သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှကိုထွက်မယ့် ဒုက္ခသည်တွေနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်း


ဘင်္ဂလားဒေ့ရ်ှကိုထွက်မယ့် ဒုက္ခသည်တွေနဲ့ ဗွီအိုအေတွေ့ဆုံမေးမြန်း (ကကပြည် သတင်း)
ဘင်္ဂလားဒေ့ရ်ှကိုထွက်မယ့် ဒုက္ခသည်တွေနဲ့ ဗွီအိုအေတွေ့ဆုံမေးမြန်း (ကကပြည် သတင်း)

ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ မွတ်ဆလင်ဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲတွေကြောင့် တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ခွာနေကြဆဲ ရှိနေပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် မစုမြတ်မွန် ကိုယ်တိုင် မျက်မြင်တွေ့ဆုံပြီး မေမြန်းခွင့်ရခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသကို သတင်းထောက်တွေ သွားရောက်လေ့လာနိုင်ဖို့ မြန်မာကာကွယ်ရေးဦးစီးချုပ်ရုံးက စီစဉ်ပေးခဲ့ရာမှာ၊ သတင်းယူဖို့ သွားရောက်နေတဲ့ မစုမြတ်မွန်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားစဉ် သူက အခုလိုစဖြေပါတယ်။

မစုမြတ်မွန်။ ။ တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကူးဖို့ ပြင်ဆင်နေတဲ့ မွတ်စလင်တွေကို တွေ့ခွင့်ရပါတယ် မေးခွင့်လည်းရပါတယ်။ ဆိုတော့ အဓိကအဲဒီမှာတော့ သူတို့ကတော့ လွန်ခဲ့တဲ့ ၁ လ ၂ လလောက်ကတည်းကနေ အဲဒီမှာ ရှိနေတယ်၊ အဆင်ပြေရင်လည်းဟိုဘက်ကို ကူးသွားကြတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီနေ့တွေ့ခဲ့ရတာကတော့ စုစုပေါင်း လူ ၁ ထောင်ကျော်လောက် ရှိမယ်လို့ ထင်ရပါတယ် လူအင်အားပမာဏ အနေနဲ့ပေ့ါလေ။ သူတို့နဲ့ မေးတဲ့အခါမှာ သူတို့ဘာဖြစ်လို့သွားချင်တာလဲဆိုတော့ အဓိကတော့ ဘာပြောသလဲဆိုတော့ သူတို့ ဒီမှာ နေဖို့ စားဝတ်နေရေးအဆင်မပြေဘူး။ သွားလို့လာလို့လည်းမရဘူး၊ အဓိက စားဝတ်နေရေးအဆင်မပြေတဲ့အတွက် သူတို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဟိုဘက်ကို ချောင်းနဲ့ ကူးမယ်ဆိုရင် တယောက်ကို မြန်မာငွေကျပ် ၅ သောင်းပေးရတယ်။ တချို့ကလည်း အဲဒီ ၅ သောင်းကို မတတ်နိုင်တဲ့အတွက် ဒီမှာ မသွားနိုင်သေးပဲနဲ့ ဆက်ပြီးတော့ ရှိနေတာဖြစ်ပါတယ်။ အဲဒါကတော့ အလယ်သံကျော်ပေါ့နော်။ အဲဒီ အလယ်သံကျော်ကနေပြီးတော့ တပ်မတော်ကနေ စီစဉ်ပေးတဲ့ ကားတွေနဲ့ ဆက်ပြီးတော့ မိူဝင်ချောင်းဝနဲ့ ဂျော်ဒူသာရ ချောင်းတွေကြားမှာ ရှိတဲ့ နေရာတခုကိုလာပါတယ်။ အဲဒီမှာလည်း နတ်မြစ်ဘေးမှာ ရှိတဲ့နေရာတခုပေါ့ အဲဒီမှာ တဖက်ကို ကူးဖို့ ပြင်ဆင်နေတဲ့ မွတ်စလင်တွေကို တွေ့ရပါတယ်ရှင့်။ ဒီ နေရာမှာတော့ လူ ၇၀ လောက်ပဲ ရှိတာတွေ့ရပါတယ်။ အဲဒီမှာ မေးကြည့်တဲ့အခါမှ ဘာဖြစ်လို့သွားချင်တာလဲဆိုတော့ အဓိက စားဝတ်နေရေးအဆင်မပြေတဲ့အတွက် သူတို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကူးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အဓိက ဒီနေ့ ခရီးစဉ်က တပ်မတော်ကနေ စီစဉ်တဲ့ခရီးစဉ်တွေ ဖြစ်ပါတယ်ရှင့်။

မဆုမွန်။ ။တပ်မတော်ဘက်က အဓိက ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကူးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို နိုင်ငံခြားသတင်းထောက်တွေ ခေါ်ပြီးပြရတဲ့ အဓိကရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးမစုမြတ်မွန် တို့ကို ရှင်းပြတာရှိပါသလားရှင့်။

မစုမြတ်မွန်။ ။သူတို့က အဲဒါမျိုးတော့ တိတိကျကျ မရှင်းပြဘူး ကျနော်တို့ကို အဓိက ဦးဆောင်ပြီးတော့ ခေါ်လာတာကတော့ တပ်မတော်သတင်းနဲ့ ပြန်ကြားရေးက ဗိုလ်မှူးချုပ် အေးလွင်ကနေပြီးတော့ ဦးဆောင်ပြီးတော့ ခေါ်လာတာဖြစ်တယ်။ သူကလည်း ခရီးစဉ်ကို စနေနေ့တုန်းက ဖျက်လိုက်ဖို့ လုပ်ပေမယ့် ဒီနေ့ အထက်ကနေပြီးတော့ သွားပါဆိုလို သွားလာရတယ်လို့ ပြောတယ်။ ကျမအထင်ကတော့ ဒါက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson မြန်မာနိုင်ငံကို လာဖို့ ၃ ရက်အလိုမှာ စီစဉ်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးမလာခင်မှာ နိုင်ငံခြားသတင်းထောက်တွေကို ဟိုဘက်ကို ကူးဖို့ ပြင်ဆင်နေတဲ့လူတွေကို ခေါ်ပြီးတော့ ပြတဲ့သဘောလို့ ယူဆလို့လည်း ရနိုင်ပါတယ်။

မဆုမွန်။ ။ အခု မစုမြတ်မွန်ကိုယ်တိုင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို သွားမယ့် ထောင်နဲ့ချီ မွတ်ဆလင်ဒုက္ခသည်တွေကို တွေ့ခဲ့တယ်ဆိုတဲ့ အခါကျတော့ သူတို့ ဟိုဘက်ကို ရောက်သွားတာဆိုရင်လည်း တော်တော်ပမာဏလည်းများများရောက်သွားပြီးဆိုတော့ ဒီလိုမျိုးအခုသွားနေရတဲ့အနေအထားမှာ ကိုယ်တိုင်ကလည်း မြင်တွေ့ခဲ့ရတော့ သူတို့အခြေအနေပေါ်မှာ မစုမြတ်မွန် မြင်မိပါသလဲရှင့်။

မစုမြတ်မွန်။ ။သူတို့အခြေအနေကတော့ တော်တော်လေးတော့ အဆင်မပြေဘူးပေါ့နော်။ နေရေးစားရေးလည်း အဆင်ပြေပုံမရဘူး။ ဒါပေမယ့် တခုရှိတယ်၊ အလည်သံကျော်က လေယာဉ်ကွင်းချောင်းဘေးမှာရှိတဲ့ ဟိုဘက်ကို ကူးဖို့ ပြင်ဆင်တဲ့ မွတ်ဆလင်တွေနဲ့ တွေ့တဲ့အခါမှာ သတိထားမိတာတခုရှိတယ်။ သူတို့ကို လာပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ၊ ကြက်ခြေနီတို့ လာပေးထားသလားတော့မသိဘူး ရေတွေဘာတွေတော့ရှိတယ်။ နောက်အဲဒီမှာ မေးကြည့်တဲ့အခါကျတော့ ဟိုဘက်ကို သွားရဖို့အတွက်ကိုရောက်လာတဲ့ လူတွေ လမ်းခရီး ကနေပဲဖြစ်ဖြစ် ၄ ရက်လာရတယ် လို့ပြောတယ်၊ တချို့က ၂ ရက်လာရတယ် လို့ပြောတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး ခက်ခက်ခဲခဲလာသလဲ ဟိုဘက်ကို သွားရင် ဒီထက်ပိုဆိုးမယ့် အခြေအနေရှိတယ်။ အဲဒါကို ဟိုဘက်မှာသွားရင် ဒီထက်ပိုဆိုးမယ့် အခြေအနေမစိုးရိမ်ဘူးလား ဆိုပြီးမေးကြည့်တယ် ဒါပေမယ့် သူတို့ကတော့ မဟုတ်ဘူး ဟိုဘက်ကိုပဲ သွားမယ် ဒီဘက်မှာနေရင် သူတို့အတွက်က စားဖို့လည်းအဆင်မပြေဘူး သောက်ဖို့လည်း အဆင်မပြေဘူး ပေါ့လေ။ ဟိုဘက်မှာရော လူခံတွေရှိသလား အမျိုးတွေ ရှိသလား ဆိုတော့လည်း မရှိဘူးလို့တော့ ပြောပါတယ်ရှင့်။”

ရခိုင်ပြည်နယ် မောင်တောဒေသကို ရောက်နေတဲ့ မစုမြတ်မွန်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG