သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-စင်္ကာပူ ဆက်ဆံရေး


Photography enthusiasts take photos at the Merlion Park in Singapore as the city state reopens the economy amid the coronavirus disease (COVID-19) outbreak, June 19, 2020. REUTERS/Edgar Su
Photography enthusiasts take photos at the Merlion Park in Singapore as the city state reopens the economy amid the coronavirus disease (COVID-19) outbreak, June 19, 2020. REUTERS/Edgar Su
မြန်မာ-စင်္ကာပူ ဆက်ဆံရေး
please wait

No media source currently available

0:00 0:05:40 0:00
တိုက်ရိုက် လင့်ခ်


မြန်မာပြည်မှာ စစ်အာဏာသိမ်းတာဟာ နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကန့်ကွက်ဆန္ဒပြနေသူတွေအား ပစ်သတ်နေတာကို လက်မခံနိုင်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း က မတ်လ (၂) ရက်နေ့က ပြောပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးကလည်း ပစ်သတ်တာတွေကို ရပ်ဆိုင်းဖို့ ပြောပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ပြောင်းလဲသွားအောင် ပြည်ပကနေ မလုပ်နိုင်ဘူးလို့ လီရှန်လွန်းက ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခါဆစ်ပရော ကတော့ ဗမာအာဏာသိမ်းပွဲဟာ အာဆီယံကို သိက္ခာကျစေတာမို့ ပြောင်းလဲအောင် လုပ်ရမယ်လို့ ဧပြီလ (၄) ရက်နေ့က ပြောပါတယ်။

လီရှန်လွန်းရဲ့ဖခင် ကွယ်လွန်သူ လီကွမ်ယူးဟာ ဗမာဗိုလ်ချုပ်တွေ အသုံးမကျကြောင်း အမြဲတမ်းပြောနေပေမယ့် ၁၉၈၈ အရေးတော်ပုံကာလမှာ မျက်ဖြူဆိုက်နေတဲ့ ဗမာအစိုးရကို ကူညီခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စင်္ကာပူဟာ ဗမာဗိုလ်ချုပ်နဲ့ ခရိုနီတွေ မှီခိုအားထားရာနေရာ ဖြစ်လာပါတယ်။ သူတို့ရဲ့ ဒေါ်လာတွေကို ထိန်းသိမ်းထားတာလည်း စင်္ကာပူပါပဲ။ အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြခွင့်မရတဲ့ စင်္ကာပူနေ မြန်မာတွေကတော့ CDM လှုပ်ရှားမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီကြပါတယ်။ စင်္ကာပူမှာရှိတဲ့ စစ်အုပ်စုနဲ့ ခရိုနီတွေရဲ့ အဆက်အသွယ် ဖော်ထုတ်ပြီး၊ ဝိုင်းကြဉ်အောင်လည်း လုပ်နိုင်ပါတယ်။

နိုင်ငံခြားက ဒဏ်ခတ်အရေးယူပေမယ့် စစ်အုပ်စုဟာ ဒေါ်စုရဲ့ NLD ပါတီကို အာဏာလွှဲပေးမှာ မဟုတ်ဘူးလို့ လီကွမ်ယူး က ယူဆပါတယ်။ ၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းစဉ်ကတည်းက စစ်တပ်ဟာ အစိုးရယန္တရားလို ဖြစ်လာတဲ့အတွက် စစ်တပ်မရှိရင် အမေရိကန်နဲ့ ကုလသမဂ္ဂတပ်ဖွဲ့ကို မြန်မာပြည်ထဲ လွှတ်ရလိမ့်မယ်လို့ လီကွမ်ယူးက မြင်ပါတယ်။ အာဏာခွဲဝေဖို့ စစ်ခေါင်းဆောင်ကို ဖျောင်းဖျပြောဆိုပြီး အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ဖို့ တဖြည်းဖြည်း လုပ်ယူနိုင်တယ်လို့ လီကွမ်ယူး က ဆိုပါတယ်။ ဒီလို မလုပ်နိုင်ရင် မြန်မာပြည်ကို အုပ်ချုပ်လို့ရမှာ မဟုတ်ဘူးလို့ လီကွမ်ယူးက မြင်ပါတယ်။ မြန်မာနဲ့ အပြင်လောက ဆက်သွယ်မှုများလေလေ ဗမာစစ်ဗိုလ်ဟာ အာဆီယံကို အတုခိုးနိုင်လေလေ ဖြစ်လာမယ်လို့ လီကွမ်ယူး က မြင်ပါတယ်။ ဒါပေမဲ့ အာဆီယံအသင်းဝင် ဖြစ်လာပြီး (၂၅) နှစ် ကြာတဲ့အခါမှာ ဗမာစစ်ဗိုလ်က အာဏာသိမ်းပြန်တာမို့ အာဆီယံအသင်းလည်း အကျင့်ဟောင်းကို မပြင်နိုင်တာ ထင်ရှားပါတယ်။

ကမ္ဘာ့အပယ်ခံ ဗမာစစ်ဗိုလ်တွေရဲ့ ထွက်ပေါက်အဖြစ် စင်္ကာပူက အသုံးတော်ခံနေတာ ကြာပါပြီ။ အိမ်ရှေ့မှာ လူကြီးလူကောင်းကို လက်ခံပြီး အိမ်နောက်ဘေးမှာ သူခိုးဓါးပြကို လက်ခံတာဟာ စင်္ကာပူရဲ့ လမ်းစဉ် ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံက မှောင်ခိုစက်လှေတွေရဲ့ ဖောက်သည်ဟာ စင်္ကာပူပါ။ ဗိုလ်နေဝင်း အပယ်ခံဘဝ ရောက်သွားတော့ စင်္ကာပူမှာ ဆေးကုပါတယ်။ ဗိုလ်သန်းရွှေလည်း စင်္ကာပူကတဆင့် လူရာဝင်အောင် ကြိုးပမ်းပါတယ်။ စစ်ခေါင်းဆောင်ဘဝက ရွေးကောက်တင်မြောက်ခံရတဲ့ သမ္မတဘဝကို ဗိုလ်ချုပ်ဆူဟာတို ကူးပြောင်းသွားပုံကို လေ့လာဖို့နဲ့ အင်ဒိုနေရှားကို သွားလည်ဖို့ ၁၉၉၅ မှာ စင်္ကာပူကို လာလည်တဲ့ ဗိုလ်သန်းရွှေကို လီကွမ်ယူးက အကြံပေးဖူးပါတယ်။

ဗိုလ်နေဝင်း ဆေးကုဖို့ ၁၉၉၄ မှာ စင်္ကာပူရောက်လာတော့ လီကွမ်ယူး က သွားတွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ စစ်အစိုးရဟာ အမြဲတမ်း ကသိကအောက် ဖြစ်နေလိမ့်မယ်လို့ လီကွမ်ယူး က သတိပေးပါတယ်။ စီးပွားရေး တိုးတက်အောင် စစ်ဗိုလ်တွေ လုပ်နိုင်တာ မဟုတ်လို့ နိုင်ငံခြား အတွေ့အကြုံရှိပြီး လုပ်နိုင်ကိုင်နိုင်သူတွေကို အကူအညီတောင်းဖို့နဲ့ လက်ရှိ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းဖို့ မရည်ရွယ်ရင် မြန်မာ့စီးပွားရေးမှာ စင်္ကာပူ ပါဝင်လုပ်ကိုင်ခွင့်ပြုဖို့ အကြံပေးပါတယ်။ အရှေ့တောင်အာရှမှာ သူများနည်းတူ ဆက်လက်စခန်းသွားချင်ရင် မြန်မာစစ်အစိုးရဟာ အင်ဒိုနေရှားပုံစံမျိုး လုပ်ရလိမ့်မယ်လို့ လီကွမ်ယူးက ဆိုပါတယ်။ ဒါပေမဲ့ ဗမာစစ်အုပ်စုကို အများဆုံး ကူညီနေတဲ့ စင်္ကာပူအစိုးရကသာ မြန်မာ့ပြဿနာမှာ ကြားဝင်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ မြင်ကြပါတယ်။

ဗမာအစိုးရရဲ့ အခက်အခဲကိုလည်း စင်္ကာပူအစိုးရက သဘောပေါက်ပုံ ရပါတယ်။ သဘာဝဓါတ်ငွေ့ကရတဲ့ ဒေါ်လာတွေ စင်္ကာပူဘဏ် (၂) ခုမှာ အပ်နံှထားတယ်လို့ Earth Rights International က ၂၀၀၉ မှာ ကြေညာဖူးပါတယ်။ စင်္ကာပူအစိုးရပိုင်တဲ့ DBS – Development Bank of Singapore နဲ့ OCBC – Overseas Chinese Banking Corporation မှာ ဓါတ်ငွေ့ဒေါ်လာတွေကို အပ်နံှထားတာပါ။ ရန်ကုန် OCBC ဘဏ်ခွဲမှာတင် ၂၀၂၀ ခုနှစ်က အမေရိကန်ဒေါ်လာသန်း (၆၅၀) ရှိကြောင်း သိရပါတယ်။ DBS ရဲ့ ၂၀၂၀ အမြတ်ငွေက အမေရိကန်ဒေါ်လာ သန်း (၃၅၀၀) ကျော် ဖြစ်ပါတယ်။

အင်ဒိုးနေရှား အာဏာရှင် ဆူဟာတို လက်ထက်မှာ မသမာတဲ့နည်းနဲ့ ရယူထားတဲ့ ဒေါ်လာတွေကို စင်္ကာပူမှာ ရင်းနှီးမြုပ်နံှပြီး စည်စိမ်ခံနေတဲ့ အင်ဒိုနေရှားနိုင်ငံသား သန်းကြွယ်သူဌေး (၂) သောင်းကျော် ရှိပါတယ်။ မိမိနိုင်ငံမှာ အခွန်ရှောင်တဲ့ အနောက်တိုင်းက သူဌေးနဲ့ ပေါင်းလိုက်ရင် စင်္ကာပူမှာ သန်းကြွယ်သူဌေး ငါးသောင်းကျော်မယ်လို့ ခန့်မှန်းကြပါတယ်။ ဗမာစစ်ခေါင်းဆောင်ပိုင်းကို ဆေးဝါးကုသပေးနေတာလည်း စင်္ကာပူပါပဲ။ မြန်မာ့နိုင်ငံရေးမှာ ငိုစားရယ်စား လုပ်နေတဲ့ စင်္ကာပူဟာ သူဌေးစစ်ဗိုလ်တွေရဲ့ ရှေ့ရေးကို အာမခံနိုင်ရင် ကြားဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်း ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


==Unicode===








XS
SM
MD
LG