သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ လူထုအုံကြွမှု ဖြစ်လာနိုင်သလား


ယူကရိန်း ခရီးသည်တင် လေယာဉ်ကို အီရန်စစ်တပ်က ပစ်ချလိုက်ကြောင်း ပြောကြားအပြီး ရက်ဆက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အစိုးရအပေါ် ပြည်သူတွေက အတော်လေး မကျေမနပ် ဖြစ်နေတယ် ဆိုတာကို ပြသလိုက်တာပါ။ အီရန်လူမျိုး အများစု အပါအဝင် လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၁၇၆ ယောက် သေဆုံးသွားရတဲ့ ဖြစ်ရပ်အတွက် သူတို့မှာတာဝန်ရှိကြောင်း အီရန်အစိုးရ ဝန်ခံ ပြောကြားအပြီးမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။
လေယာဉ်ပစ်ချလိုက်တဲ့ ဖြစ်ရပ်က အီရန်က ထိပ်တန်းဗိုလ်ချုပ်ကြီးကို အမေရိကန်က ပစ်မှတ်ထား သတ်ဖြတ်လိုက်တဲ့ အပေါ် အမျက်ထွက်နေရာ ကနေ နိုင်ငံရေး ဖိနှိပ်မှုနဲ့ အမေရိကန်ရဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကြောင့် တိုင်းပြည်စီးပွားကျနေတဲ့ အခြေအနေတွေအတွက် ပြည်သူတွေရဲ့ ဒေါသဟာ အီရန်အစိုးရဘက်ကို လှည့်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေက အများစုပါဝင်လာမယ့် တော်လှန်ပုန်ကန်မှုဖြစ်လာမလားတာနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရာနဲ့ချီတဲ့ အီရန်ကျောင်းသားတွေက တိုင်းပြည်ရဲ့ အစ္စလာမ္မစ် ခေါင်းဆောင်တွေကို ရှုတ်ချ ဆန္ဒပြနေကြပေမယ့် ဒီကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန် ပုန်ကန်မှုတွေ ဖြစ်လာ မလားဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့ Brookings Institution က Michael O’Hanlon လို သုတေသီတွေက သုံးသပ်ပါတယ်။

“လက်ရှိ ဆန္ဒပြပွဲတွေ ဘယ်လောက်ဘဲ ကြီးနေပါစေ ဒါဟာ တနိုင်ငံလုံး ပါဝင်တဲ့ ဧရာမ ဆန္ဒပြပွဲကြီးတွေ အဖြစ် ပျံ့နှံ့ လာမယ်လို့ ကျနော် မျှော်လင့်မထားပါဘူး။”

တီဟီရန်လေဆိပ်က တက်ခါစ လေးမှာဘဲ ယူကရိန်း ခရီးသည်တင် လေယာဉ်ကို ဇန်နဝါရီလ ၈ ရက်နေ့က မှားယွင်း ပစ်ချမိခဲ့ကြောင်း အီရန်အစိုးရက ဝန်ခံ ပြောကြားအပြီးမှာ ကျောင်းသားတွေ အများစုပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ ပစ်ချမှုကြောင့် လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၁၇၆ ယောက်စလုံး သေဆုံးခဲ့တာပါ။

အဲဒီလေယာဉ်ပစ်ချမှုနဲ့ ဆက်နွယ်နေသူတွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း အခုသီတင်းပတ် ထဲမှာဘဲ အီရန်က ကြေညာခဲ့ပါတယ်။ အီရန်က ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်က ပစ်မှတ်ထား သတ်ဖြတ်လိုက်တာကို လက်စားချေတဲ့ အနေနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်လေတပ် အခြေစိုက် စခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်တဲ့နေ့မှာဘဲ ယူကရိန်းလေယာဉ်ကို ပစ်ချလိုက်တာပါ။

ဆန္ဒပြသူတွေက ဗိုလ်ချုပ်ကြီး Soleimani ရဲ့ ရုပ်ပုံတွေကို ဆွဲချပစ်တာနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်နေတဲ့ ရဲတွေရဲ့လက်က လွတ်နိုင်ဖို့ ထွက်ပြေးနေကြတဲ့ ကျောင်းသားတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီး Soleimani ရဲ့ ဈာပနကို လိုက်ပါ ပို့ဆောင်ကြသူတွေက အမေရိကန်ကို လက်စားချေဖို့ ကြွေးကြော်ကြ အပြီး မကြာခင်မှာဘဲ အီရန်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဓါတ်ဆီဈေးတွေကို ၅၀ ရာခိုင်နှုန်း အထိ တိုးမြင့်သွားဖို့ နိုဝင်ဘာလမှာ အစိုးရက ကြေညာအပြီး ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနောက်ပိုင်း အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အခုလို ထပ်မံ ဖြစ်ပေါ်လာတာပါ။ တချို့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Atlantic ကောင်စီက သုတေသီ William Wechsler က အခုလို မှတ်ချက်ပေးပါတယ်။

“သူတို့ကို ခြိမ်းခြောက်မှုဖြစ်လာရင် အီရန်အစိုးရက အကြမ်းဖက် ဖြေရှင်းတတ်တဲ့ အစဉ်အလာ ရှိပါတယ်။ အခုဆန္ဒပြပွဲတွေက အဲဒီလို အကြမ်းဖက် ဖြေရှင်းမှုတွေကို ကျော်လွားနိုင်ပါ့မလားဆိုတဲ့ အရိပ်လက္ခဏာတော့ မတွေ့ရသေးပါဘူး။”

အီရန်ရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်နဲ့ ဒေသတွင်းက စစ်သွေးကြွတွေကို ပံ့ပိုးနေတာတွေ ရပ်တန့်ရေးအတွက် ရည်ရွယ် ချမှတ်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကလည်း အီရန်စီးပွားရေးကို အထိနာစေပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြကြတာပါ။ ဒါပေမယ့် ပိတ်ဆို့ အရေးယူမှုတွေကြောင့် အမေရိကန် အပေါ် မကျေနပ်မှုတွေ တိုးလာစေတယ်လို့ ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က Ali Vaez က သုံးသပ်ပါတယ်။

“အီရန် ပြည်သူတွေက အင်မတန် ရန်မူလိုတဲ့ အမေရိကန်နဲ့ ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ သူတို့အစိုးရကြားမှာ ပိတ်မိနေတယ်၊ သူတို့ကို ဘယ်အစိုးရကမှ ဂရုမစိုက်ကြဘူးလို့ ခံစားနေကြရတာပါ။”

ဒီအတောအတွင်း အီရန်အစိုးရကတော့ ပြည်တွင်း၊ ပြည်ပက ဖိအားတွေကို အာခံပြီး သူတို့ရဲ့ ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကို ကန့်သတ်ထားတဲ့ နိုင်ငံတကာ နျူးကလီးယားသဘောတူညီချက်ကေနေ နုတ်ထွက်မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီ လုပ်ဆောင်မှုတွေက နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)




“လကျရှိ ဆန်ဒပွပှဲတှေ ဘယျလောကျဘဲ ကွီးနပေါစေ ဒါဟာ တနိုငျငံလုံး ပါဝငျတဲ့ ဧရာမ ဆန်ဒပွပှဲကွီးတှေ အဖွဈ ပြံ့နှံ့ လာမယျလို့ ကနြောျ မြှောျလင့ျမထားပါဘူး။”








XS
SM
MD
LG