သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားရောက် ရိုဟင်ဂျာအိမ်ထောင်စုစာရင်း ပထမအသုတ်ကောက်ယူပြီးစီး


ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် မိသားစု စာရင်း ပထမအသုတ် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ အရ မိသားစု သုံးပုံတပုံဟာ အထူး စောင့်ရှောက်မှုပေးဖို့ လိုအပ်နေတဲ့ အားနည်းချို့တဲ့တဲ့ မိသားစုတွေ ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် မိသားစု စာရင်းကို ပထမအသုတ် ကောက်ယူမှုမှာတော့ မိသားစု ၁ သိန်း ၂ သောင်းကျော် လူပေါင်း ၅ သိန်းကျော်ရဲ့ စာရင်းတွေကို ကောက်ယူပြီးစီးသွားတာ ဖြစ်ပါတယ်။ ဒီ မိသားစုတွေထဲက သုံးပုံတပုံကတော့ ချို့ချို့တဲ့တဲ့ ဒုက္ခသည် စခန်းတွင်းမှာ မဖြစ်စလောက် ထောက်ပံ့မှုနဲ့ မိခင်တယောက်တည်းက မိသားစု တခုလုံးကို စောင့်ရှောက်နေရတဲ့ မိသားစုက ၁၄ ရာခိုင်နှုန်း ရှိနေတာပါ။

မသန်စွမ်း ဖြစ်နေတာ၊ ဒါမှမဟုတ်လည်း ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူတွေလည်း ရှိနေပါတယ်။ အသက်အရွယ် ကြီးရင့််သူတွေ၊ မိဘ အုပ်ထိန်းသူမဲ့နေတဲ့ ကလေးတွေ၊ မိဘနဲ့ကွဲကွာနေတဲ့ ကလေးတွေ တချို့ဆိုရင် မောင်နှမချင်း စောင့်ရှောက်နေရတဲ့ ကလေးတွေလည်း ရှိနေတယ်လို့ UNHCR က ပြောဆိုထားပါတယ်။ အခု ကောက်ယူရရှိထားတဲ့ မိသားစု စာရင်းအရတော့ စုစုပေါင်း လူဦးရေမှာ ကလေးက ၅၄ ရာခိုင်နှုန်း၊ အမျိုးသမီးက ၅၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။

စာရင်းကောက်ယူပြီးစီးခဲ့တဲ့ လူပေါင်း ၅ သိန်းကျော်ထဲမှာ အများစုက သြဂုတ်လ နှောင်းပိုင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနောက်ပိုင်း ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ မောင်တောကနေ ထွက်ပြေးလာသူက ၇၀ ရာခိုင်နှုန်းရှိပြီး ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက်က ထွက်ပြေးလာသူက နည်းပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် မိသားစု စာရင်းကောက်ယူမှုကိုတော့ UNHCR နဲ့ ဘင်္ဂလားဒေရှ့် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ရင်း ပြန်လည်ပို့ဆောင်ရေး ဆိုင်ရာ ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရာနှုန်းပြည့် ပြီးစီးဆောင် ဆက်ပြီး တိုးချဲ့ ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG