သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFFM အကြံပေးချက်အရ ဘယ်လ်ဂျီယံကုမ္ပဏီတခု MyTel နဲ့ လုပ်ငန်းရပ်


MyTel ကုမ္ပဏီ၏ တရားဝင် အင်တာနက်စာမျက်နှာ။
MyTel ကုမ္ပဏီ၏ တရားဝင် အင်တာနက်စာမျက်နှာ။

ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ Newtec က မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ သူ့ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို ရပ်တန့်မယ့်အကြောင်း ကြေညာလိုက်သလို၊ ဒါဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်း ပထမဆုံး ခုလို ဆုံးဖြတ်လုပ်ဆောင်တဲ့ ပြည်ပကုမ္ပဏီပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ အဆက်အဆံမလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို လိုက်နာပြီး ခုလိုလုပ်ဆောင်မှာဖြစ်ကြောင်း Newtec ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ၂ နှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ ကြောင့် ရိုဟင်ဂျာ မွတ်စလင်သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်တွေမှာ အဓိက တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ အဆက်အဆံမလုပ်ဖို့ ကုလသမဂ္ဂက ဖိအားပေးနေတာဖြစ်သလို၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း မြန်မာစစ်တပ် တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီနဲ့ ဆက်ဆံလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းမယ့်အကြောင်း ဘယ်လ်ဂျီယံ အခြေစိုက် Newtec ကုမ္ပဏီက ကြေညာလိုက်တာပါ။

Newtec ရဲ့ အခုလိုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့က အဖွဲ့ဝင် တဦးဖြစ်တဲ့ လူ့အခွင့်အရေးရှေ့နေ Christopher Sidoti က ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။

“တကယ့်ကို ကြိုဆိုရမယ့် ဆုံးဖြတ်ချက်ပါ။ သူတို့ဘက်က ခုလို မြန်မြန်ဆန်ဆန် တုံ့ပြန် လုပ်ဆောင်တာဟာ ကျေနပ်စရာကောင်းပါတယ်။ တခြားသူတွေလည်း အလားတူ လိုက်ပါ ဆောင်ရွက်လာဖို့ မျှော်လင့်ပါတယ်။”

Newtec ကုမ္ပဏီကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မဆက်နွယ်ဖို့ တိုက်တွန်းတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်လာအပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်နွယ်မှုတွေ ရပ်တန့်မယ့်အကြောင်း ပထမဆုံး ကြေညာတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Burma Campaign UK ညွန်ကြားရေးမှူး Mark Farmaner ကတော့ Newtec ကုမ္ပဏီကို လုပ်ငန်းတွေရပ်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဖိအားပေးခဲ့ပေမဲ့ အစောပိုင်းမှာ ဒါကို လက်မခံတဲ့အပြင် ဖိအားပေး တိုက်တွန်းခဲ့တဲ့သူတွေကို တရားစွဲဆိုဖို့အထိ ခြိမ်းခြောက်တာတွေ ရှိခဲ့တဲ့အကြောင်း ပြောပါတယ်။ နောက်ဆုံး ကုမ္ပဏီအတွက် မျက်နှာပျက်ပြီးနစ်နာစရာဖြစ်စေမယ့် မလွှဲမရှောင်သာ အခြေအနေတွေ ကြုံလာမှ အခုလို ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဆုံးဖြတ်ချက်အတွက် ကြိုဆိုကြောင်းနဲ့ ဆုံးဖြတ်ချက်အတိုင်း အမှန်တကယ် ဆောင်ရွက်မှုရှိ မရှိဆိုတာကို ဆက်ပြီး လေ့လာ စောင့်ကြည့်ရဦးမယ်လို့ Mark Farmaner က ပြောပါတယ်။

“ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်လာပြီးနောက်ပိုင်း ခုလိုလုပ်ငန်းတွေ ရပ်ဖို့ ဆုံးဖြတ်တဲ့ ပထမဆုံးကုမ္ပဏီဖြစ်သလို၊ ကျနော်တို့သိသလောက် ဒီကုမ္ပဏီတခုတည်းပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ…သူတို့ကို စပြီး တိုက်တွန်း ဖိအားပေးခဲ့ချိန်တုန်းက သူတို့တုံ့ပြန်ခဲ့တာကိုကြည့်ရင်… အခုလဲ ဆုံးဖြတ်တဲ့အတိုင်း တကယ်ပဲ mytel ကုမ္ပဏီနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်နေတာတွေ ရပ်မရပ် ဆိုတာကို ကျနော်တို့ သေချာ စောင့်ကြည့် လေ့လာရဦးမှာပါ။ အလားတူ တခြား ကုမ္ပဏီတွေကို လည်း အခုလိုလိုက်ပါ ဆောင်ရွက်လာအောင် ကျနော်တို့ ဖိအားပေးရပါလိမ့်မယ်။ မြန်မာစစ်တပ်ကို ဘဏ္ဍာငွေကြေးအရ အထောက်အပံ့ ဖြစ်စေတဲ့ ကုမ္ပဏီနာမည်တွေ၊ နောက်ဆုံးအချက်အလက်တွေကို ကျနော်တို့အဖွဲ့ရော၊ ကုလသမဂ္ဂကရော သိပ်မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။ သူတို့ကို အများသိအောင် ထုတ်ဖော်ပြီး အရှက်ရစေတဲ့နည်းနဲ့ ဖိအားပေးဖို့ပါ။”

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်နဲ့ အကျိုးစီးပွား ဆက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို “dirty list” လို့ ခေါ်တဲ့ မကောင်းတဲ့ စီးပွားရေးလုပ်ငန်း စာရင်းမှာထည့်သွင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားဆက်စပ် လုပ်ကိုင်တာဟာ ရှက်စရာလုပ်ရပ် ဖြစ်တယ်ဆိုတာကို အများသိအောင်လုပ်ပြီး ကုလသမဂ္ဂနဲ့ Burma Campaign UK လို လူ့အခွင့်အရေး အဖွဲ့တွေက ဖိအားပေးနေတာ ဖြစ်ပါတယ်။

Newtec ကုမ္ပဏီကတော့ Mytel ကုမ္ပဏီနဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေ လက်တွဲ လုပ်နေတာမှန်ပေမဲ့၊ သူ့ရဲ့လုပ်ငန်းတွေဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်မှုရှိနေတယ်ဆိုတာ မသိဘဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းတွေဟာလည်း ComCom ဆက်သွယ်ရေးကုမ္ပဏီကနေတဆင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ အခုတော့ မြန်မာစစ်တပ် တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီနဲ့ လုပ်ငန်းအားလုံး ရပ်တန့်မယ့်အကြောင်းနဲ့ တဆင့်ခံ ComCom ကုမ္ပဏီက Mytel အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရှေ့လျှောက် ကမ်းလှမ်းလာရင်လည်း လက်ခံတော့မှာမဟုတ်ကြောင်း Newtec ကုမ္ပဏီက ထုတ်ပြန် ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ် တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ လုပ်ငန်းဆိုတာ မသိခဲ့သလို၊ Mytel နဲ့ လုပ်ငန်းလုပ်ဆောင်ရာမှာလည်း ComCom ဆိုတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီကနေ တဆင့်ခံ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆိုပေမဲ့၊ ဘယ်လ်ဂျီယံ အခြေစိုက် မြန်မာနိုင်ငံတွင်း သူ့ရဲ့လုပ်ငန်းတွေဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုရှိခဲ့တယ်ဆိုတာ မသိခဲ့ဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုပ်ငန်းတွေဟာလည်း ComCom ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီကနေ တဆင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG