သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်စကား ငြိမ်းချမ်းရေးလား စိန်ခေါ်မှုလား


ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင်ရဲ့ သတင်းစာရှင်းလင်းပွဲ။
ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင်ရဲ့ သတင်းစာရှင်းလင်းပွဲ။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့အပတ် သတင်းစာရှင်းလင်းပွဲမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အားတက်စရာကောင်းပါသလဲ။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအပေါ် တပ်မတော်ရဲ့သဘောထား အပြောင်းအလဲ တစုံတရာပါရှိသလား ဆိုတာတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ သတင်းစာရှင်းလင်းပွဲက ဘယ်လောက်ထူးခြားလဲ။ ဘယ်လောက် အားတက်စရာကောင်းလဲဆိုတာ ဒေါက်တာရန်မျိုးသိမ်း အကျဉ်းရုံးပြီးတော့ သုံးသပ်ပေးပါလား။

ဦးရန်မျိုးသိမ်း ။ ။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာအချို့နဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ စကားပြောတဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျေနပ်အားရစရာ ရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးတဲ့ သတင်းစကားက ရေရာသေချာမှုအပိုင်းမှာ အားနည်းနေပြီတော့ တကယ်တမ်း လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အကြပ်အတည်းတွေ အများကြီးကို တွေ့ရတဲ့ အလားအလာဘက်ကို ဦးတည်နေတယ်လို့ မြင်ပါတယ်။ ဆိုလိုတဲ့သဘောကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရတဲ့အထိ ညှိနှိုင်းဆွေးနွေးတာထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက အချို့ကို သီးခြားဖယ်ထားပြီးတော့ လက်နက်ထုတ်လုပ်ရေးဘက်ကို ဦးတည်ပြီးတော့၊ ဇောင်းပေးပြောဆိုတဲ့အနေအထားမျိုးကတော့ လက်ရှိ အနေအထားမှာ ဆီလျော်မှုအပိုင်းမှာ အားနည်းတယ်လို့ မြင်ပါတယ်။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ဖို့ ပြင်ဆင်နေတဲ့ကာလမှာ တပ်မတော်ဘက်က မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ ပြင်ဆင်မှုတွေကို ကြိုပြီးတော့ အသိပေးတဲ့သဘော သက်ရောက်နေတဲ့အခါကြတော့လဲ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ ဖော်ဆောင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုတွေ အဟန့်အတားတွေကို ကျော်လာကြတဲ့ အလားအလာများတယ်လို့ သုံးသပ်လို့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ခင်များတို့ အရပ်သားအစိုးရအနေနဲ့ ဘာပဲဆက်လုပ်လုပ် စစ်တပ်ရဲ့ ရပ်တည်ချက်က ဘယ်လို ဖြစ်တယ်ဆိုတဲ့သဘောကို သူတို့ ကြိုတင်သတိပေး ပြလိုက်တဲ့သဘောလို့ ဆရာ သုံးသပ်လိုတယ်ပေါ့။

ဦးရန်မျိုးသိမ်း ။ ။ အဲဒီသဘောမျိုးဘက်ကို ယိမ်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်းရဲ့ သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။

ဦးဖေသန်း ။ ။ သူပြောသွားတဲ့အထဲမှာ ဒီ (၅) နှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ညှိနှိုင်းထားတယ်။ သမ္မတဦးထင်ကျော်ရဲ့ ခေါင်းဆောင်မှုအောက်မှာလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မယ်။ နောက်ပြီးတော့ ထာဝရငြိမ်းချမ်းရေးကို လိုလားတယ်။ အဲဒီလို ရဖို့အတွက် ယုံကြည်တယ်။ အဲဒီနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ သဘောတူတယ်ဆိုတဲ့ အချက်အလက်တွေကတော့ သူ့စိတ်ထဲမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျနော်တို့ သူ့ရဲ့ အပြုသဘောဆောင်မယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ ဒီကိစ္စတွေကလည်း အခုမှ ပြောလာတာ မဟုတ်ပါဘူး။ ဦးသိန်းစိန် လက်ထက်ကတည်းကလဲ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတဲ့ ပုံစံမျိုး အများကြီး ပြောခဲ့တယ်ပေါ့။ ဒီတော့ တကယ်တမ်း လက်တွေ့မှာလဲ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်ကို နာမခံဘဲ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပူးပေါင်းပါဝင်မှု အားနည်းပြီးတော့ တိုက်ပွဲတွေကို ဆက်ပြီးတော့ ဖော်ဆောင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒီလို ပြောဆိုချက်တွေပေါ်မှာ ကျနော်တို့က ကြိုဆိုပါတယ်။ လက်တွေ့လုပ်တဲ့အခါမှာ ဒီလောက်တော့ မလွယ်ဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူက ငြိမ်းချမ်းရေး လိုလားတယ်လို့ ပါးစပ်ကပြောတယ်။ တဖက်မှာတော့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးတွေ တိုးမြှင့်ပြီး လုပ်နေတယ်ဆိုတော့ မီးစတဖက် ရေမှုတ်တဖက် ဆိုတဲ့ မူဝါဒမျိုး ဖြစ်နေတာပေါ့။

ဦးရန်မျိုးသိမ်း ။ ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတင်းမီဒီယာတွေနဲ့ တွေ့တဲ့နေရာမှာ ငြိမ်းချမ်းရေးကို (၅) နှစ်အတွင်း ရအောင် လုပ်ချင်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း အောင်မြင်အောင် လုပ်ချင်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ နောက် သမ္မတဦးထင်ကျော်ရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြောပေမယ့်လို့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေလည်း အရှိန်တက်လာတာကို တွေ့ရတဲ့အခါကြတော့ ပြောမယ်ဆိုရင်တော့ မီးစတဖက် ရေမှုတ်တဖက် ဆိုတဲ့ ပုံစံမျိုးကတော့ တော်တော်လေးကို ထင်ထင်ရှားရှား တွေ့နေရတယ်လို့ ကျနော်က သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း ဘာပြောလိုပါလဲ။ ဒီလို တဖက်က တိုက်နေတယ်။ တဖက်က ငြိမ်းချမ်းရေးစကား ပြောနေတာနဲ့ ပတ်သက်ပြီးတော့။

ဦးဖေသန်း ။ ။ တိုက်ပွဲဆိုတာကလဲ တဖက်တည်းနဲ့လဲ မပြီးပြတ်ပါဘူး။ သူ့ရဲ့ အပြောမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ သူ့စည်းမှာ သူနေရင်တော့ ဘာမှမဖြစ်ဘူး သူတို့ကို လာတိုက်လို့ တိုက်ရပါတယ်ဆိုတဲ့ အကြောင်းပေါ့။ နောက်ပြီးတော့ AA, MMDA တို့ KNLA တို့ကြတော့ ဒီမိုကရေစီအစိုးရသစ်ကို တိုက်နေတဲ့ပုံစံမျိုး။ ဒီမိုကရေစီလမ်းကြောင်းကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ပုံစံမျိုး အမျိုးမျိုး အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ ဒီတော့ ဒီအကြောင်းပြချက်တွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေ။ တကယ်တမ်း တယောက်နဲ့တယောက် နင်ပဲငါဆ ‘မင်း ငါ့တာ မကျော်နဲ့။ ငါ့တာကျော်တော့ ဘာဖြစ်မယ်။ မင်းရဲ့တပ်တွေကို ဒီနေရာက နောက်ဆုတ်ပေး။ ဒီလမ်းကြောင်းရှင်းပေး။’ အဲဒီလိုမျိုး တောင်းဆိုနေရင်တော့ ဒီတိုက်ပွဲတွေက ဘယ်တော့မှ ရပ်ဆဲသွားမှာ မဟုတ်ဘူး။ စစ်ရေးအသာစီး ရလို့မှုနဲ့ တဖက်နဲ့တဖက် ကြိုးစားနေကြရင်တော့ ဒီငြိမ်းချမ်းရေးဆိုတဲ့ လမ်းစဉ်ကိုရောက်ဖို့ တော်တော်ကို အခက်အခဲ ဖြစ်ပါလိမ့်မယ်။ နှစ်ဖက်တပ်တွေ။ အထူးသဖြင့် တပ်မတော်အနေနဲ့ ထိန်းချုပ်ဖို့ ပိုပြီးတော့ လိုလားပါတယ်။ ငြိမ်းချမ်းရေးစကားပြောနေတာထက် လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အင်အားကြီးတဲ့ ပြည်ထောင်စုတခုလုံးကို ကိုယ်စားပြုမယ့် တပ်မတော်ကြီးနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာတော့ အင်အားကြီးတဲ့လူက အင်အားကြီးတဲ့လူက တဖက်ကို စစ်ရေးအားဖြင့် အရေးနိမ့်အောင် လုပ်ပြီးမှ ငြိမ်းချမ်းရေးခေါ်တဲ့ ပုံစံမျိုး။ လက်လိမ်ချိုးပြီးမှ ငြိမ်းချမ်းရေးစကား ပြောခိုင်းတာကတော့ မြန်မာနိုင်ငံမှာ အစဉ်အလာရှိတဲ့ မူဝါဒလို့ ထင်ပါတယ်။ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီအတိုင်း လုပ်နေတယ်ဆိုတာ ဘာများ အသစ်အဆန်းပါလို့လဲ ဆိုတာတော့ မေးစရာဖြစ်မယ် ထင်ပါတယ်။ တခု အရေးကြီးတာက ဘာကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ကြေညာပြီးတော့ ငြိမ်းချမ်းရေး မခေါ်နိုင်ဘူးလို့ ထင်ပါတယ် ဒေါက်တာရန်မျိုးသိမ်း။ ဘာကြောင့် မခေါ်ချင်တာလဲ။

ဦးရန်မျိုးသိမ်း ။ ။ ကျနော့်အမြင်ကတော့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာပြီးတော့မှ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ်ဆိုတဲ့ အခြေခံယူဆချက်အပိုင်းမှာ တပ်မတော်အနေနဲ့ အဲဒီယူဆချက်ကို လက်ခံနိုင်တဲ့ အနေအထား ရှိသေးပုံ မရပါဘူး၊ အဆင်သင့် ဖြစ်သေးပုံ မရဘူးလို့ ကျနော်က ယူဆပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး စိန်ခေါ်မှုကို ဖြေရှင်းဖို့ဆိုရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ တနိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲရေးကို တဖက်သတ် ကြေညာနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ကြေညာပြီးတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်မယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် လိုလားတဲ့ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကိုလည်း ကျနော်တို့ တစ်လနှစ်လ ဆိုတဲ့ အချိန်အတွင်းမှာ အထမြောက်အောင်လုပ်ဖို့ အလားအလာ ပိုပြီးတော့ ကောင်းလာပါမယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကိုယ်က ဘာရမလဲဆိုတာထက် ကိုယ့်ဖက်က ဘာပေးမလဲဆိုတဲ့ အခြေခံဖက်က စဉ်းစားမယ်ဆိုရင် တဖက်သတ် အပစ်ခတ်ရပ်စဲရေးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြေညာမှုနဲ့ စတင်သင့်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေရာမှာ တခုမေးချင်တာက မြန်မာနိုင်ငံမှာ စစ်ပွဲရှိမှ စစ်တပ် အရေးပါမယ်။ စစ်တပ် အရာရောက်မယ်။ စစ်တပ်ဟာ ဒီလို အဓိကနေရာက နေပိုင်ခွင့်ရှိမယ်ဆိုတဲ့ အယူအဆ ရှိနေလို့ ပြည်တွင်းစစ်ကို သူတို့ အချိန်စွဲတိုက်နေတယ်ဆိုတဲ့ သုံးသပ်ချက်တမျိုး ရှိနေပါတယ်။ အဲဒီကိစ္စက မှန်သလား။ မှားသလား ဦးဖေသန်း သဘောထား သိချင်ပါတယ်။

ဦးဖေသန်း ။ ။ အဲဒါကတော့ တပ်မတော်ရဲ့ mindset ထဲက အစိတ်အပိုင်းတခုတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အကုန်လုံးတော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေး မလုပ်ခဲ့ဘူးဆိုတာတော့ မဟုတ်တန်ပါဘူး။ ငြိမ်းချမ်းရေးအကြောင်းကို ဟန်ပြစဉ်းစားခဲ့တာတွေလည်း အများကြီး ရှိတာပေါ့။ တကယ့် စိတ်ရင်းစေတနာနဲ့ အောင်အောင်မြင်မြင် လုပ်ဖို့လို့ ခံယူချက် အပြည့်အဝ ရှိတယ်ဆိုရင် ဒါဟာ တပ်မတော်အနေနဲ့ အကောင်အထည် မဖော်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အဲဒီအပေါ်မှာ အခြေမခံဘဲနဲ့ စစ်အသားစီးရလို့ အပါအဝင်၊ တိုင်းရင်းသားတွေ ကိုယ်ဒေသကို စီမံအုပ်ချုပ်ပိုင်ခွင့် ဖယ်ဒရယ်စနစ်မျိုးကို တချိန်က သူတို့ ဒီ mindset က မရှိခဲ့ဘူး။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာ ပြဿနာတခု ဖြစ်နေတယ်။ အဲဒါ အဓိကအကြောင်းပဲလို့ မြင်တယ်။ ဒီလိုများ ပေးလိုက်ရင် တိုင်းရင်းသားတွေက ပြည်ထောင်စုထဲက ခွဲထွက်သွားမလား။ ဒါမှမဟုတ် အများကြီးပဲ ကိုယ်ဖက်က ပဲ့ပါသွားမလား။ အဲဒီလို အခြေခံပေါ်မှာ မူတည်ပြီးတော့ သူတို့ဟာ ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့တာလို့ ကျနော် သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီမေးခွန်းကိုပဲ ဒေါက်တာရန်မျိုးသိမ်းကို မေးချင်ပါတယ်။ စစ်တပ်ဟာ တပ်မတော်ဟာ သူတို့အခန်းကဏ္ဍ သိပ်အရေးပါ၊ အရာရောက်ဖို့အတွက် လိုအပ်တဲ့အတွက်ကြောင့်မို့ ရောက်စေချင်တဲ့အတွက်ကြောင့်မို့ ပြည်တွင်းစစ်ကို သူတို့ အချိန်ဆွဲထားတယ်ဆိုတဲ့ကိစ္စ။ ဦးဖေသန်းကတော့ ပြည်တွင်းစစ်ကို အချိန်ဆွဲထားတာ ဖယ်ဒရယ်ပြည်ထောင်စုကို လက်မခံနိုင်လို့ ပိုဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ တကယ်တော့ ဖယ်ဒရယ်ပြည်ထောင်စုကိုပဲ စဉ်းစားကြည့်မယ်ဆိုရင် မြန်မာအရပ်သားနိုင်ငံရေးလောက က လူတွေအတော်များများက လက်ခံလာကြပါတယ်။ အထူးသဖြင့် ၈၈ နောက်ပိုင်းမှာ ကျောင်းသားလူငယ်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ လက်နက်ကိုင်သူတွေ ဘယ်သူမဆို မေးလိုက် သူတို့ ကောင်းကောင်းသဘောပေါက် ဖြစ်သင့်တယ်လို့ လုပ်တယ်။ ဒါပေမဲ့ တပ်မတော်က ဒါကိုတော့ လက်မခံနိုင်သေးဘူးလို့ ဦးဖေသန်းရဲ့ သဘောအရ ဖြစ်နေတယ်ဆိုရင်တော့ ဒေါက်တာရန်မျိုးသိမ်း ဘယ်လို သုံးသပ်လိုပါလဲ။ သူတို့အခန်းကဏ္ဍအတွက် ဒီဟာကို တမင်အချိန်ဆွဲထားသလား။ တကယ်ပဲ သူတို့ ဖယ်ဒရယ်ကို သဘောမပေါက်နိုင်လို့လား။

ဦးရန်မျိုးသိမ်း ။ ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ သြဇာလွှမ်းမိုးမှုကို စနစ်တကျ တည်ဆောက်လာတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ လက်ရှိ အခြေအနေအထိလဲ တပ်မတော်ဟာ အစိုးရနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ်မှာ သြဇာသက်ရောက်ဖို့ ဆက်ပြီးတော့ ကြိုးစားနေတယ်ဆိုတာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အထင်အရှား တွေ့ရှိပြီဖြစ်ပါတယ်။ နောက်တချက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးရမှ တပ်မတော်က နိုင်ငံရေးက ထွက်ခွါမယ်ဆိုတဲ့ သဘောမျိုး ပြောတဲ့စကားဟာလဲ လက်တွေ့မကျဘူး။ ပိုပြီးတော့ ခက်ခဲပြီးတော့ ပိုပြီးတော့ ကြပ်တည်းမှုကို ဦးတည်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်းက ဘယ်လို သုံးသပ်လိုပါလဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့ သတင်းစာရှင်းလင်းပွဲ ပြောတဲ့ကိစ္စဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အားတက်စရာလား။ ဒုံရင်းပဲလား။ မထူးတဲ့စကားပဲလား။ သို့တည်းမဟုတ် စိတ်ပျက်စရာလားဆိုတာ ခပ်တိုတို သုံးသပ်ပေးပါ။

ဦးဖေသန်း ။ ။ အထူးသဖြင့်တော့ ပြည်သူတရပ်လုံးက မကြိုက်တဲ့ (၂၅) ရာခိုင်နှုန်း လွှတ်တော်ထဲမှာ လာထိုင်နေတဲ့ကိစ္စပေါ့။ အဲဒီဟာတွေကို ငြိမ်းချမ်းရေးရမှ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်သွားမယ်။ ယေဘုယျဆန်တဲ့ စကားပြောခြင်းအားဖြင့်တော့ ဒါက အပြုသဘောဆောင်တယ်လို့တော့ မြင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ ပြဿနာတွေ အများကြီး ရှိပါတယ်။ လက်တွေ့မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ နောက်ဆုံး ဒေါက်တာရန်မျိုးသိမ်း သဘောထားလဲ ပြောပါ။ ကာချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲက အားတက်စရာလား။ စိတ်ပျက်စရာလား။ မထူးတဲ့ဇာတ်လမ်းတပုဒ်လား။

ဦးရန်မျိုးသိမ်း ။ ။ စိတ်လှုပ်ရှားစရာ အချက်အလက်အချို့ ပါဝင်နေပေမယ့်လို့ ပြည်တွင်းငြိမ်းချမ်းရေး စိန်ခေါ်မှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်း ဒီပြဿနာကြီးတွေကို ဖြေရှင်းနိုင်ဖို့ အကြံပြုချက်မျိုး၊ စီမံချက်မျိုးကို မတွေ့ရတဲ့အတွက်ကြောင့်မို့ ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခရီးစဉ်ဟာ ပိုပြီးတော့ ရှည်ကြာအုံးမယ်။ ပိုပြီးတော့ ရှုပ်ထွေးအုံးမယ်။ စိန်ခေါ်မှုတွေ၊ အကြပ်အတည်းတွေနဲ့ ပိုပြီးကြုံတွေ့ရအုံးမယ်လို့ သုံးသပ်ချင်ပါတယ်။

XS
SM
MD
LG