သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားကာလ အစီအစဉ်များ


NCA-S EAO
NCA-S EAO
ကြားကာလ အစီအစဉ်များ
please wait

No media source currently available

0:00 0:05:08 0:00
တိုက်ရိုက် လင့်ခ်

အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေစဉ်ကာလကို ကြားကာလလို့ အပစ်ရပ်စာချုပ်မှာ ဖော်ပြထားပါတယ်။ ဒီကြားကာလမှာ အပစ်ရပ်နယ်မြေတွေ ဖွံ့ဖြိုးတိုးတက်လာမယ်၊ လုံခြုံလာမယ်ဆိုရင် ငြိမ်းချမ်းရေးဖို့ အလားအလာကောင်းမယ်လို့ ဆိုပါတယ်။ ဒါကြောင့် “ကြားကာလအတွင်း ဆောင်ရွက်ရမယ့် အစီအစဉ်” တွေကို (၂၀၁၅) အောက်တိုဘာလမှာ လက်မှတ်ထိုးတဲ့ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” မှာ ဖော်ပြပါတယ်။ စာချုပ်ရဲ့ အခန်း (၆) တခုလုံးဟာ ကြားကာလအတွင်း နှစ်ဘက်ညှိနှိုင်းပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဖော်ပြထားပါတယ်။

ကြားကာလအစီအစဉ်နဲ့ ပတ်သက်ပြီး Ashley South ပါဝင်တဲ့ သုတေသီရှစ်ဦးအဖွဲ့က လွန်ခဲ့တဲ့နှစ်က စာတမ်းထုတ်ဝေထားပါတယ်။ မွန်ပြည်နယ်၊ ကရင်နဲ့ ရှမ်းပြည်နယ်၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်း၊ နေပြည်တော်စတဲ့ နေရာတွေမှာ သက်ဆိုင်သူ (၅၀၀) နီးပါးကို တွေ့ဆုံမေးမြန်းတဲ့အပေါ် အခြေခံထားတဲ့ စာတမ်း ဖြစ်ပါတယ်။ အနောက်နိုင်ငံ (၁၀) နိုင်ငံနဲ့ ဂျပန်က အလှူရှင်အဖွဲ့အစည်းတွေ တည်ထောင်ထားတဲ့ ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေ၊ Joint Peace Fund ရဲ့ အကူအညီနဲ့ သုတေသန လုပ်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် ဒီမိုကရေစီ (၁၀) နိုင်ငံနဲ့ ဂျပန်က ၂၀၁၆ မှာ ပူးတွဲရန်ပုံငွေ မတည်ပါတယ်။

အပစ်ရပ်ဒေသက ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစီးပွားရေးမှာ ဖွံ့ဖြိုးလာအောင်လုပ်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပြည်တွင်းပြည်ပ အလှူရှင်အဖွဲ့အစည်းတွေရဲ့ အကူအညီရယူရေး၊ ပြည်သူကို အကျိုးသက်ရောက်တဲ့ စီမံကိန်းတွေမှာ ဒေသခံလူထုနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရေး စတာတွေကို အပစ်ရပ်စာချုပ်မှာ သဘောတူထားကြပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ ကြားကာလအစီအစဉ်ကို သက်ဆိုင်သူတွေက အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ဆိုနေကြတာကို တွေ့ရပါတယ်။ ရည်ရွယ်ချက်ပေါ်လိုက်ပြီး ကွဲပြားသွားကြတာ ဖြစ်ပုံရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်လုပ်ငန်းတွေ ကောင်းမွန်လာအောင် ကြားကာလအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သဘောတူကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော် ချုပ်ကိုင်ထားတဲ့နေရာတွေမှာ ကြားကာလအစီအစဉ် အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိပါတယ်။ အစိုးရနဲ့ တပ်မတော် ပြိုင်ဆိုင်မှုရှိပြီး နိုင်ငံရေးနဲ့ စစ်ရေး အာဏာ ရောထွေးနေတဲ့ နေရာတွေမှာတော့ ကြားကာလအစီအစဉ်ကို အကောင်အထည်ဖော်နိုင်တယ်လို့ Ashley South ဦးဆောင်တဲ့ ရှစ်ဦးအဖွဲ့က ဆိုပါတယ်။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးတာဝန်ကို အသိအမှတ်ပြုထားတဲ့ ကြားကာလအစီအစဉ်ကို ထောက်ခံအားပေးဖို့ ရှစ်ဦးအဖွဲ့က တင်ပြထားပါတယ်။

RCSS ရှမ်းအဖွဲ့၊ KNU နဲ့ မွန်ပြည်သစ်ပါတီဟာ သူတို့နယ်မြေတွေမှာ အစိုးရသဖွယ် လုပ်ဆောင်နိုင်ကြပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တိုင်းရင်းသားဘာသာစကား သင်ကြားပေးတဲ့ စာသင်ကျောင်း (၂၀၀၀) ကျော် ရှိပါတယ်။ ကျန်းမာရေး၊ တရားစီရင်ရေးစတဲ့ ဝန်ဆောင်လုပ်ငန်းတွေလည်း လုပ်ပေးပါတယ်။ အပစ်ရပ် NCA လက်မှတ်မထိုးသေးထားတဲ့ ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုင်းရင်းသားတပ်ဖွဲ့တွေဟာ အလားတူ ဝန်ဆောင်မှုတွေ လုပ်ပေးပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့တဲ့ ဒေသခံဒုက္ခသည်တွေကိုလည်း တိုင်းရင်းသားတပ်ဖွဲ့တွေက တတ်နိုင်သလောက် ကြည့်ရှုစောင့်ရှောက်တယ်လို့ ရှစ်ဦးအဖွဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ရှိပြီးသား တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အရပ်သားအဖွဲ့တွေနဲ့ ပူးတွဲဆောင်ရွက်တာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ အစိုးရကို အကြံပေးထားပါတယ်။ ဒါပေမဲ့ ကြားကာလအစီအစဉ်ကို အစိုးရ စိတ်ဝင်စားမှု နည်းနေပါတယ်။

ကြားကာလအစီအစဉ်တွေကို အကောင်အထည်ဖော်တာဟာ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်တွေ့ကျင့်သုံးသလို ဖြစ်နေတာမို့ ဖယ်ဒရယ်စနစ်ကို အောက်ခြေကစပြီး တည်ဆောက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ အကျိုးတူ အရပ်သားအဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်လုပ်ငန်းတွေဟာ ဖယ်ဒရယ်စနစ် တည်ဆောက်ရာမှာ အရေးပါတဲ့ အုတ်မြစ်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ တိုးတက်မှုမရှိရင်လည်း ကြားကာလအစီအစဉ်ကို အကောင်အထည် ဖော်နိုင်ပါတယ်။ ပုံစံတခုတည်းကို နေရာတကာမှာသုံးတဲ့ အစီအစဉ် မဟုတ်ပါဘူး။

တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အသိအမှတ်ပြုတာဟာ ယုံကြည်မှုတည်ဆောက်ရေးကို အားပေးရာ ရောက်ပါတယ်။ အစိုးရနဲ့ တပ်မတော်မှာ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်ကြောင့် ပြသရာလည်း ရောက်ပါတယ်။ ကြားကာလအစီအစဉ်တွေကို အကောင်အထည် ဖော်ရင်ဖော်သလို အပြန်အလှန်ယုံကြည်မှုလည်း ခိုင်မာလာမှာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလွန်အလားအလာကောင်းကြောင်း သုတေသီ (၈) ဦးရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။


==Unicode==








XS
SM
MD
LG