သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားဘောလုံး တနင်္လာနေ့ ရှုံးထွက်ပွဲစဉ်တွေအပေါ် သုံးသပ်ချက်


ဘယ်လ်ဂျီယမ်နဲ့ ဂျပန် ကစားစဉ်
ဘယ်လ်ဂျီယမ်နဲ့ ဂျပန် ကစားစဉ်

တနင်္လာနေ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေအပြီး ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယမ်တို့ ကွာတားဖိုင်နယ် တက်သွားကြ ပြီး အင်္ဂါနေ့မှာ ဆွီဒင်နဲ့ ဆွစ်ဇာလန်၊ အင်္ဂလန်နဲ့ ကိုလမ်ဘီယာတို့ ဒုတိယဆင့် ရှုှုံးထွက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ နောက်ဆုံးကန်သွားတဲ့ နှစ်ပွဲအပေါ် အနှစ်ချုပ်သုံးသပ်ချက်နဲ့ ဒီကနေ့ကန်မယ့် နှစ်ပွဲထဲက မြန်မာပရိသတ်အကြိုက် အင်္ဂလန်အသင်းရဲ့ အလားအလာအပေါ် ခန့်မှန်းချက်ကို ကိုကျော်ကျော်သိန်းက စုစည်း တင်ပြထားပါတယ်။

ပြိုင်ပွဲမစခင်ကတည်းကိုက ဗိုလ်စွဲနိုင်တဲ့အသင်းတွေကို ခန့်မှန်းကြတာတွေထဲမှာ အမြဲပါတဲ့ ဘရာဇီးလ်အသင်းဟာ အားလုံးတွက်ထားတဲ့အတိုင်းပဲ မက္ကဆီကိုအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်သွားတာပါ။ ဒါ့အပြင် ဘယ်လ်ဂျီယမ်အသင်းဟာလည်း အာရှထိပ်သီး ဂျပန်အသင်းကို ၂ ဂိုးသွင်းခံထားရပြီးမှ နောက်ကနေ လိုက်ကစားပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲတွေရဲ့ ရလဒ်တွေကတော့ ပွဲမတိုင်ခင် ခန့်မှန်းထားတဲ့အတိုင်းပဲ ထွက်လာပါတယ်လို့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုယဉ်ထွေးကပြောပါတယ်။

"ကျနော်မျှော်လင့်ထားတဲ့အသင်းထဲမှာတော့ ဘရာဇီးလ်တက်မယ် ၊ ဘယ်လ်ဂျီယမ် တက်မယ်လို့ ခန့်မှန်းတဲ့အထဲမှာ ဒီ ၂ သင်းလုံးကတော့ ဒီနှစ်တက်သွားတယ်ခင်ဗျ ။ ဒါပေမယ့် ဒီနေ့ အာရှအသင်းဖြစ်တဲ့ ဂျပန်ရဲ့ကစားကွက်ကတော့ ဒီနေ့လည်း တော်တော်လေးကြိုးကြိုးစားစားကစားတာတွေ့တော့ အာရှအသင်းအတွက်တော့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယမ်ကလည်းတော်တော်းလေး ထိုက်ထိုက်တန်တန်ကစားသွားတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အသင်းကတော့ ကိုယ်တွက်ထားတဲ့အတိုင်းပဲ ၂ သင်းစလုံးတက်သွားတယ်လို့ မြင်ရပါတယ်ခင်ဗျ။"

ဘရာဇီးလ်အနေနဲ့ နိုင်သင့်တဲ့ပွဲကို အနိုင်ရသွားတာဖြစ်ပြီး ဘယ်လ်ဂျီယမ် အနိုင်ရတာကတော့ နည်းပြရဲ့ လူစားလဲဗျူဟာကြောင့် ဖြစ်တယ်လို့ သုံးသပ်သူက ဘောလုံးအားကစား ဝေဖန်သုံးသပ်သူ ကိုဝင်းကျော်မင်းပါ။

“ဘရာဇီးလ်နဲ့ မက္ကစီကိုပွဲကတော့ ပုံမှန်ပွဲစဉ်တပွဲပေါ့။ ဘရာဇီးလ်အနေနဲ့ နိုင်သင့်နိုင်ထိုက်တဲ့ပွဲကို အကောင်းဆုံးကစားသွားတယ်။ ဘယ်လ်ဂျီယမ် နဲ့ ဂျပန်ပွဲကတော့ ဘယ်လ်ဂျီယမ်ကနည်းနည်း ပေါ့တယ်လို့ ကျနေ်ာထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ပွဲအစပိုင်းကစားပုံကတော်တော်လေးကို လျော့ရိလျော့ရဲ ရှိတယ် ။ ဂျပန်အသင်းက တိုက်စစ်ကလည်း မထင်မှတ်ပဲ အကောင်းဆုံးပုံစံရှိတဲ့အခါကျတော့ နောက်ပိုင်းရောက်တော့ ဘယ်လ်ဂျီယမ်က ဂျပန်ကို ၂ ဂိုးပေးလိုက်ရတော့ သူတို့က သူတို့ဘက်က ကစားသမားတွေကိုလဲလိုက်တယ် အဲဒီနောက်ပိုင်း ဂိုးတွေပြန်ရလာတာ အဲဒါကြောင့်ကျနော်ထင်တယ် ဒီပွဲက ဘယ်လ်ဂျီယမ်အသင်းသားတွေထက် ဘယ်လ်ဂျီယမ်နည်းပြမှာ စွမ်းဆောင်ရည် ရှိတယ်လို့ ကျနော်ယူဆမိတယ်ခင်ဗျ။”

အင်္ဂါနေ့မှာကန်ကြမယ့် ဆွီဒင်နဲ့ ဆွစ်ဇာလန်ပွဲ၊ အင်္ဂလန်နဲ့ ကိုလမ်ဘီယာပွဲတွေဟာ ၁၆ သင်း ရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ်တွေ ဖြစ်ပါတယ်။

ဒီထဲမှာမှ မြန်မာပရိသတ်အများစု နှစ်သက်အားပေးကြတဲ့ အင်္ဂလန်အသင်းဟာ ကိုလမ်ဘီယာနဲ့ အရင်ကကန်ဖူးတဲ့ နိုင်ငံတကာပွဲ ငါးပွဲမှာ တပွဲမှမရှုံးဖူးဘဲ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ၁၉၉၈ အုပ်စုပွဲစဉ်မှာ တကြိမ်ပဲဆုံဖူးပြီး အဲဒီအချိန်က ဘက်ခမ်းရဲ့ဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရဖူးပါတယ်။

အခုပွဲမှာရော အင်္ဂလန်ကိုအားပေးတဲ့ ကိုယဉ်ထွေး ဘယ်လိုမျှော်လင့်ထားပါသလဲ

“အင်္ဂလန်ကတော့ ကိုလမ်ဘီယာထက် နည်းနည်းလေး ကစားကွက်ရော လူအင်အားရော အားလုံးက အသာစီးနဲ့ ကစားတာတွေ့ရတယ်။ ဒါပေမယ့် အခု World Cup မှာအားလုံး ကပေါက်တိကပေါက်ချာဖြစ်နေတာတွေ့ရတယ် ၊ အသင်းကြီးတွေ ထွက်သွားတယ်။ ဒါပေမယ့် အင်္ဂလန်ကိုတော့ ကျနော်အားပေးတဲ့အထဲမှာပါတဲ့အတွက် အင်္ဂလန်ကတော့ ကိုလမ်ဘီယာကို ကျော်နိုင်တဲ့အင်အားတော့ နည်းနည်းလေးပါနေတာတွေ့ရတယ်ခင်ဗျ။”

ကိုလမ်ဘီယာအသင်းဟာ အခုရှုံးထွက်အဆင့်ကို တတိယအကြိမ် ရောက်လာတာဖြစ်ပြီး ဒီ့မတိုင်ခင်က ၁၉၉၀ ပြည့်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ နှစ်ကြိမ်ရောက်ထားဖူးသလို ၂၀၁၄ တုန်းက ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ထိ တက်သွား ဖူးပါတယ်။ ဒီပွဲဟာ အကျိတ်အနယ်ဖြစ်လိမ့်မယ်လို့ ကိုဝင်းကျော်မင်းက သုံးသပ်ပါတယ်။

“ကိုလမ်ဘီယာနဲ့ အင်္ဂလန်ပွဲကတော့ အုပ်စုပွဲစဉ်တွေမှာတော့ ကိုယ်စီရှုံးတာတွေ့ခဲ့တယ်။ အသင်း ၂ သင်းလုံးကတော့ အကောင်းဆုံးပုံစံရှိနေတာကိုတော့ ကျနော်တို့ ယူဆလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်း ၂ သင်းလုံးမှာ ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေရှိနေတယ်။ အင်္ဂလန်မှာ Harry Kane လိုမျိုး အခုလက်ရှိဂိုးသွင်းအများဆုံး ဦးဆောင်နေတဲ့ ကစားသမား၊ သူလည်း အခုလက်ရှိဂိုးသွင်းအများဆုံးရဖို့ ရေပန်းစားနေတယ် ၊ Cristiano Ronaldo တို့ထွက်သွားတဲ့အချိန်မှာ သူ့အတွက်က အခွင့်အရေးရှိနေတယ်။ တဖက်က ကိုလမ်ဘီယာကလည်း ဥရောပအသင်းတွေနဲ့ တွေ့ရင် အကောင်းဆုံးပုံစံရှိနေတဲ့အသင်းဆိုတော့ ဒီပွဲကတော့ ပွဲကောင်းတခုဖြစ်လာနိုင်တယ်လို့ ထင်တယ်ခင်ဗျ။”

အင်္ဂါနေ့ပထမပွဲဖြစ်တဲ့ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ဟာ နိုင်ငံတကာပွဲတွေမှာ ၂၉ ကြိမ်ထိ တွေ့ထားဖူးပေမဲ့ ကမ္ဘာ့ဖလားမှာတော့ ပထမဆုံးအကြိမ် တွေ့ကြတာပါ။ ဆွီဒင်အသင်းဟာ ၁၉၉၄ ခုနှစ်ပြိုင်ပွဲမှာ တတိယအဆင့် ရတုန်းကပဲ ၁၆ သင်း ရှုံးထွက်အဆင့် ကိုကျော်ဖူးပြီး နောက်ပိုင်းမှာ ဒီအဆင့်ကို တခါမှ မကျော်သေးပါဘူး။

ဆွစ်ဇာလန်အသင်းဟာ လည်း ၁၉၉၄၊ ၂၀၀၆ နဲ့ ၂၀၁၄ တို့မှာ ဒီအဆင့်ကနေ ပြုတ်သွားတာချည်းဖြစ်တဲ့အပြင် သွင်းဂိုးတောင် တဂိုးမှ ရှိမထားဖူးပါဘူး။ ဒါကြောင့် ဒီနှစ်သင်းပွဲဟာလည်း အပြန်အလှန်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်

XS
SM
MD
LG