သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ထိုင်း နဲ့ အာဆီယံ


Indonesia's Foreign Minister Retno Marsudi talks with Myanmar's Foreign Minister Wunna Maung Lwin, as Thailand's Foreign Minister Don Pramudwinai listens during their meeting in Bangkok, Thailand, February 24, 2021. Courtesy of Indonesia's Ministry of For
Indonesia's Foreign Minister Retno Marsudi talks with Myanmar's Foreign Minister Wunna Maung Lwin, as Thailand's Foreign Minister Don Pramudwinai listens during their meeting in Bangkok, Thailand, February 24, 2021. Courtesy of Indonesia's Ministry of For
မြန်မာ-ထိုင်း နဲ့ အာဆီယံ
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်

စစ်အာဏာသိမ်းပြီး မကြာမီ တပ်ချုပ်ကြီးမင်းအောင်လှိုင်က စာရေးပြီး အကူအညီတောင်းကြောင်း ထိုင်းဝန်ကြီးချုပ် Prayut Chanocha က ဖေဖေါ်ဝါရီ (၁၀) ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။ ဗိုလ်ချုပ်ကြီး Prayut ဟာ ၂၀၁၄ မှာ စစ်အာဏာသိမ်းပြီး ၂၀၁၉ မှာ ကျင်းပတဲ့ အကြံအဖန် ရွေးကောက်ပွဲမှာ အနိုင်ရလို့ ဝန်ကြီးချုပ် ဖြစ်လာသူပါ။ တပ်ချုပ်မင်းအောင်လှိုင်ရဲ့ ဒီမိုကရေစီလမ်းစဉ်ကို ထောက်ခံတယ်လို့ Prayut က ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နိုင်ငံရေးလုပ်စားတဲ့နေရာမှာ အံတိုနေပြီဖြစ်တဲ့ ထိုင်းဗိုလ်ချုပ်ကို အကူအညီတောင်းတာဟာ ရှေ့ဆောင်လမ်းပြ လုပ်စေချင်တဲ့သဘော ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဏ္ဏမောင်လွင်ရဲ့ ပထမဦးဆုံး ပြင်ပခရီးဟာ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ တပ်ချုပ်ကြီး စာရေးအကူအညီတောင်းပြီး နှစ်ပတ်အတွင်း ဦးဝဏ္ဏမောင်လွင် ဖေဖေါ်ဝါရီ (၂၄) ရက်နေ့မှာ ဘန်ကောက်ကို ရောက်သွားပါတယ်။ ဂါရဝပြုရင်း ထိုင်းအတွေ့အကြုံကို သင်ခန်းစာယူဖို့ သွားရောက်တာ ဖြစ်ပုံရပါတယ်။ ရွေးကောက်ပွဲနိုင်တဲ့ အစိုးရကို ထိုင်းစစ်တပ်က မကြာခဏ ဖြုတ်ချပေမယ့် ဒဏ်ခတ်အရေးယူ မခံရပါဘူး။ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ်ဦးရေ (၁၆၀၀) ကျော်ရှိပြီး ကြီးပွားချမ်းသာ စည်းစိမ်တိုးပွားနေတာဟာ ဗမာစစ်ဗိုလ်တွေ သဘောကျစရာ ဖြစ်နေပုံရပါတယ်။

ထိုင်းစီးပွားရေးသမား စစ်ဗိုလ်ဟာ မြန်မာအစိုးရ ဘာလုပ်လုပ် ဗမာဈေးကွက်မှာ ရိုက်စားလုပ်ရရင် ပြီးရောလို့ သဘောထားကြပုံ ရပါတယ်။ ချာတီချိုင်းအစိုးရ (၁၉၈၈-၉၁) ကစပြီး ဗမာဗိုလ်ချုပ်ရဲ့ အကြိုက်လုပ်ပေးပြီး ရိုက်စားလုပ်တဲ့လမ်းစဉ် တည်ထွင်လိုက်တာပါပဲ။ မကြာခဏ အာဏာသိမ်းတဲ့ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်ဟာ ကိုယ်ကျိုးရှာရာမှာ ကျွမ်းကျင်ကြပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ မှောင်ခိုလုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးကြောင့် ချမ်းသာသွားတဲ့ ထိုင်းစစ်ဗိုလ်ချုပ်တွေ အများကြီးပါ။ နိုင်ငံခြားက စစ်ပစ္စည်းဝယ်ယူတဲ့အခါမှာလည်း ကော်မရှင်ရကြပါတယ်။ ထိုင်းစစ်ဗိုလ်ဟာ မြေယာအများအပြား ပိုင်ဆိုင်ပြီး၊ စီးပွားရေး လုပ်နေကြပါတယ်။ ဗမာစစ်တပ်မှာလည်း မြေယာသိမ်းယူမှုတွေ ရှိပေမယ့် ပိုင်ဆိုင်မှုကို ခန့်မှန်းတာမျိုး မရှိသေးပါဘူး။

ဗမာစစ်ဗိုလ်ကို အကြိုက်ပေးပြီး ကိုယ်ကျိုးရှာတဲ့နေရာမှာ ထိုင်းစစ်ဗိုလ်တွေက ကျွမ်းကျင်ပါတယ်။ ဒီအကျင့်ဟာ အာဆီယံအသင်းမှာ အပြုသဘောဆက်ဆံရေးလမ်းစဉ် ဖြစ်လာပါတယ်။ အမျိုးသားရေးမူဝါဒနဲ့ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်ကို လေးစားတဲ့ ထိုင်းအစိုးရဟာ ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပြီး၊ ကိုယ်ကျိုးစီးပွားအဓိကထားတဲ့ ထိုင်းအစိုးရကသာ ဗမာစစ်အစိုးရနဲ့ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြပါတယ်။ ထိုင်းအစိုးရအဆက်ဆက်ရဲ့ မြန်မာပြည်ဆိုင်ရာလမ်းစဉ်ဟာ စီးပွားရေးအကျိုးအမြတ်အတွက် နိုင်ငံရေးကစားတာသာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနမှာ အနှစ် (၄၀) ကျော် အမှုထမ်းခဲ့တဲ့ Surapong Jayanama က စာတမ်းရေးဖူးပါတယ်။

အာဆီယံအသင်းဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို အာဆီယံအသင်းကပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ယူဆနေကြပါတယ်။ ဗမာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လူသတ်ပွဲနဲ့ ရက်စက်ယုတ်မာမှုတွေကို နေ့စဉ်နေ့တိုင်း မြင်တွေ့နေရတဲ့ အာဆီယံအသင်းဟာ လက်ပိုက်ကြည့်နေလို့မရတော့ပါဘူး။ ဒါကြောင့် ဆန္ဒပြနေသူတွေကို ပစ်သတ်နေတာ ရပ်ဆိုင်းဖို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားအစိုးရတို့က အတိအလင်း တောင်းဆိုလာကြပါတယ်။ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အလမ်း မရှိဘူးလို့ စင်္ကာပူဝန်ကြီးချုပ်က ပြောပေမယ့် မြန်မာပြည်က စစ်အာဏာသိမ်းမှုကို အာဆီယံအသင်းရဲ့ ပြဿနာအဖြစ် မြင်ကြပါတယ်။ အာဆီယံအသင်းဝင်တွေ အားလုံးပါဝင်လှုပ်ရှားမယ်ဆိုရင် ထိရောက်နိုင်ကြောင်း စင်္ကာပူနဲ့ အင်ဒိုနေရှား နိုင်ငံခြားရေးဝန်ကြီးဌာနတွေ မတ်လ (၂၆) ရက်နေ့က ဂျကာတားမှာ ကြေညာပါတယ်။ အာဆီယံထိပ်သီးညီလာခံ ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။

စစ်အာဏာသိမ်းမှုကို ပြည်တွင်းရေးဆိုပြီး ရှောင်နေလို့ မရပါဘူး။ ထိုင်း၊ ကမ္ဘောဒီယားနဲ့ ဗိယက်နမ်က ပြည်တွင်းရေးလို့ သဘောထားပြီး အများဆုံး ရင်းနှီးထားတဲ့ စင်္ကာပူနဲ့ အင်ဒိုနေရှားကတော့ လက်မခံနိုင်ဘဲ ဖြစ်နေပုံရပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို အာဆီယံအသင်းဝင်တွေက အမျိုးမျိုးတုံ့ပြန်ကြပါတယ်။ မတ်လ (၂၇) ရက်နေ့က ကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားကို ထိုင်း၊ ဗိယက်နမ်နဲ့ လာအိုစတဲ့ အာဆီယံသုံးနိုင်ငံရဲ့ ကိုယ်စားလှယ်သာ တက်ရောက်တာကိုကြည့်ရင် အာဆီယံအသင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲပြားနေတာ သိသာထင်ရှားနေပါတယ်။

အနောက်တိုင်းက ဒဏ်ခတ်အရေးယူလို့ ဗမာစစ်ဗိုလ်တွေ လျော့ပေးတဲ့ အစဉ်အလာ မရှိသေးပါဘူး။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာက ဝိုင်းဝန်းဖိအားပေးနေချိန်မှာ တပ်ချုပ်မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ထိုင်းခေါင်းဆောင်ပိုင်းက ကြားဝင်ဆောင်ရွက်နိုင်ရန် မြန်မာ့အရေးကို လမ်းစဖွင့်ပေးနိုင်လိမ့်မယ်လို့ ယူဆကြသူတွေ ရှိပါတယ်။ ဆန္ဒပြသူတွေကို မြန်မာစစ်ကောင်စီက နေ့စဉ်သတ်ဖြတ်နေတာဟာ အာဆီယံအသင်းအတွက် “ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်” ရတဲ့အဖြစ်ကို ရောက်သွားနိုင်တာကိုလည်း သတိထားမိကြပုံ ရပါတယ်။

==Unicode==








XS
SM
MD
LG