သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေရှားသတ္တုအန္တရာယ်


A worker waters the site of a rare earth metals mine at Nancheng county, Jiangxi province January 16, 2011. China's exports of rare earth elements fell 9.3 percent in 2010 despite an acceleration of shipments in December, data showed on Wednesday. Picture taken January 16, 2011.
A worker waters the site of a rare earth metals mine at Nancheng county, Jiangxi province January 16, 2011. China's exports of rare earth elements fell 9.3 percent in 2010 despite an acceleration of shipments in December, data showed on Wednesday. Picture taken January 16, 2011.
မြေရှားသတ္တုအန္တရာယ်
please wait

No media source currently available

0:00 0:05:21 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ခေတ်မီအသုံးအဆောင်ဖြစ်တဲ့ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ လျှပ်စစ်ကားနဲ့ အခြား Electronics ပစ္စည်းကိရိယာ ထုတ်လုပ်မှု တိုးပွားလာတဲ့အတွက် ဒီပစ္စည်းတွေမှာသုံးတဲ့ မြေရှားသတ္တု Rare Earth Metal ဟာ ဝယ်လို့ကောင်းနေပါတယ်။ မြေရှားသတ္တုအများဆုံး တရုတ်က ထုတ်လုပ်ပေမယ့် ပြည်တွင်းသုံးအတွက် မလုံလောက်လို့ နိုင်ငံခြားက တင်သွင်းနေရပါတယ်။ မြေရှားသတ္တု အများဆုံးထုတ်လုပ်ပြီး အများဆုံး ဝယ်ယူနေတာ တရုတ်ပြည်ပါ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းလို့ တရုတ်ပြည်မှာ မြေရှားသတ္တုဈေးနှုန်း (၃၀) ရာခိုင်နှုန်း ထိုးတက်သွားတယ်လို့ မတ်လ (၃) ရက်နေ့ထုတ် Nikkei Asia မှာ ဖော်ပြပါတယ်။

တရုတ်လုပ် ခေတ်မီကုန်ပစ္စည်းတွေမှာ မြန်မာကရတဲ့ မြေရှားသတ္တု အသုံးများတဲ့အတွက် စစ်အာဏာသိမ်းမှုကြောင့် တင်သွင်းမှုကျဆင်းသွားရင် တရုတ်စီးပွားရေး ထိခိုက်နိုင်ပါတယ်။ မြေရှားသတ္တု ထုတ်ယူတဲ့ဒေသမှာ သဘာဝပတ်ဝန်းကျင် အများဆုံးပျက်စီးပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး ကချင်ပြည်နယ် ပန်ဝါနဲ့ ချီဖွေမြို့နယ်မှာ တရုတ်မြေရှားသတ္တု လုပ်ငန်း (၅) ဆ တိုးပွားလာတယ်လို့ ဒေသခံတွေပြောကြောင်း ဧပြီလ (၂၆) ရက်ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ပြည်တောင်ပိုင်းမှာ မြေရှားသတ္တု ဥပဒေမဲ့ ထုတ်ယူတာများလာလို့ ၂၀၁၀ မှာ ပိတ်ပင်တဲ့အတွက် ကချင်ပြည်နယ်အရှေ့မြောက်ကို တရုတ်တွေ ရောက်လာတာ ဖြစ်ပုံရပါတယ်။ မြေရှားသတ္တုလို့ ခေါ်ပေမယ့် ရှားပါးတာတော့ မဟုတ်ပါဘူး။ အမြဲတမ်းရောနှောနေတဲ့ ဒြပ်စင်တွေကို ထုတ်ယူဖို့ ခက်ခဲတဲ့အတွက် ရှားပါးသတ္တု (သို့မဟုတ်) မြေရှားသတ္တုလို့ ခေါ်တာ ဖြစ်ပုံရပါတယ်။ ထုတ်ယူတဲ့နည်း (၂) မျိုး ရှိပါတယ်။ ပထမနည်းက အပေါ်ယံမြေလွှာကို စက်နဲ့ခြစ်ယူပြီး ရေစစ်ကန်ထဲ ထည့်ပါတယ်။ နောက်တော့ အက်စစ်နဲ့ အခြားဓာတုဆေးရည်တွေ ကန်ထဲလောင်းထဲပြီး မြေရှားသတ္တုကို စစ်ယူတဲ့နည်း ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ တောင်ကုန်းတောင်တန်းပေါ်မှာ ကျင်းတွေတူးပြီး၊ အက်ဆစ်နဲ့ ဓါတ်ဆေးရည်ကို ကျင်းထဲလောင်းထည့်ပါတယ်။ ကျင်းထဲမှာ အရည်ဖြစ်သွားတဲ့ မြေကြီးကို ပိုက်နဲ့စုပ်ယူပြီး သိုလှောင်ကန်ကို ပို့ပါတယ်။ သိုလှောင်ထားတဲ့ မြေရှားရည်ကနေ မြေရှားသတ္တုကို ထုတ်ယူရတာ ဖြစ်ပါတယ်။

ဒုတိယနည်းကို ကချင်ပြည်နယ်မှာ သုံးပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ချီဖွေမြို့နယ်က ပန်ဝါနယ်စပ်ဒေသဟာ မြေရှားသတ္တုထွက်တဲ့နေရာ ဖြစ်ပါတယ်။ မြေရှားသတ္တု (၁၇) မျိုးရှိတဲ့အနက် ပန်ဝါမှာရှိတဲ့ (၅) မျိုးကို တရုတ်က ထုတ်ယူပါတယ်။ ကမ္ဘာမှာရှိတဲ့ Terbian နဲ့ Dysprosium ပမာဏရဲ့ (၃၀) ရာခိုင်နှုန်းဟာ ပန်ဝါမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၁၈ စာရင်းမှာ မြေရှားသတ္တု တတိယ အများဆုံးထုတ်လုပ်သူဟာ မြန်မာ ဖြစ်နေပါတယ်။ ဒါပေမဲ့ မြေရှားသတ္တု အများအပြားရှိတဲ့ နိုင်ငံစာရင်းမှာတော့ မြန်မာပြည် မပါပါဘူး။ ပန်ဝါနယ်စပ်ဒေသမှာ ဥပဒေမဲ့ တူးဖော်တဲ့ မြေရှားသတ္တု လုပ်ကွက်တွေ ရာနဲ့ချီ ရှိနေတာကို ပိတ်ပင်ပေးဖို့ လူထုက ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်။

မြေရှားသတ္တု ထုတ်ယူလို့ ပျက်စီးသွားတဲ့ တောင်ကုန်းတောင်တန်းတွေဟာ ဒေသခံတွေအတွက် အသုံးမဝင်တော့ပါ။ သတ္တုရိုင်း ထုတ်ယူတဲ့အဆင့်တိုင်းဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ ပထမဦးစွာ ထုတ်ယူမယ့်နေရာမှာ တောရှင်းရပါတယ်။ နောက်တော့ အချင်း (၆) လက်မလောက်ရှိတဲ့ ကျင်းကို အနက်ပေ (၃၀) ကျော်အထိ တူးရပါတယ်။ နောက်တော့ အဲဒီကျင်းတွေထဲကို အက်ဆစ်နဲ့ အခြားဓါတ်ဆေးရည်တွေ လောင်းထည့်ပါတယ်။ အက်ဆစ်နဲ့ ဓါတ်ဆေးကြောင့် ဓါတ်ပြုပြီးထွက်လာတဲ့ နို့နှစ်ရောင်အရည်တွေကို ပိုက်နဲ့စုပ်ယူပြီး မြေရှားသိုလှောင်ကန်ထဲ ထည့်ထားပါတယ်။ မြေကျင်းတူးပြီး ရေမစိမ့်အောင် မိုးကာဖျင်ခင်းထားတဲ့ သိုလှောင်ကန်တွေပါ။ မြေရှားရည် အနည်းထိုင်သွားတဲ့အခါမှာ အပေါ်ယံရေကြည်ကို ပိုက်နဲ့စုပ်ထုတ်လိုက်ပြီး အနည်တွေကို အခြောက်ခံထားပါတယ်။ ခြောက်သွားတဲ့ အနည်တွေ လေးလံတဲ့ မြေရှားသတ္တုရိုင်း ဖြစ်လာတဲ့အခါ တရုတ်ပြည်ကို သယ်ယူသွားပါတယ်။

ဒါပေမဲ့ မြန်မာပြည်က မြေရှားသတ္တု ထုတ်ယူတဲ့ ပမာဏနည်းပါးလာပုံ ရပါတယ်။ ၂၀၁၈ မှာ တန်ချိန် (၂၆၀၀၀) မြန်မာပြည်က တင်သွင်းပါတယ်။ တရုတ်ပြည် မြေရှားသတ္တုဈေးကွက်နဲ့ (၂၅) ရာခိုင်နှုန်းကို မြန်မာက ဖြည့်ဆည်းပေးသလို ဖြစ်နေပါတယ်။ မြန်မာပြည်က မြေရှားသတ္တုကို မှောင်ခိုလမ်းကြောင်းက တင်သွင်းနေပုံ ရပါတယ်။ ဂျန်ရှီပြည်နယ်တောင်ပိုင်း ဂန့်ကြောင်မြို့က မြေရှားသတ္တုလုပ်ငန်းရဲ့ ၂၀၁၈ ခုနှစ်ဝင်ငွေဟာ ဒေါ်လာသန်း (၄၀၀၀) လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။

ဂျန်ရှီပြည်နယ်တခုလုံးမှာ မြေရှားသတ္တုလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ ရေမြေညစ်ညမ်းမှုကို ပြန်လည်သန့်စစ်အောင်လုပ်ရင် ဒေါ်လာသန်းပေါင်း (၅၅၀၀) လောက် ကုန်ကျမယ်လို့ တရုတ်အစိုးရရဲ့ အတတ်ပညာ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ကချင်ပြည်နယ်မှာတော့ ရေမြေညစ်ညမ်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာကို အရေးယူမယ့်သူ မရှိသလို ဖြစ်နေပါတယ်။ မြေရှားသတ္တုလုပ်ငန်းရဲ့ ဆိုးကျိုးကို ဒေသခံတွေ ရရှိပြီး အကျိုးအမြတ်ကို တရုတ်ကုမ္ပဏီတွေ ရရှိနေတာ ထင်ရှားလှပါတယ်။


==Unicode==








XS
SM
MD
LG