ်တယ်ပေါ့နော်။ ဧပြီ ၇ ရက်နေ့က တွေ့ခဲ့ကြတယ်၊ တွေ့တဲ့နေရာကတော့ နယ်ခြားမှတ်တိုင် ၀ ဂိတ်မှာပေါ့နော်၊ မိုင်းဘတ် ဂိတ်လို့ခေါ်တယ်။ ကျနော်တို့ဘက်ကတော့ ဘာမှတော့ ပြန်လည်ပြီးမှ ဆွေးနွေးတာတော့ ထွေထွေထူးထူးတော့ မရှိပါဘူး ၊ အခုအချိန်အထိ ကျနော်တို့အနေနဲ့ ဘယ်အဖွဲ့ကိုမှ အသိအမှတ်မပြုသေးသလို ၊ ဘယ်အဖွဲ့ကိုမှလည်း ကန့်ကွက်ဆန့်ကျင်တာလည်း မရှိပါဘူး။ လောလောဆည် ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို ကျနော်တို့ သတိထားစောင့်ကြည့်နေဆဲပါပဲ။ ဘာထုတ်ပြန်ချက်မှလည်း မပေးသလို၊ ဘာ သဘောထားမှလည်း ကျနော်တို့ မပေးလိုသေးပါဘူးနော်။”

ဦညီရမ်းပြောသွားသလို UWSA ဝ-တပ်ဖွဲ့က ဘယ်ဖက်မှာ ရပ်တည်မလဲဆိုတာကို ဆုံးဖြတ်ချက် မချနိုင်သေးတာက ဘယ်လို အခြေအနေ ကြောင့်ပါလဲ။ လက်နက်ကိုင် တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး လေ့လာရေးသားသူ ဂျာမနီနိုင်ငံက စိုင်းဝမ်စိုင်းက ခုလို သုံးသပ်ပါတယ်။

“သူတို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ TNLA တအာင်းတို့ ၊ AA တို့ ၊ ကိုးကန့်တို့က လားရှိုးနားမှာရှိတဲ့ ကင်းစခန်းကို ဝင်ပြီးတိုက်တာကိုး။ အခုဝင်ပြီးတိုက်တဲ့ အဖွဲ့ ၃ ဖွဲ့ကလည်း FPNCC ထဲမှာပါတယ်။ ဆိုတော့ FPNCC ကို ဦးစီး ဦးဆောင်လုပ်နေတာက UWSA ဖြစ်တယ်။ ဆိုတော့ UWSA က သွယ်ဝိုက်သော နည်းနဲ့ ပါနေပြီ၊ ဒါပေမယ့် သူတို့က အလုံးနဲ့အရင်းနဲ့ မဝင်သေးတာ သူက အခြေအနေကို ကြည့်နေတယ်ဆိုတဲ့ ပုံစံမျိုး ပေါက်နေတယ်။ နောက်တခုကလည်း CRPH ဖွဲ့စည်းမယ့် National Unity Government(NUG) စွမ်းဆောင်မှုကို သူတို့ အခုအချိန်အထိ အားကောင်းလာမယ်လို့ မယုံကြည်သေးလို့ စောင့်ကြည့်နေတဲ့အပိုင်း။ အဲလို အပိုင်းမျိုးလည်း ဖြစ်နိုင်တယ်။ တကယ်လို့ အားကောင်းလာရင်တော့ သူတို့ ဝင်မှာပါ။ ဆက်စပ်ပြီး တွေးတောလို့ရတာက တရုတ်ကလည်း သွယ်ဝိုက်သောနည်းနဲ့ပဲ ဖြစ်ဖြစ် ၊ တည့်တည့်ပဲ ဖြစ်ဖြစ် ကြိုးကိုင်ထားတဲ့အခါကျတော့ မလုပ်နဲ့လို့ပြောလို့ သူတို့ မလုပ်တာလည်း ဖြစ်နိုင်တယ်။”

UWSA ဝ-ခေါင်းဆောင်တွေနဲ့ သာမန် ဝ-တိုင်းရင်းသားတွေကြားမှာ နိုင်ငံရေးအမြင် ကွာခြားမှုရှိပြီး ၊ တချိန်မှာ ဝ-ပြည်သူတွေလိုလားချက် အတိုင်း UWSA ဝ-ခေါင်းဆောင်တွေက ဖက်ဒရယ်တပ်မတော်လို အစုအဖွဲ့မှာ ပါလာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ်မှာနေတဲ့ ကရင်တော်လှန်ရေးသမားတဦးဖြစ်သူ ဒေါက်တာ မန်းမြင့်ဆိုင်က မြင်ပါတယ်။

“၀ က သူတို့လည်း သူတို့ဆုံးဖြတ်ရ ခက်တယ်ဆိုတာ မှန်တယ်လေ။ သူတို့တာဝန်က ဝပြည်နယ်က ပြည်သူတွေ မထိခိုက်အောင် ကာကွယ်ရမယ့် တာဝန်ပဲ သူတို့တပ်က ။ ဒါပေမယ့် ၀ ပြည်သူတွေ ဘယ်လိုသဘောထားလဲဆိုတာကိုလည်း သူတို့ သုံးသပ်ရမှာပဲ။ ၀ ပြည်သူတွေကိုယ်တိုင်က တော်လှန်ရေးကို စိတ်ဝင်စားနေတာ။ ဒီ စစ်တပ်ကို လုံး၀ မကြိုက်ဘူး၊ ဒါပေမယ့် တနေ့ ပြည်ထောင်စု ပေါ်လာရင် ၊ ဖယ်ဒရယ် ပေါ်လာလို့ရှိရင် သူတို့ကလည်း ပြည်နယ်တခု ဖြစ်ရမှာ ၀ ကလည်း။ အဲဒါကိုတော့ သူတို့ တွေးဖို့ကောင်းတယ်။ ဖယ်ဒရယ် အောက်မှဆိုရင် သီးသန့် ပြောင်ပြောင်မြောက်မြောက် စီးပွားရေးနယ်ကြီးဖြစ်သွားနိုင်တယ်။ အဲဒါတော့ သူတို့ စဉ်းစားပေါ့၊ ဒါကသူတို့ ဆုံးဖြတ်ရမယ့် ကိစ္စလေ ၊ ဒါပေမယ့် ကိုယ်မြင်တာတော့ ကြာကြာနေရင် သူတို့လည်း ပါလာမှာပဲ CRPH ဘက်ကနေ ။ CRPH က ရှင်းရှင်းပြောရရင် အကုန်လုံးကို ဖယ်ဒရယ်ပေးလိုက်မှာ ၊ စစ်တပ်ဆိုလည်း ဖယ်ဒရယ် နောက်ထပ် အာဏာမသိမ်းနိုင်အောင် ။ ဗမာလူမျိုးကြီး ဝါဒဆိုတာလည်း ပျောက်သွားမယ်။ အခုဆိုရင် အကုန်လုံး တသားတည်း ဖြစ်သွားပြီ ၊ အကုန်နားလည်သွားပြီး ဒီစစ်တပ် ဘယ်လောက်တောင် ယုတ်ညံ့သလဲဆိုတာ ၊ ဘယ်လောက်တောင်မှ ဗိုလ်ကျပြီးတော့ အုပ်စိုးသလဲဆိုတာ ။ ဒီစစ်တပ်ရဲ့ အခြေခံ သဘောတရား မကောင်းမှုတွေကို အကုန်လုံးနားလည်သွားပြီ အဲဒီတော့ အကုန်လုံး တော်လှန်ကြမှာပဲ။ အဲဒီအချိန်မှာလည်း ၀ က ပါလာမှာ။”

အကြမ်းဖက်ဖိနှိပ်မှုတွေကနေ ရုန်းထွက်နိုင်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အရေးမှာ လက်နက်ကိုင် အင်အားစုတွေရဲ့ အခန်းကဏ္ဍက ခုချိန်မှာ သိပ်ကို အရေးပါနေတဲ့ အနေအထား ဖြစ်လာတယ်လို့ အမေရိကန် အင်ဒီယားနားပြည်နယ်မှာ နေတဲ့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး အတောင့်တင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် လူထုကလည်း အားကိုးမျှော်ကိုးကြတယ်။ တချိန်တည်းမှာ အာဏာသိမ်းစစ်တပ်ကလည်း သွားပြီးတော့၊ သူတို့အပေါ် ထောက်ခံမှုကို ပျောက်မသွားအောင်လို့ စည်းရုံးကြတယ်။ ဒီအချိန်မျာ UWSA ဟာ ကန့်ကွက်မှုရော ထောက်ခံမှုရော မရှိဘူး သဘောမျိုး တင်ပြတယ်။ ဒီနေ့ကာလမှာ လက်နက်မဲ့ပြည်သူလူထုက တကယ့်စစ်မှန်တဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ နိုင်ငံ့အရေး အားလုံးနဲ့သက်ဆိုင်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ ပါစေချင်တယ်၊ ပါသင့်ကြတယ်လို့ ကျနော်ယူဆပါတယ်။ ဒီ CRPH က အတတ်နိုင်ဆုံးကြိုးစား နေတဲ့ကာလပေါ့နော်။ ဒါကြောင့် ၀ အပါအဝင် ကျန်တဲ့ စစ်တပ်ဘက်မှာ ရပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံးက ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ကြရင် ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စု စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ အင်မတန်မှ အားကောင်းတဲ့ နိုင်ငံရေးထိုက်နှက်ချက်ကြီး ဖြစ်နိုင်တယ်လို့ ကျနေ်ာယူဆပါတယ်ခင်ဗျ။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့က လက်ရှိ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်


..................


(Unicode)











XS
SM
MD
LG