စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေကြား ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား ၄၀၀ နီးပါးကို စနေနေ့မနက်ခင်းက နေရပ်ပြန်ပို့ခဲ့တဲ့အကြောင်း ဗီယက်နမ်သတင်းတွေမှာ ဖော်ပြကြပါတယ်။
ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာနေတာကြောင့် အဲ့ဒီဒေသမှာရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေ ဘေးလွတ်ရာထွက်ခွာကြဖို့ ဗီယက်နမ်သံရုံးက သတိပေးချက်ထုတ်ပြန်ခဲ့သလို ဗီယက်နမ် နိုင်ငံခြားရေးဌာနနဲ့ ဒေသတွင်း ဗီယက်နမ် ကိုယ်စားလှယ်ရုံးတွေ၊ ဗီယက်နမ် ကျွမ်းကျင် အေဂျင်စီတွေပါ ပူးပေါင်းပါဝင်ပြီး ပိတ်မိနေသူတွေ နေရပ်ပြန်ပို့နိုင်ရေး စီစဥ်ခဲ့ကြတာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ သောင်တင်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ကယ်ထုတ်တာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်ကနေ ၆ ရက်အတွင်းမှာလည်း ခုလို နေရပ်ပြန်ပို့တဲ့ ဗီယက်နမ်နိုင်ငံသား ရာနဲ့ချီရှိခဲ့ပြီး အခုဆိုရင်တော့ စုစုပေါင်း ၁,၄၀၀ နီးပါး ပြန့်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ပြန်လာနိုင်ဖို့အတွက် ကုန်ကျတဲ့ စရိတ်အားလုံးကို ဗီယက်နမ်အစိုးရက စိုက်ထုတ်ပေးတဲ့အပြင် အလားတူ ပိတ်မိနေတဲ့ နီပေါနိုင်ငံသားတချို့ကို ကယ်ထုတ်ရာမှာလည်း ကူညီပေးခဲ့တယ်လို့ ဗီယက်နမ် သတင်းတွေမှာ စနေနေ့က ဖော်ပြကြပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာအရည်အချင်း ကောင်းကောင်းရှိစရာမလိုဘဲ လွယ်လွယ်ကူကူ လစာ ကောင်းကောင်းရမယ်ဆိုတဲ့ ဖျားယောင်း ပြောဆိုမှုတွေနဲ့ အလုပ် လိမ်လည်ခိုင်းစေတာမခံရအောင် သတိထားကြဖို့လည်း ဗီယက်နမ်အစိုးရက သူ့နိုင်ငံသားတွေကို သတိပေးထားပါတယ်။