ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFM က မြန်မာ့တပ်မတော်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ချက်အပေါ် တပ်မတော်ကရော၊ နိုင်ငံခြားရေးဌာနကပါ ပယ်ချပါတယ်။ တပ်မတော်က လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လက်နက်ကိစ္စ၊ စစ်ဆင်ရေးကိစ္စတွေနဲ့ မသက်ဆိုင်ဘူးလို့ တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်ကပြောသလို ရခိုင်အရေးနဲ့ပတ်သက်တဲ့ အချက်တွေဟာလည်း မှန်ကန်တဲ့ ထုတ်ပြန်ချက်တွေမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်း ထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းတွေက ရတဲ့ဝင်ငွေတွေဟာ မြန်မာ့တပ်မတော်ကို ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကင်းလွတ်အောင် ဆောင်ရွက်နိုင်ဖို့အတွက် မြှင့်တင်ပေးနေတယ်။ ဒါကြောင့်တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးအဆက်အသွယ်တွေကို အရေးယူပိတ်ဆိုဖို့ နဲ့ လက်နက်ရောင်းချတာတွေ ပိတ်ဆို့ဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း ကုလသမဂ္ဂ လူအခွင့်အရေးကော်မရှင်ရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို တုံပြန်ပါတယ်။
“MEC တို့၊ ဦးပိုင်တို့ အဲဒီ စီးပွားရေးလုပ်ငန်းတွေက လက်နက်ဝယ်တဲ့ ကိစ္စတို့ စစ်ဆင်ရေးကိစ္စတို့နဲ့ မဆိုင်ပါဘူး။ အဲဒီဟာကို အဓိက ထူထောင်ထားတာ တပ်မတော်ရဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ရယ်၊ ပြီးရင် နိုင်ငံတော်စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုဖို့ ဒီဟာ တရားဝင်မှတ်ပုံတင်ပြီးမှ အခွန်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်။ အခုချိန်ထိ တချို့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလည်း အဲလိုမျိုးတပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။”
စီးပွားရေးကုမ္ပဏီကြီးတွေက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်းစစ်ဆင်ရေးဆောင်ရွက်စဉ် တပ်မတော်ကို ငွေကြေးလှူဒါန်းတာဟာ ရာဇဝတ်မှုကျုးလွန်တာတွေကို တိုက်ရိုက် ထောက်ပံ့တာဖြစ်ကြောင်း၊ ကမ္ဘောဇ အုပ်စု KBZ နဲ့ Max Myanmar တဖက်နိုင်ငံကို တိမ်းရှောင်သူတွေ နေရပ်မပြန်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်ခြံစည်းရိုးကာရံဖို့ လှူဒါန်းတာတွေ ပါဝင်ကြောင်း လည်း အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီအချက်အပေါ်မှာ ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။
“အဲဒီဟာတော့ မှန်ကန်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ ကျနော်တို့ ၂၀၁၇ သြဂုတ်လ အပြီးမှာ သတင်းစာရှင်းလင်းပွဲလည်း လုပ်တာရှိတယ်။ တပ်မတော်အနေနဲ့ကတော့ အဲဒီဘက်မှာ ရှိတဲ့ တိုင်းရင်းသားတွေသာ မကဘဲနဲ့ တိုင်းရင်းသားမဟုတ်တဲ့ လူတွေကိုပါ ဒုက္ခသည်တွေပါ ကူညီခဲ့တာတွေ ရှိတယ်။ ဒါတွေတော့ ဓါတ်ပုံအထောက်အထားတွေနဲ့ ကျနေ်ာတို့ ပြသထားပါတယ်။ နောက်တစ်ချက်ကတော့ ကုမ္ပဏီကြီး ၂ခုကို သူတို့ စွပ်စွဲထားတာပေါ့။ Max Myanmar နဲ့ ကမ္ဘောဇနဲ့။ အဲဒီနယ်စပ်ခြံစည်းရိုးဆိုတာက ဒီကိစ္စတွေ မဖြစ်ခင်တည်းက နှစ်အတော်ကြာတည်းက ကျနော်တို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ အဓိကကတော့ နိုင်ငံတော် အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးနဲ့ နယ်မြေလုံခြုံရေးရှိဖို့ ကျနော်တို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ အခုချိန်ကျမှ ပြန်မဝင်နိုင်ဖို့တို့၊ ခွဲခြားဆက်ဆံဖို့တို့ အဲလို စွပ်စွဲတာက သမာသမတ်မကျဘူးလို့ မြင်ပါတယ်။”
နယ်စပ်ခြံစည်းရိုးကာရံတာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်မှာလည်း ဆောင်ရွက်ထားကြောင်း ထောက်ပြပါတယ်။
မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ သုံးသပ်ချက်ကို လက်မခံ ပယ်ချကြောင်း၊ ဒါဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားအောင်ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တာလို့ သတ်မှတ်ကြောင်း နဲ့ ဒီဆောင်ရွက်ချက်ဟာ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ဖြေရှင်းဖို့ အထောက်အကူမပြုကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ထိရောက်မှု မရှိနိုင်ကြောင်း ပြောဆိုပါတယ်။
“သူတို့တွေကတော့ တပ်ကနေ သူတို့လုပ်ရပ်အပေါ် တာဝန်ရှိတယ်။ သူတို့ ကျူးလွန်တယ်။ ဒီလိုမျိုး ပထမအချက် စွပ်စွဲချက်လာတာပေါ့။ စွပ်စွဲချက်အပေါ် အခြေခံပြီးတော့မှ ဒီလို ဒီလို Sanction တွေ လုပ်သင့်တယ်ဆိုပြီးတော့မှ ပြောတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ သူတို့နဲ့ ဆက်စပ်တဲ့ သူတို့ကို ပံပိုးတဲ့ လူတွေကို လုပ်ရမယ် ဘာညာဆိုတာလည်း ဒါ နိုင်ငံတကာမှာကတော့ သူတို့ လုပ်နေကျ သဘောမျိုးပါပဲ။ သိပ်တော့ ထွေထွေထူးထူးတော့ မတွေ့မိပါဘူး။ ကျနော်ထင်တယ် မထိရောက်နိုင်ပါဘူး။ ဒီဥစ္စာကတော့ မထိရောက်ပါဘူး။ ”
Max Myanmar ကုမ္ပဏီအုပ်စုကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ငြင်းပယ်ပြီး သူတို့ လှုဒါန်းတာဟာ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေအတွက် ဘက်လိုက်မှုမရှိတဲ့ လှူဒါန်းခဲ့တာဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။