သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ


Kichin KIA
Kichin KIA
လူမျိုးရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ
please wait

No media source currently available

0:00 0:05:43 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်မှာ နိုင်ငံသားဖြစ်ရေး၊ အခြေခံအခွင့်အရေး၊ နိုင်ငံရေးစတဲ့ အရေးကိစ္စတွေမှာ လူမျိုးရေးဟာ အဓိကဖြစ်နေတယ်လို့ Belgium နိုင်ငံ Brussels မြို့တော်အခြေစိုက် ICG – International Crisis Group က ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် သြဂုတ်လ (၂၈) ရက်နေ့ထုတ် Ethnicity & Conflict သုံးသပ်ချက်စာတမ်းမှာ ဖော်ပြထားတာပါ။ လူမျိုးစုံနေထိုင်တဲ့ တိုင်းပြည်မှာ လူမျိုး (၁၃၅) မျိုး ရှိတယ်လို့ ကိုလိုနီခေတ်က စာရင်းလုပ်ထားပါတယ်။ ဒီစာရင်းကို အခုအထိ အသိအမှတ်ပြုထားပေမယ့် သုံးမရနိုင်လောက်အောင် အလွတ်တရာ ရှုပ်ထွေပြီး အဓိပ္ပါယ်ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

လူမျိုးရေးကို အဓိကထားတာဟာ ပြည်သူ့ဘဝကို အဆိပ်အတောက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ လူမျိုးရပ်တည်ရေးအတွက် လက်နက်ကိုင်ကြတာမို့ လက်နက်ကိုင် ပဋိပက္ခနဲ့ လူမျိုးရေး ဆက်စပ်နေတာ ထင်ရှားပါတယ်။ နိုင်ငံသားဖြစ်မှုနဲ့ အခွင့်အရေး ခံစားမှုမှာ လူမျိုးရေးကင်းရှင်းဖို့ လိုပါတယ်။ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြောင့် လူမျိုးခွဲခြားမှု ခိုင်မာသွားတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ ဒီကိစ္စကို တပြည်လုံးမှာ ဆွေးနွေးပြီး ခဲရာခဲဆစ် စဉ်းစားဆင်ခြင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဥရောပအခြေစိုက် ICG အဖွဲ့ရဲ့အမြင်ကို ပြည်တွင်းမှာ ဝေဖန်ရှုတ်ချမှာ သေချာပါတယ်။ ဒါပေမဲ့ မိမိမကြိုက်တာကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာနိုင်ရင် အကျိုးရှိပါတယ်။ ဥရောပ ဒီမိုကရေစီခရီးကြမ်းမှာ စိတ်ဓါတ်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်စပ်ပုံကို တွေ့နိုင်ပါတယ်။ အသိဉာဏ်ကင်းမဲ့မှုနဲ့ ယုံလွယ်မှုကြောင့် ပြည်သူတွေ ဖိနှိပ်ခံနေရတာဆိုတဲ့ (၁၈) ရာစု ဥရောပ ပညာရှင်တစုရဲ့ သုံးသပ်ချက်ဟာ အခုအထိ မှန်နေတုန်းပါပဲ။ အတွေးအခေါ် အသစ်အဆန်းနဲ့ ကြံဆချက်တွေ မပေါ်ထွက်နိုင်လို့ တိုးတက်ပြောင်းလဲမှုမရှိဘဲ ရေသေလို ရပ်တန့်နေတဲ့ အတွေးအခေါ်ကို နိုင်ငံခြားက ဘယ်လိုမြင်သလဲဆိုတာ သိဖို့လိုပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ နစ်နာချက်တွေကို မဖြေရှင်းနိုင်မှုနဲ့ လုံခြံရေးမပေးနိုင်မှုဟာ လက်နက်ကိုင်ဆောင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူမျိုးရေးကို အဓိကမထားတဲ့ နိုင်ငံရေးနဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတယ်လို့ အကြံပေးထားပါတယ်။

၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုး ကွဲပြားမှုကို အသိအမှတ်ပြုပေမယ့် အရွယ်အစားကိုလိုက်ပြီး ကြီးတဲ့ဒေသက သေးတဲ့ဒေသထက် ပိုပြီးအခွင့်အရေးရတဲ့အတွက် တိုင်းရင်းသားအချင်းချင်း ပြိုင်ဆိုင်အောင် ဖန်တီးသလို ဖြစ်နေပါတယ်။ မကျေနပ်တဲ့ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်တဲ့နည်းကို သုံးနေတုန်းပါ။ နိုင်ငံရေးအာဏာ လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာကို မယုံလို့ လက်နက်ကိုင် တိုင်းရင်းသားတွေ ပေါ်ပေါက်လာပါတယ်။ ၂၀၁၁ မှာ ဒီမိုကရေစီ ပြုပြင်ရေးဟာ တိုင်းရင်းသားတွေ ကျေနပ်လောက်စရာ မရှိပါဘူး။ နိုင်ငံသူနိုင်ငံသားအားလုံး အကျုံးဝင်တဲ့ အမျိုးသားပုံရိပ် (အသွင်သဏ္ဍာန်) ကို ပုံဖော်နိုင်စွမ်း မရှိသလောက် ဖြစ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လူမျိုးရေးစိတ်ဓါတ်ကြောင့် ပေါ်ပေါက်လာတဲ့အုပ်စုတွေ ဖြစ်ပါတယ်။

လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေ သက်ဆိုးမရှည်ဖို့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အခွင့်အလမ်း ပွင့်လာပေမယ့် ပြုပြင်ရေးလုပ်တုန်းမှာ လူမျိုးရေးဝါဒ ရှင်သန်ကြီးထွားလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံသားဖြစ်ရေး၊ လူ့အခွင့်အရေးနဲ့ လက်နက်ကိုင်ပဋိပက္ခမှာ လူမျိုးရေးဟာ ပိုပြီးအဓိကကျလာတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တပ်တော် ပေါ်ထွက်လာတာဟာ ရွေးကောက်ပွဲစနစ်ရဲ့ အားနည်းချက်နဲ့ ရခိုင်အမျိုးသားရေး စိတ်ဓါတ်ကို ပြသတာ ဖြစ်တယ်လို့ ICG အဖွဲ့က သုံးသပ်ပါတယ်။ ရခိုင်တပ်တော်နဲ့ အစိုးရတပ်အကြား ပိတ်မိနေသူတွေဟာ ဘယ်သူ့အားကိုးရမှန်းမသိ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ မိမိလုံခြုံရေးအတွက် လက်နက်ကိုင်အုပ်စု ဖွဲ့စည်းတာကို မျက်မှောက်ခေတ်မှာ မကြာခဏ တွေ့နေရပါတယ်။ ဒါကြောင့် လူမျိုးနဲ့ ပတ်သက်တဲ့အမြင်ကို ပြောင်းဖို့လိုတယ်လို့ ICG အဖွဲ့က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း NUG အမျိုးသားညီညွှတ်ရေးအစိုးရ ပေါ်ထွက်လာတာဟာ လူမျိုးရေးပြဿနာကို ကိုင်တွယ်ဖို့ အခွင့်အလမ်း ပွင့်သွားနိုင်ပါတယ်။ ‘အမျိုး၊ ဘာသာ၊ သာသနာ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို အစိုးရအဆက်ဆက်က အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာကြောင့် အနှစ် (၇၀) ကျော် ပြည်တွင်းစစ် ဖြစ်နေတာလို့ NUG က ဆိုပါတယ်။ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ ပြည်ထောင်စုကို တည်ထောင်လိုရင် အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံတဲ့ အမျိုးသားရေးဝါဒကို စွန့်လွတ်ရပါလိမ့်မယ်။ ဒါမှသာ တိုင်းရင်းသားအားလုံး လိုလားနေတဲ့ ‘ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု’ ကို တည်ဆောက်နိုင်လိမ့်မယ်လို့ NUG က ယူဆပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အရင်ကရှိခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ မဟာမိတ်အဖြစ် ပူးတွဲလှုပ်ရှားနေကြတာဟာ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော် ပေါ်ထွန်းမယ့် အလားအလာဖြစ်ကြောင်း ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကထုတ်တဲ့ ဖယ်ဒရယ်စာစောင်မှာ အကျယ်တဝင့် ဆွေးနွေးထားပါတယ်။ စစ်တပ်က လူမျိုးရေးဝါဒကျင့်သုံးလို့ တိုင်းရင်းသားက လူမျိုးရေးဝါဒနဲ့ တုံ့ပြန်နေတာကို ဖယ်ဒရယ်စနစ်က ဖြေရှင်းနိုင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရက ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

== Unicode ==









XS
SM
MD
LG