သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီဘဏ်နဲ့ အဆက်ဖြတ်ကြောင်း Western Union အတည်ပြု


ကမ္ဘာ့ငွေကြေးဝန်ဆောင်မှု အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Western Union က မြန်မာစစ်တပ်ပိုင် မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်မှုကို ချက်ချင်း ရပ်ဆိုင်းလိုက်တဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းကို ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၈ ရက်နေ့က အီးမေးလ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေတဲ့ အခြားနိုင်ငံတွေမှာ လူတွေ အချင်းအချင်း အပြန်အလှန် ဆက်ဆံရေးအတွက် Western Union ရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ အဲဒီအီးမေးလ်မှာ ဖေါ်ပြထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်စတဲ့ အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ဖို့ မိသားစုတွေ ငွေလွှဲပေးတာ၊ ဒါမှမဟုတ် ပဋိပက္ခဖြစ်တဲ့နေရာတွေကိုရောက်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့ ငွေကြေးရဖို့ ဝန်ဆောင်မှုပေးတာ စတာတွေကို Western Union ကဆောင်ရွက်ပေးနေကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် အဲဒီနိုင်ငံတွေမှာရှိနေတဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ရင် ဥပဒေနဲ့ ညီမညီ နောက် Western Union ရဲ့ မူဝါဒ နဲ့ညီမညီ ပြန်လည်သုံးသပ်လေ့ရှိရာမှာ အခု သူတို့ကုမ္ပဏီရဲ့ သုံးသပ်ချက် ရလာဒ်အရ မြဝတီဘဏ်နဲ့ ပူးတွဲဆောင်ရွက်မှုကို ချက်ချင်း ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဗွီအိုအေကို တုန့်ပြန်တဲ့ အီးမေးလ်မှာ ဖေါ်ပြထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာမှာ စည်းရုံးလှုပ်ရှားနေတဲ့အဖွဲ့လည်းဖြစ်၊ Western Union ကို နာမည်ပျက် စာရင်းသွင်းပြီး ဖိအားပေးခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်တဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

“မြန်မာစစ်တပ်ကို ဘဏ္ဍာရေးအရ ပံပိုးပေးနေတဲ့ Western Union ကို ပထမဆုံး အဆင့်အနေနဲ့ ၂၀၁၈ခုနှစ်မှာ dirty list နာမည်ပျက်စာရင်းထဲ ကျနော်တို့ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ Western Union ဘက်ကနေ သူတို့ မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်မှုကို ပြန်ပြီးသုံးသပ်ဖို့ ဆုံးဖြတ်ချက်ချထားကြောင်း ကျနော်တို့ကို အီးမေးလ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ကျနော်တို့ကို ပို့တဲ့ အီးမေးလ်အတိုင်းပဲ Western Union ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတဲ့ သတင်းမီဒီယာတချို့ကိုလည်း သူတို့က အဲဒီအတိုင်းပဲ တုန့်ပြန်ခဲ့ပါတယ်။

ဒီသတင်းပတ် အစောပိုင်းမှာတော့ Western Union ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ မြဝတီဘဏ်ကို သူတို့ရဲ့ ကိုယ်စားလှယ် စာရင်းကနေ ဖျက်ထားတာ တွေ့ရပါတယ်။ နောက်ပြီး မြဝတီဘဏ်ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာလည်း Western Union နဲ့ ပတ်သက်တဲ့ စာမျက်နှာကို ကျနော်တို့ မတွေ့ရတော့ပါဘူး။ ဒါနဲ့ ကျနော်တို့ Western Union ဘက်ကို လှမ်းပြီးစုံစမ်းပါတယ်။ မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်မှု ရပ်ဆိုင်းလိုက်ပြီးလားလို့ တိုက်ရိုက် မေးပါတယ်။ ကျနော်တို့ကို သူတို့ဘက်ကနေ စာပိုဒ် တပိုဒ်ပဲပါတဲ့ အီးမေးလ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ သူတို့အနေနဲ့ ပြန်ပြီး သုံးသပ်ပြီးတဲ့နောက်မှာ မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်ဖို့ကို အဆုံးသတ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။”

အင်ကြင်းနိုင် ။ ။ အခုလို မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်မှုကို Western Union ဘက်က ရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာပြည်က သုံးစွဲသူတွေဘက်ကရော နစ်နာချက်တွေ ရှိနိုင်ပါသလား။

Mark Farmaner ။ ။ Western Union အနေနဲ့ သူတို့ဆက်ဆံလုပ်ကိုင်နေတဲ့ နိုင်ငံတိုင်းမှာ သူတို့ရဲ့ ကိုယ်စားလှယ်တွေရှိပါတယ်။ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ၊ ကုမ္ပဏီတွေနဲ့ စီးပွားရေးအရ ပူးတွဲ လုပ်ကိုင်မှုတွေရှိပါတယ်။ ငွေလွဲှဖို့ စတိုးဆိုင်တွေ၊ ဘဏ်တွေ ဒါမှမဟုတ် အခြား ကုမ္ပဏီတွေနဲ့ Western Union က ဆက်စပ် လုပ်ကိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ထဲမှာ Western Union ကနေတဆင့် ငွေလွဲှနိုင်တဲ့ နေရာတွေ ရာနဲ့ချီရှိပါတယ်။ အဲဒီထဲမှာ မြဝတီဘဏ်က တခုထဲပါ။ အခု မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်မှုကို ရပ်လိုက်ပြီ ဆိုပေမယ့် မြန်မာနိုင်ငံကလူတွေအတွက် Western Union ကနေတဆင့် ငွေလွဲှလို့ရနိုင်တဲ့ နေရာတွေအများကြီးရှိတော့ ပြသနာမရှိပါဘူး။ Western Union အနေနဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့လုပ်ငန်းတွေကို ရပ်လိုက်တာ မဟုတ်ပါဘူး။ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ပတ်သက်မှုကိုပဲ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုလို Western Union ဘက်က စစ်တပ်ပိုင် မြဝတီဘဏ်နဲ့ ပူးတွဲလုပ်ကိုင်မှုကို ရပ်ဆိုင်းလိုက်တာနဲ့ပတ်သက်လို့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခြင်းမပြုတာ ဘာကြောင့်လို့ မြင်ပါသလဲ။

Mark Farmaner ။ ။ Western Union အနေနဲ့ ဒါနဲ့ပတ်သက်လို့ မျက်နှာပျက်စရာ ဖြစ်ရတာကတော့ ထင်ရှားပါတယ်။ သူတို့ ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါမှာ မြန်မာစစ်တပ်ပိုင်တဲ့ ဘဏ်နဲ့ စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်မှု မသင့်ဘူးဆိုတာ သူတို့ တွေ့ခဲ့ပါတယ်။ ဒီလိုလုပ်ကိုင်ခဲ့တဲ့နေရာမှာ သူတို့ရဲ့ ကိုယ်ပိုင် ပေါ်လစီကို ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် Western Union အနေနဲ့ မျက်နှာပျက်စရာဖြစ်ရသလို၊ ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ နောက်ပြီး Burma Campaign UK၊ ရိုဟင်ဂျာအရေး နိုင်ငံတကာလှုပ်ရှားမှု အဖွဲ့အစည်းတွေနဲ့ အခြား အဖွဲ့တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ကျနော်တို့ ဝိုင်းဝန်းဖိအားပေးတဲ့ အတွက် ကျနော်တို့အဖွဲ့တွေကို Western Union ဘက်က တရားဝင် တုန့်ပြန်ခဲ့တာဖြစ်ပေမဲ့ ဒီထက်ပိုပြီး အသေးစိတ် အချက်အလက်တွေအတွက် သူတို့ဘက်က ပြောပြချင်ပုံမရပါဘူး။ အခုလို မြန်မာစစ်တပ်ရဲ့ စီးပွားရေးအရ ဆက်စပ်မှုကို သူတို့ ရပ်ဆိုင်းလိုက်တဲ့အတွက် သတင်းမီဒီယာတွေ ဘက်က လိုက်လံမေးမြန်း၊ ရေးသားဖေါ်ပြမှုတွေဟာ တရက်၊ နှစ်ရက်လောက်ပဲကြာပြီး နောက်ပိုင်းမှာ ရပ်သွားလိမ့်မယ်လို့ Western Union ဘက်က မျှော်လင့်ထားပုံရပါတယ်။ ဒါပေမယ့် ဒီလို ကမ္ဘာမှာ ငွေပြောင်းငွေလွဲှ လုပ်ငန်း အကြီးဆုံး ကုမ္ပဏီကြီးဖြစ်တဲ့ Western Union ဘက်က နေ မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုတွေကို ရပ်တန့်လိုက်တဲ့ တုန့်ပြန်ဆောင်ရွက်မှုဟာ အလွန်ကို ထိရောက်မှုရှိပါတယ်။

Burma Campaign UK အဖွဲ့ကနေ မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို နာမည်ပျက်စာရင်းအဖြစ် ပြုစုရာမှာ စုစုပေါင်း ကုမ္ပဏီ ၉၀ နီးပါးရှိပြီး အဲဒီထဲမှာ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Apple အပါအဝင် ပြင်သစ် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ EDF၊ ဗြိတိန်အခြေစိုက် အိမ်ယာမြေနဲ့ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ Peel Group၊ တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ TPG Capital တို့ပါဝင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG