သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူအမှု မျက်ကွယ်မှာ စစ်ဆေးဖို့ တရားရုံးအမိန့်ထုတ်


တရားစွဲဆိုခံထားရတဲ့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူ
တရားစွဲဆိုခံထားရတဲ့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူ

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူရဲ့အမှုကို မျက်ကွယ်မှာ စစ်ဆေးဖို့ တရားရုံးက ဒီနေ့ပဲ အမိန့်ချမှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဦးဝီရသူကို ထောက်ခံသူတွေက ခွင့်ပြုမိန့်မရှိဘဲ ဆုတောင်းပွဲတွေ ကျင်းပနေတဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မေ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ဟောပြောတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်း ခရိုင် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးဝီရသူကို ဒုတိယ ဝရမ်း သက်တမ်းကျော်လွန်ချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့အတွက် မျက်ကွယ်မှာ အမှုစစ်ဆေးဖို့ အနောက်ပိုင်း ခရိုင် တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

ဒီကနေ့မှာတော့ တရားရုံးကို ရဲက ဝရမ်းအပ်လိုက်ပြီး တရားရုံးက ရုံးလုပ်ထုံးလုပ်နည်းနဲ့ ဆက်စစ်မယ်လို့ ဒုတိယ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။

"ကျနော်တို့အခု တရားရုံးဝရမ်းကို အတည်ပြုဖို့အတွက် လိုက်ရှာတယ်ပေါ့။ ရှာတော့ လတ်တလော မတွေ့ဘူးပေါ့။ မတွေ့တာနဲ့ ဝရမ်းအတည်ပြုလို့ မရတာနဲ့ နေ့ခင်းက ဝရမ်းကို တရားရုံးကို ပြန်သွင်းလိုက်ပါတယ် ခင်ဗျ။ တရားရုံးဘက်ကတော့ ဆက်စစ်စရာရှိတာ ဆက်စစ်မှာပေါ့။ အဲ့ဒါတော့ တရားရုံးအပိုင်းပေါ့။"

ပထမ ဝရမ်းသက်တမ်းကျော်လွန်ချိန်မှာ ဆရာတော်ဦးဝီရသူကို ဖမ်းဆီးမိတာ မရှိတဲ့အတွက် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေအထွေအမှု ဖွင့်ခဲ့ပြီး ဝရမ်းပြေးအဖြစ် ကြေငြာခဲ့ပါတယ်။ ဒီလို မျက်ကွယ် စစ်ဆေးခြင်းအားဖြင့် အမှုရင်ဆိုင်ရသူဟာ တရားလိုရဲ့ ထွက်ဆိုချက်တွေကို ချေပခွင့် ရမှာ မဟုတ်သလို ပြန်လှန် စစ်မေးခြင်းလည်း ပြုလုပ်လို့ရမှာလည်း မဟုတ်ပါဘူး။

မျက်ကွယ်စစ်ဆေးတာနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ရှင်းပြပါတယ်။

"အခုကျ မျက်ကွယ်စစ်ဆေးတဲ့အခါကျတော့ တရားလိုဘက်က တင်ပြသမျှ သက်သေအားလုံးကို ကန့်ကွက်ခြင်း မရှိဘဲနဲ့ တရားရုံးက စစ်ဆေးပေးရမယ့် အနေအထားဖြစ်တယ်။ ဒါတချက် နောက်တခုက တရားလို အပါအဝင် တရားလိုပြ သက်သေတွေကို စစ်ဆေးတဲ့အခါမှာ တရားခံဘက်ကနေ အရေးကြီးတဲ့ အင်မတန် တန်ဖိုးရှိတဲ့ အခွင့်အရေးဖြစ်တဲ့ ပြန်လှန်စစ်ဆေးခွင့်ပေါ့။ ပြန်လှန်စစ်ဆေးခွင့်ဆိုတာ သက်သေတွေရဲ့ ထွက်ဆိုချက် တွေသည် ခိုင်မာခြင်း ရှိမရှိ၊ မှန်ကန်ခြင်း ရှိမရှိ ဒါတွေကို တရားရုံးက ဆင်ခြင် သုံးသပ်နိုင်အောင် မေးခွန်းတွေ တည်ဆောက်ပြီးတော့ ပြန်လှန်ပြီး ချေဖျက်တဲ့ ပြန်လှန်မေးခွန်းတွေ ထုတ်ဆင့်ခွင့် ဒါသူအခွင့်အရေး ဆုံးရှုံးသွားတဲ့အတွက် ပြောမယ်ဆို တရားလိုဘက်ကနေမှ တည်ဆောက်တာတွေကပဲ တရားရုံးမှာ မှတ်တမ်း အဖြစ်နဲ့ ဖြစ်သွားမယ်။ တရားလိုဘက်က ချေဖျက်ခွင့်တွေ ပါမသွားဘူး။"

ဆရာတော်ဦးဝီရသူကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မြို့မှာ လူထောင်ချီ စုဝေးပြီး ဆုတောင်းပွဲတွေ လုပ်ကြပါတယ်။ မနေ့က မြို့တော် ခန်းမရှေ့မှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ပါဝင်တဲ့ သံဃာတော် လေး ပါးနဲ့ လူ ငါး ယောက်ကို ငြိမ်းစုစီ ပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။

ဒီလိုခွင့်ပြုမိန့် မရှိဘဲ လူစုလူဝေးနဲ့ ချီတက် ဆုတောင်းပွဲ လုပ်တာတွေကို တရားဥပဒေ စိုးမိုးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ သုံးသပ်တာက လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းပါ။

"တကယ်ကို ထိထိရောက်ရောက် ဖမ်းတာမျိုး လုပ်ဖို့လိုလိမ့်မယ်။ ထိထိရောက်ရောက် ကိုင်တွယ်တာမျိုး လုပ်ဖို့ လိုလိမ့်မယ်။ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဖမ်းနိုင်မှ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် လုပ်နိုင်မှာ အဆင်ပြေလိမ့်မယ်။ အဲ့လိုမှ မဟုတ်လို့ရှိရင် ဒီလူတွေက ပြဿနာမျိုးစုံ ရှာနေမှာပဲ။ ဒါပေမယ့် သိတဲ့လူတွေက ပါမှာမဟုတ်ဘူး။ မသိတဲ့ အခြေခံ လူတန်းစားတွေကိုတော့ ဆွဲခေါ်သွားပြီးတော့ လမ်းပေါ် ထွက်လာပြီး ပြဿနာရှာတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။"

ဆရာတော် ဦးဝီရသူဘက်ကတော့ ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ ပြောဆိုနေပေမယ့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ကတော့ သြဝါဒပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားသလို သြဝါဒပေးတာကို မလိုက်နာရင်လည်း သံဃာ့စည်းမျဉ်း ဥပဒေနဲ့ ထပ်ပြီး အရေးယူဆောင်ရွက်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် ဦးဝီရသူကို အခုလို တရားစွဲတာဟာ ဗဟိုအစိုးရက ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုထားပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG