သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှိပ်ကွပ်တဲ့ ဗီယက်နမ် ကုလရှုတ်ချ


ဗီယက်နမ်အစိုးရ ဖမ်းဆီး တရားစွဲခဲ့တဲ့ သတင်းထောက် ၃ ဦး။ (ဇန်နဝါရီ ၅၊ ၂၀၂၁)
ဗီယက်နမ်အစိုးရ ဖမ်းဆီး တရားစွဲခဲ့တဲ့ သတင်းထောက် ၃ ဦး။ (ဇန်နဝါရီ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ဗီယက်နမ်နိုင်ငံဟာ အများပြည်သူနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နိုင်ငံတကာ ပဋိညာဉ်စာချုပ်ကို ချိုးဖောက်ပြီး အာဏာသုံး နှိမ်နင်းနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် မျှတတဲ့ တရားစီရင်ရေး မရှိတဲ့အပေါ် ဝေဖန်ကြတာကိုလည်း ငြင်းပယ်နေတဲ့အကြောင်း Lisa Schlein ဂျနီဗာမြို့က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ဗီယက်နမ်မှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ သတင်းထောက် ၃ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့တာကို ကြည့်ရင် ဗီယက်နမ်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းလာတဲ့ ရှေ့အလားအလာကို ခန့်မှန်းနိုင်ပါတယ်။ သူတို့ကို နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်တဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ထိ ချခဲ့တာပါ။

ဗီယက်နမ်နိုင်ငံမှာ အစိုးရဌာနက မဟုတ်တဲ့ သတင်းသမားတွေ၊ ဘလော့ဂါတွေ၊ အွန်လိုင်းပေါ် ဝေဖန်သုံးသပ်ချက် ရေးသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်ပေါ် အခြေခံပြီး ဥပဒေမဲ့ ဖမ်းဆီးနေတာတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောပါတယ်။

မကြာသေးခင်က ထောင်ဒဏ်ချလိုက်တဲ့ သတင်းထောက် ၃ ဦးစလုံးကို တရားရုံးတင် ကြားနာခြင်းမရှိဘဲ တာရှည် ဖမ်းဆီးထားခဲ့ပါတယ်။ သူတို့အမှုကိုကြည့်ရင် တရားမျှတစွာ စစ်ဆေးစီရင်ခဲ့ခြင်းမျိုး မရှိတဲ့အပေါ် အထူးစိုးရိမ်မိတယ်လို့ Shamdasani က ပြောပါတယ်။

“သူတို့ထဲက အများစုကို အကျဉ်းစခန်းထဲမှာ တိုက်ပိတ်ထားတာပါ။ မိသားစုနဲ့လည်း တွေ့ခွင့်မရကြပါဘူး။ ရှေ့နေတောင် ငှားခွင့်မရပါဘူး။ တဖက်မှာလည်း သူတို့ကို ညှဉ်းပန်းနှိပ်စက်တဲ့ လက္ခဏာမျိုး တွေ့ရသလို ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေဆိုရင်လည်း ဆေးကုသခွင့် ငြင်းပယ်ခံရတဲ့ အခြေအနေမျိုးတွေ ကြားနေရပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသူတွေကို ဗီယက်နမ်အာဏာပိုင်တွေက ခြိမ်းခြောက်တာ၊ လက်စားချေတာမျိုးတွေ လုပ်နေတာကို စိုးရိမ်မိတယ်လို့လည်း သူမက ပြောပါတယ်။ ဗီယက်နမ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်တွေ ကုလသမဂ္ဂ အဖွဲ့အစည်းကို မျှဝေထောက်ပံ့ဖို့ ကြိုးစားသူတွေကိုလည်း အပြင်းအထန် တားမြစ်ထားကြောင်းလည်း Shamdasani က ပြောပါတယ်။

“ခြိမ်းခြောက် လက်စားချေတယ်ဆိုတဲ့ လုပ်ရပ်တွေထဲမှာ အမျိုးမျိုး နှောင့်ယှက်တာမျိုး၊ ခရီးသွားလာခွင့် ပိတ်ပင်တာမျိုး၊ အလုပ်လက်မဲ့ဖြစ်အောင် လုပ်တာမျိုး၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုးနဲ့ အကြောင်းမဲ့ဖမ်းဆီးပြီး ညှဉ်းပန်းတာမျိုးတွေအထိ ပါဝင်တာပါ။ ဒါကြောင့် ကျမတို့ ဒီကိစ္စတွေကို သတိပေးဖို့ သိပ်ကိုအရေးကြီးနေပါပြီ။”

ဒီကိစ္စတွေအတွက် စိုးရိမ်ပူပန်ကြောင်း ဗီယက်နမ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောကြားသွားဖို့ရှိပြီး ပြည်သူတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာကို ရာဇဝတ်မှု ပုဒ်မတွေနဲ့ အရေးယူ အပြစ်ပေးတာတွေ ရပ်တန့်ဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ Shamdasani က ပြောပါတယ်။

ဗီယက်နမ်ပြည်သူတွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးအတွက် လှုပ်ရှားရာမှာ အကြောက်တရားနဲ့ လက်စားချေခံရမယ့် အန္တရာယ်မျိုး မရှိသင့်ဘူးလို့လည်း သူမက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)











XS
SM
MD
LG