ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှစ်ခိုးတဲ့အခါမှာ ဗျသနတရား (၅) ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းပါစေဆိုပြီး ဆုတောင်းလေ့ ရှိပါတယ်။ ဗျသနတရားဟာ ပျက်စီးခြင်း (၅) ပါး။ အဆွေအမျိုး ပျက်စီးခြင်း၊ ရောဂါကြောင့်ပျက်စီးခြင်း၊ စီးပွားဥစ္စာပျက်စီးခြင်း၊ အကျင့်သီလပျက်စီးခြင်း နဲ့ အမှန်တရားပျက်စီးခြင်း စတာတွေ ဖြစ်ပါတယ်။ ပျက်စီးခြင်း (၅) ပါးကို စစ်အာဏာရှင်ခေတ်တိုင်းမှာ ကြုံတွေ့ရပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းချိန်ကစပြီး လူဦးရေစာရင်းလုပ်တဲ့ ၂၀၁၄ အထိ လူပေါင်း (၉) သန်းကျော် အသေအပျောက် ရှိနိုင်တယ်လို့ လန်ဒန်အခြေစိုက် သုတေသီ Guy Horton က သူ့စာတမ်းမှာ ခန့်မှန်းထားပါတယ်။
စစ်ဆင်ရေးကြောင့် ဒုက္ခရောက်ပြီး သေဆုံးရသူ (၆) သိန်းကျော် ရှိမယ်လို့ Transnational Institute က ၂၀၀၅ မှာ ခန့်မှန်းပါတယ်။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူကတော့ တသိန်းခွဲနီးပါး ရှိပါတယ်။ ဦးသိန်းစိန်အစိုးရ အသွင်ကူးပြောင်းရေးလုပ်နေတုန်း KIA ကချင်တပ်ဖွဲ့နဲ့ စစ်ပြန်ဖြစ်လို့ တပ်မတော်သား (၅၀၀၀) နဲ့ ကချင်တပ်သား (၁၀၀၀) သေဆုံးတယ်လို့ Jane’s Intelligence စာစောင်က ခန့်မှန်းပါတယ်။ အငြိမ်းစား စစ်ဗိုလ်သမ္မတလုပ်လည်း လက်ရှိစစ်ဗိုလ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် စစ်ခေါင်းဆောင်တွေ ကြီးစိုးတိုင်း မြန်မာပြည်သားတွေဟာ ပျက်စီးခြင်း (၅) ပါး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တိုင်းပြည်စီးပွားရေး နာလန်ထချိန်နဲ့ စစ်အာဏာသိမ်းချိန် တိုက်ဆိုင်တဲ့ အစဉ်အလာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ နှစ်အနည်းငယ်မှာ မြန်မာပြည်ရဲ့ ပို့ကုန်သွင်းကုန် ပမာဏဟာ ထိုင်း၊ ဗိယက်နမ်၊ အင်ဒိုနေရှား၊ အိန္ဒိယနဲ့ တရုတ်တို့ထက် များပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ က ၁၉၉၅ အထိ (၄၅) နှစ်ကာလမှာ မြန်မာပြည်သားတွေရဲ့ ဝင်ငွေဟာ အရှေ့တောင်အာရှမှာ အနည်းဆုံး ဖြစ်နေတာ တွေ့ရတယ်လို့ ပါမောက္ခ ဦးခင်မောင်ကြည်နဲ့ စီးပွားရေးပညာရှင်အဖွဲ့က ဆိုပါတယ်။ ၁၉၅၀ ကစတဲ့ ပြည်တော်သာစီမံကိန်းမှာ လိုအပ်တဲ့ စီးပွားရေးအခြေခံကို တည်ဆောက်နိုင်တဲ့အတွက် စီးပွားရေးတိုးတက်ဖို့ အခြေအနေကောင်းနေတုန်း စစ်အာဏာသိမ်းတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ကစပြီး မြန်မာစီးပွားရေး နာလန်မထူနိုင်တော့တာ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာတဲ့အထိပါပဲ။
ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းရင်းသားလုပ်ငန်းရှင် လူတန်းစား ပေါ်ထွက်လာပါတယ်။ ၁၉၅၀ ဝန်းကျင်က ရန်ကုန်နဲ့ အင်းစိန်တဝိုက်မှာ အသေးစားလုပ်ငန်းသစ်တွေ မှိုလိုပေါက်လာပါတယ်။ အစိုးရက ပုဂ္ဂလိကလုပ်ငန်းကို အားပေးပြီး နိုင်ငံရေးကင်းတဲ့ ဘက်မလိုက်တဲ့ အမှုထမ်းစနစ်ကို တည်ထောင်ပါတယ်။ လူမျိုးပေါင်းစုံ စီးပွားရေးလုပ်တဲ့ လူ့အဖွဲ့အစည်း ထွန်းကားဖို့ အခြေအနေတွေ ရှိလာပါတယ်။ အလုပ်သမားသမဂ္ဂ၊ ဘာသာရေး၊ လူမှုရေးနဲ့ လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေ အများအပြား ပေါ်ပေါက်နေတာမို့ အရပ်သားအဖွဲ့အစည်း ရှင်သန်ပြီး သြဇာရှိလာဖို့ အလားအလာ ရှိပါတယ်။ ဒီလိုအခါမှာ စီးပွားရေးအသိုင်းအဝိုင်းက အာဏာရှိလာပြီး ပြည်တွင်းစစ်ကြောင့် အရေးပါလာတဲ့ စစ်တပ်အခန်းကဏ္ဍဟာ သေးသိမ်သွားနိုင်တာမို့ အာဏာသိမ်းလိုက်တာလို့ သုံးသပ်ကြပါတယ်။
ဆိုရှယ်လစ်လမ်းစဉ်ကို တပြည်လုံးက လက်မခံတဲ့အခါမှာ ဈေးကွက်စီးပွားရေးကို ကျင့်သုံးမယ်လို့ စစ်အစိုးရက ကြေညာပါတယ်။ ဒါပေမဲ့ လွတ်လပ်တဲ့ ဈေးကွက်မဟုတ်ဘဲ နေရာတိုင်းစစ်ဗိုလ်က ချုပ်ကိုင်ထားတဲ့ ဈေးကွက် ဖြစ်နေပါတယ်။ ပြည်တွင်းပြည်ပ ကုမ္ပဏီ (သို့မဟုတ်) အစိုးရတွေနဲ့ တိုးတိုးတိတ်တိတ် ပူးတွဲလုပ်ကိုင်တာဟာ ပိုပြီးအကျိုးရှိတယ်လို့ စစ်အုပ်စုက ယူဆပါတယ်။ နေပြည်တော် တည်ဆောက်ပြီး ကြံ့ဖွံ့အစိုးရ ဖွဲ့စည်းနိုင်တာကို အောင်မြင်မှုအဖြစ် စစ်အုပ်စုက သတ်မှတ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်သား သုံးသန်းလောက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြပါတယ်။ တိုင်းပြည်ဆင်းရဲနွမ်းပါးချိန်မှာ အာဏာရှင်အမိန့််နဲ့ တည်ဆောက်တဲ့ နေပြည်တော်ဟာ တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။ တိုင်းသူပြည်သား အများစုကတော့ ကြာလေဆင်းရဲတွင်းနက်လေ ဖြစ်နေပါတယ်။
စစ်အာဏာသိမ်းတဲ့ဖြစ်စဉ်မှာ အကျင့်သီလနဲ့ အမှန်တရား လုံးဝပျက်စီးသွားပါတယ်။ ဦးနုအစိုးရက ဗိုလ်ချုပ်နေဝင်းကို သမ္မတရာထူး မပေးလို့ စစ်အာဏာသိမ်းရတာလို့ သတင်းစုံတဲ့ လူကြီးတွေပြောလေ့ ရှိပါတယ်။ ဗိုလ်သန်းရွှေကတော့ ပိုပြီးလှည့်ကွက်များပါတယ်။ စစ်ဗိုလ်ဟောင်းကြီးစိုးတဲ့ ကြံ့ဖွံ့ပါတီ အမြဲတမ်း အာဏာရဖို့ စီစဉ်ပါတယ်။ ရွေးကောက်ပွဲ အပြတ်အသတ်ရှုံးတော့ အကြံကုန်ပြီး စစ်အာဏာသိမ်းပါတယ်။ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေဟာ မိမိရာထူးသက်တမ်း ကုန်ဆုံးသွားတဲ့နောက်ပိုင်း အနှစ် (၂၀) ကျော်အထိ အာဏာ လက်ကိုင်ထားနိုင်ခဲ့ကြပါတယ်။
မိမိအလှည့်ရောက်မှ ရာထူးသက်တမ်းကုန်ရင် မျောက်သစ်ကိုင်းလွတ် ဖြစ်ရမှာကို တွေးကြောက်ပြီး တပ်ချုပ်မင်းအောင်လှိုင်က စစ်အာဏာသိမ်းတာလို့ သုံးသပ်ကြပါတယ်။ ပြည်သူကိုယ်စားလှယ်အစိုးရ သြဇာအာဏာရှိလာလေလေ စစ်ခေါင်းဆောင်ပိုင်းရဲ့ အခွင့်ထူးတွေ ဆုံးရှုံးလေလေ ဖြစ်လာမှာကို လက်မခံနိုင်ကြပါဘူး။ ဒါပေမဲ့ ပျက်စီးခြင်း (၅) ပါးကို သယ်ဆောင်လာတဲ့ စစ်ဗိုလ်ကိုယ်စားပြုအစိုးရကို ပြည်သူလူထုက ဘယ်တော့မှ လက်ခံမှာ မဟုတ်တာကတော့ သေချာနေပြီ ဖြစ်ပါတယ်။
==Unicode==