သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဖြစ်မှု နဲ့ နိုင်ငံမဲ့ဖြစ်မှု


တိုက်ရိုက် လင့်ခ်

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ မြန်မာပြည်မှာ နိုင်ငံသား (၃) မျိုး ရှိနေပါတယ်။ ပထမအမျိုးအစားက နိုင်ငံသားဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်သူ ဖြစ်ပါတယ်။ ဒုတိယက နိုင်ငံသားပြုခွင့်ရသူဖြစ်တဲ့အတွက် နိုင်ငံသားပြုမှု စီစစ်ရေးကဒ်ပြား ကိုင်ဆောင်သူ ဖြစ်ပါတယ်။ တတိယအမျိုးအစားက ဧည့်နိုင်ငံသားဖြစ်ပြီး ဧည့်နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်သူ ဖြစ်ပါတယ်။ ဒီကဒ်ပြားအမျိုးအစား တခုခု မကိုင်ဆောင်နိုင်သူကတော့ နိုင်ငံမဲ့ ဖြစ်နေပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်မှာ မွေးဖွားပြီး နေရင်းထိုင်ရင်း နိုင်ငံမဲ့ဘဝကို ရောက်သွားသူတွေလည်း ရှိပါတယ်။

ဒီလိုလူတွေအကြောင်း Justice Base နဲ့ Smile Foundation က အဖွဲ့ဝင်တွေ ကွင်းဆင်းလေ့လာပြီး၊ “မှတ်ပုံတင်မှုနဲ့ နိုင်ငံမဲ့ဖြစ်မှုပြဿနာ” ဆိုတဲ့ စာတမ်းတစောင် မကြာမီက ထုတ်ဝေထားပါတယ်။ ပုသိမ်၊ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်နဲ့ မန္တလေးမှာ စစ်တမ်းကောက်ပြီး ရေးထားတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာလည်း စုံစမ်းမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ဒေသမှာ မိဘမှာရှိတဲ့ စာရွက်စာတမ်းကိုလိုက်ပြီး မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးပေမယ့် စာရွက်စာတမ်းရဖို့ အခက်အခဲနဲ့ ပြဿနာတွေအမျိုးမျိုး ရှိနေတာကြောင့် နိုင်ငံမဲ့ဖြစ်သွားသူတွေ ရှိပါတယ်။

နိုင်ငံမဲ့ဖြစ်နေသူတွေဟာ စာရွက်စာတမ်း မရှိကြတာများတဲ့အတွက် မှတ်ပုံတင်ဖို့ အခက်အခဲရှိသူတွေ ဖြစ်ပါတယ်။ နိုင်ငံသားမဖြစ်ကြောင်း မပြနိုင်တဲ့ လူမျိုးစုတွေဟာ ခွဲခြားဆက်ဆံတာကို ခံရနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ (၁၀) သန်းလောက် ရှိတဲ့အနက် အာရှမှာ အများဆုံးဖြစ်တယ်လို့ - ကုလသမဂ္ဂ ဒုက္ခသည်များရုံးက ခန့်မှန်းထားပါတယ်။ မြန်မာပြည်မှာ ဘယ်လောက်ရှိနိုင်တယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားတဲ့အခါမှာ မွေးလက်မှတ်၊ အိမ်ထောင်စုစာရင်း၊ မိဘဘိုးဘွားရဲ့ နေထိုင်ခွင့် အထောက်အထားစတာတွေ လိုအပ်ပါတယ်။ လျှောက်လွှာစီစစ်ဖို့အတွက် လာဘ်ထိုးရတယ်လို့ ဆိုပါတယ်။ နိုင်ငံသားအဆင့်တခုခုကို ရတော့လည်း (၁၅) နှစ်မှာတကြိမ်၊ အနှစ် (၃၀) မှာတကြိမ်၊ (၄၅) နှစ်မှာတကြိမ် ကဒ်ပြားအသစ် လဲရပြန်ပါတယ်။ ကဒ်ပြားအသစ်ရဖို့ လာဘ်ထိုးရပြန်ပါတယ်။ တချို့ကတော့ အသစ်လဲလိုက်ရင် ရထားတဲ့အဆင့်ထက် နိမ့်ကျသွားမှာ စိုးရိမ်လို့ အသစ်မလဲဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားဖြစ်မှ နိုင်ငံသားဖြစ်နိုင်မယ်ဆိုတဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို နားမလည်ကြတာ များပါတယ်။ နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းရအောင် သက်ဆိုင်ရာအာဏာပိုင်တွေဆီကို လျှောက်လွှာအဆင့်ဆင့်တင်နေရတာဟာ အခြေခံပညာမရှိတဲ့ လူနည်းစုတွေအဖို့ အခက်အခဲ ဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်နည်းလုပ်ထုံးနဲ့ ညွှန်ကြားချက်တွေကို အများပြည်သူ မသိနိုင်တာဟာ အဓိက ပြဿနာ ဖြစ်ပါတယ်။ ကဒ်ပြားသစ်လဲချိန် ရောက်လာရင်၊ မလဲချင်သူက များပါတယ်။ မှတ်ပုံတင်ဌာနကို အယုံအကြည်မရှိတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်မှု စာရွက်စာတမ်းရဖို့ကိစ္စဟာ ငွေပေးနိုင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်တယ်လို့ အများစုက ယုံကြည်ကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းနဲ့ ပြည်သူလူထုအကြား ဆက်သွယ်ပေးနေတဲ့ ကြားပွဲစားတွေကို ငွေပေးနိုင်ရင် ပေးနိုင်သလို လုပ်ရကိုင်ရ အဆင်ပြေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူရဲ့ လူမျိုးနဲ့ဘာသာကိုလိုက်ပြီး ပေးရတဲ့ ငွေကြေးပမာဏဟာ ကွဲပြားသွားပါတယ်။ လျှောက်လွှာရှင်ဟာ မျိုးရိုးနဲ့ပတ်သက်ပြီး မရေမရာဖြစ်နေရင် လူဝင်မှုကြီးကြပ်ရေးအရာရှိကပဲ အဆုံးအဖြတ်ပေးရပါတယ်။ မွတ်စလင်ဘာသာဝင်ဆိုရင် ဘင်္ဂါလီ၊ ပါကစ္စတန် နဲ့ အိန္ဒိယ မျိုးနွယ်ဝင်တွေထဲ ထည့်သွင်းလိုက်ပါတယ်။ ဘာသာရေးလူနည်းစုတွေ နိုင်ငံသားဖြစ်ခွင့် လျှောက်တဲ့အခါမှာ နိုင်ငံသားပေးရမယ့်အစား အမျိုးသားမှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတာမျိုးလည်း ရှိပါတယ်။ တချို့ဆိုရင် ဆယ်နှစ်ကျော်ကြာမှ ကဒ်ပြားရပါတယ်။ ခက်ခဲအောင်လုပ်ပြီး လာဘ်စားကြတဲ့သဘော ဖြစ်နေပါတယ်။

ကွင်းဆင်းလေ့လာတဲ့အရပ်ဒေသက အသက်အစိတ်အောက် လူငယ်တွေထဲမှာ (၄၅) ရာခိုင်နှုန်းဟာ မှတ်ပုံတင် စာရွက်စာတမ်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့်မို့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအကြောင်း အလွယ်တကူ အများပြည်သူသိအောင် လုပ်ပြဖို့ အလွန်လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ရာမှာ အစိုးရတဦးတည်းသာမကဘဲ အရပ်ဖက်အသင်းအဖွဲ့နဲ့ ဥပဒေဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ခေါင်းဆောင်ပြီး ပါဝင်သင့်တယ်လို့ အကြံပေးထားပါတယ်။ အင်္ဂလန်မှာတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို အင်္ဂလိပ်လိုရော အခြားဘာသာစကားတွေနဲ့ ရေးထားပါတယ်။

နိုင်ငံသားဥပဒေမှာ နိုင်ငံသားအမျိုးအစား ခွဲခြားသတ်မှတ်တာကို ဖယ်ရှားပစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ နိုင်ငံသားဖြစ်မှုဟာ မွေးရာပါ အခွင့်အရေးဖြစ်လို့ မွေးဖွားရာဒေသကိုသာ အခြေခံသင့်တယ်လို့လည်း အကြံပေးထားပါတယ်။ ဥပမာ မြန်မာပြည်မှာ မွေးဖွားသူဟာ မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်။ ဒီလိုမလုပ်ရင် မြန်မာပြည်မှာ မွေးဖွားသူဟာ နိုင်ငံမဲ့ ဖြစ်သွားနိုင်ပါတယ်။ နောက်တချက်ကတော့ မှတ်ပုံတင်ကဒ်ပြားပေါ်မှာ မျိုးနွယ်နဲ့ ယုံကြည်မှုကို ဖော်ပြတာမျိုးမလုပ်ဖို့ Justice Base နဲ့ Smile Foundation အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

XS
SM
MD
LG