သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခနယ်မြေ လူထုအတွက် အမေရိကန်အကူအညီတိုးပေး


ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေ (ဓာတ်ပုံ-WFP)
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေ (ဓာတ်ပုံ-WFP)

မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ရာပြည်နယ် ၃ခုက ဒေသခံပြည်သူတွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တဆင့် အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၅သန်းဖိုး အကူအညီတွေ ပေးသွားဖို့ရှိနေပါတယ်။

တိုက်ပွဲတွေရှည်ကြာနေတဲ့ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ ဒုက္ခသည်စခန်းတွေအတွက် အကူအညီလိုအပ်ချက်တွေ ကြီးလားလာချိန်မှာ အခုလို အမေရိကန်ပြည်ထောင်စုကနေ အခုလို အကူအညီတွေ ထပ်တိုးပေးမယ်ဆိုပြီး ထုတ်ပြန်လာတာပါ။ လက်တွေ့အခြေအနေအရ WFP ကရော ဒုက္ခသည်တွေကို တိုက်ရိုက်ကူညီနိုင်ပါ့မလား. ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင် ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် ပြီးခဲ့တဲ့ နှစ်ထဲ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တို့က ဒေသခံ ပြည်သူတွေ ဒုက္ခသည်တွေအတွက် အထောက်အပံတွေ ကူညီဆောင်ရွက်သွားဖို့အတွက် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံဖြိုးရေး အေဂျင်စီဖြစ်တဲ့ USALID ကနေပြီးတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို အမေရိကန် ဒေါ်လာ ၅ သန်းထပ်ပြီး တိုးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။

“အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးအဖွဲ့က မြန်မာပြည်တွင်း မကြာသေးမှီကဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခဒေသတွေ က ဒေသခံပြည်သူတွေကို ထောက်ပံ့ ကူညီဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခအဖွဲ့ WFP အဖွဲ့ကို အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံ ပေးအပ်သွားဖို့ သဘောတူလိုက်ပါတယ်။ ဒီအကူအညီတွေဟာကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်နေတဲ့ ဒေသခံ ပြည်သူ ၁ သိန်း ၇ သောင်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာ အကူအညီတွေ ထောက်ပံ့ ကူညီသွားမှာ လည်း ဖြစ်ပါ တယ်။”

ဒါကတော့ ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်ပြောဆိုသွားခဲ့တာပါ။

ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ လူပေါင်း ၄ သိန်းနီးပါးဟာ အစားအသောက်နဲ့ အသက်မွေးဝမ်းကြောင်း အကူအညီတွေ လိုအပ်နေတာပါ။လက်ရှိအချိန်မှာ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ တိုင်ပွဲတွေပြင်းထန်နေတာကြောင့် ဒုက္ခသည်တွေ ပိုမိုတိုးပွားလာသလို အကူအညီအထောက်အပံ့တွေလည်း လုံလောက်မှု မရှိဘူးလို့ ကချင်ဒေသ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဦးဂွမ်ရှာအောင်က ပြောပါတယ်။

“အခုအနေအထားအရဆိုရင်တော့ လုံလောက်တယ် လို့ပြောဖို့တော့ တော်တော် ခက်တာပေါ့နော်၊ ဘာကြောင့်လဲဆိုရင် လက်ရှိကချင်နဲ့ ဖြစ်ပျက်နေတဲ့ ပဋိပက္ခက ကာလတခုရောက်နေတဲ့အချိန်မှာ နိုင်ငံတကာရဲ့အကူအညီတွေဟာ တဖြေးဖြေးလျှော့ကျလာတဲ့ အနေအထားမှာရှိတယ်။ ဒီ IDP တွေအတွက် ဆိုရင်လည်း ပိုသိတာတာပေါ့နော်။ သူတို့ပုံမှန် ဘဝမှာတောင်မှ တော်တော် ရုန်းကန်ပြီးတော့ နေခဲ့ရတာပေါ့နော်။ မနှစ်တုန်းကအနေအထား ဆိုရင်လည်းတော်တော် ရုန်းကန်တယ်၊ အခုလို ထပ်ဆင့်တိုက်ပွဲတွေဖြစ်ပြီးမှ ဆိုးဝါးလာတဲ့အနေအထားမှာဆိုရင်တော့ ပိုပြီးတော့ ခက်ခဲလာတဲ့အနေအထားမျိုး ရှိတာဖြစ်ပါတယ်။ အထူးသဖြင့်လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအနေအထားမှာဆိုရင် ရန်ပုံငွေ တိုးပြီးမှရတဲ့အနေအထားမျိုးက တော်တော်လေးနည်းတယ်၊ ကျနော်တို့က နဂိုရှိနေတဲ့ ဘားဂျက်ပေါ့နော်။ အဲဒါတွေကို ခြိန်းခြံချွေတာပြီးမှ သုံးစွဲနေရတဲ့ အနေအထားဖြစ်ပါတယ်။”

ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေ ကို နိုင်ငံတကာ အကူအညီတွေ ရောက်ဖို့ အတော်လေးခဲယဉ်းတယ် လို့ ဒေသခံတွေက ပြောဆိုကြသလို ရခိုင်ပြည်နယ်ဘက်မှာလည်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ချက်ချင်း ဆိုသလို အကူအညီတွေ ထောက်ပံသွားဖို့ အစိုးရကခွင့်မပြုခဲ့ပါဘူး။ ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ကူညီထောက်ပံပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဦးဂွမ်ရှာအောင်က အခုလို ပြောပါတယ်။

“အထူးသဖြင့်တော့ WFP ပံ့ပိုးပေးတဲ့ IDP camp အများစုကတော့ မြန်မာအစိုးရ ထိန်းချုပ်တဲ့ ဧရိယာ တဝိုက်မှာရှိတဲ့ IDP camp တွေကို သူက စားနပ်ရိက္ခာ ပံ့ပိုးနေ တာ ဖြစ်ပါတယ်။ တဖက်မှာကျတော့ မနှစ်တုန်း ကနေစပြီးမှ စားနပ်ရိက္ခာက ဘယ်လို အနေအထားမျိုးရောက်သွားသလဲဆိုတော့ လူတဦး ကို မြန်မာကျပ်ငွေ ၁ လကို ၉၀၀၀ နှုန်းထား တဲ့ ပေးတဲ့အနေအထား မျိုး ရောက်တော့ အဲဒါက IDP မိသားစု တော်တော်များများအတွက် ၁ လကို လူတဦး ၉၀၀၀နဲ့ ရိက္ခာဖူလုံ ဖို့ဆိုတဲ့အနေအထားမျိုးက တော်တော့်ကို ကျပ်တည်းစေတဲ့ အနေအထား မျိုးရောက်စေတာပေါ့နော်။”

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ အစားအသောက် အကူအညီတွေအပြင် နေရေးထိုင်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေ အတွက်လည်း လိုအပ်မှုတွေ ရှိတယ်လို့ ဦးဂွမ်ရှာအောင်က ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အဲဒီ့ဒေသတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်းကျော် ရှိနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် သူ သောင်းနဲ့ချီ ရှိနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG