သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ကမ္ဘာ့လူသားချင်း စာနာမှုနေ့ အမျိုးသမီးတွေကို အထူးဂုဏ်ပြု


သြဂုတ်လ ၁၉ ရက်နေ့ဟာ ကမ္ဘာ့ လူသားချင်းစာနာမှုဆိုင်ရာ နေ့ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၉ ခုနှစ် ကမ္ဘာ့လူသားချင်း စာနာမှုဆိုင်ရာ နေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးတွေကို အထူး ဂုဏ်ပြုထားကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။

အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ဗီဒီယိုကတဆင့် ဒီနှစ် ကမ္ဘာ့ လူသားချင်းစာနာမှုဆိုင်ရာနေ့မှာ အမျိုးသမီးတွေကို အထူး ဂုဏ်ပြုကြောင်း ပြောကြားခဲ့တာပါ။ လူသားချင်း စာနာမှုလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေကြောင့် အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်တွေ၊ အမျိုးသား အမျိုးသမီးတွေရဲ့ ဘ၀ အခြေအနေပိုမိုကောင်းမွန်ခဲ့ရတယ်။ ဒါကြောင့် အဲဒီ အမျိုးသမီးတွေကို အထူး ဂုဏ်ပြုရတာ ဖြစ်ပါတယ်လို့ ကုလ အတွင်းရေးမှူးချုပ် Guterres က ပြောခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခကြား ရောက်ရှိနေတဲ့ အရပ်သားတွေကို အကူအညီ ပေးတာကနေ ရောဂါ ကူးစက် ပြန့်နှံ့မှုလို ဘေးကိစ္စတွေကို ဖြေရှားတာမျိုးတွေ အထိ လူသားချင်း စာနာမှုဆိုင်ရာနယ်ပယ်မှာ အမျိုးသမီးတွေ ရှေ့တန်းမှာ ပါဝင်ကြောင်း၊ သူတို့ရဲ့ ပါဝင်မှု အတိုင်းအတာ မြင့်တက် လာတာနဲ့အတူ အကူအညီပေးရေး လုပ်ငန်းတွေ ပိုမို ထိရောက်လာကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ကမ္ဘာတစ်ဝှမ်း အကူအညီပေးရေးဆိုင်ရာ ဝန်ထမ်းလုပ်သား ၂ သိန်းခွဲ ရှိလို့ ဒါဟာ အကူအညီပေးရေး လုပ်သား ဝန်ထမ်းအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အကူအညီပေးရေး လုပ်ငန်းတွေဟာ လွယ်ကူတဲ့လုပ်ငန်းတွေတော့ မဟုတ် ပါဘူး။ မလွယ်ကူတဲ့အပြင် တစ်နေ့တစ်ခြား ပိုမို အန္တရာယ်များ လာနေပါတယ်။ ကုလသမဂ္ဂအဆိုအရ အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့က ကုလ သမဂ္ဂရဲ့ ရုံး တိုက်ခိုက်ခံခဲ့ရတဲ့၂၀၀၃ ခုနှစ် သြဂုတ်လက စလို့ ကနေ့အထိ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း ၄ ထောင် ၅ ရာ ကျော် သေဆုံး၊ ဒဏ်ရာရ၊ ဒါမှမဟုတ် အတိုက်ခိုက်ခံရ၊ အဖမ်းခံရကြတယ်လို့ ဆိုပါတယ်။ အကြမ်းဖျဉ်း တစ်ပတ်မှာ ငါးကြိမ်နီးပါး တိုက်ခိုက်ခံရတဲ့ သဘော ဖြစ်ပါတယ်။ ဒီအထဲ အမျိုးသမီး လုပ်သားတွေဟာ လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ တစ်ခြား အကြမ်းဖက် ခံရမယ့် အန္တရာယ် ပိုရှိ တယ်လို့လည်း ဆိုပါတယ်။

ဂျီနီဗာမြို့မှာတော့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ လူသားချင်းဆိုင်ရာ နေ့ကို ဂုဏ်ပြု ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကုလမသဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး နဲ့ အရေးပေါ် အကူအညီပေးရေး ဒုတိယ အကြီးအကဲ Ms. Ursula Muller က ပြုလုပ်ခဲ့ပါတယ်။

“လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်သားတွေကို ဂုဏ်ပြုဖို့ ဒီနေ့ကို လူသားချင်း စာနာမှုဆိုင်ရာ နေ့အဖြစ် သတ်မှတ်တာပါ။ အကူအညီပေးရေး လုပ်သားတွေဟာ တစ်ခါတစ်ရံမှာ သူတို့ရဲ့ အသက် အန္တရာယ် ကျရောက်ခံပြီး သူတို့ရဲ့ အလုပ်ကို လုပ်ကြရတာဖြစ် ပါတယ်။ သူတို့ရဲ့ အကူအညီကို ပိုပြီး လိုအပ်လာချိန်မှာပဲ အန္တရာယ်ကလည်း ပိုကြီးလာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ အကူအညီ ပေးရေး လုပ်သားတွေအတွက် ငါးနှစ်အတွင်း အဆိုးဆုံး နှစ်ပါ။ မှတ်တမ်းထားခဲ့တဲ့အချိန်က စပြီးတော့ပြောရင်တော့ ဒုတိယ အဆိုးဆုံးနှစ်ဖြစ်ခဲ့ ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံ ၃၅ နိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်သား ၄၀၅ ယောက် အန္တရာယ် ကျရောက်ခဲ့ပြီး ၁၃၁ ယောက် သေဆုံးခဲ့သလို၊ ၁၄၄ ဒဏ်ရာရရှိခဲ့ပြီး ၁၃၀ အဖမ်းခံခဲ့ရ ပါတယ်။”

ဒီနှစ်ဟာ လူသားချင်း စာနာမှုဆိုင်ရာနေ့ ကျင်းပလာခဲ့တာ ၁၀ နှစ် ပြည့်မြောက်တဲ့ နှစ်ဖြစ်ပါတယ်။ ၁၀ နှစ်ပြည့်တဲ့နှစ်မှာ အကူအညီ ပေးရေး လုပ်သားတွေ အထဲ အမျိုးသမီး လုပ်သားတွေကို အထူး ဂုဏ်ပြုတဲ့အကြောင်းကိုလည်း သူက ပြောပါတယ်။

“ဒီနှစ် လူသားချင်းစာနာမှုဆိုင်ရာနေ့မှာတေ့ မှတ်တမ်းတင် အဖြစ်အပျက် ဇတ်လမ်း ၂၄ ခန်းလို့ ခေါ်ဆိုတဲ့ campaign အစီအစဉ် တစ်ခုကို စခဲ့ပါတယ်။ လူသားချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ လုပ်ငန်းထဲ စွမ်းစွမ်း တမန် တာဝန်ထမ်းဆောင်ခဲ့ပြီး အထောက်အကူ ပြုခဲ့တဲ့ အမျိုးသမီး ၂၄ ယောက်ကို ဂုဏ်ပြုထားတဲ့ အစီအစဉ်ပါ။”

အမျိုးသမီး ဝန်ထမ်း လုပ်သားတွေဟာ ဒုက္ခရောက်နေသူတွေကို သွားရောက်တွေ့ဆုံနိုင်ဖို့အရေး စေ့စပ်ဆွေးနွေးတာကနေ အီဘိုလာလို ကူးစက်ရောဂါခံစားရတဲ့ လူတွေကို အသက်ကယ်တင်ဖို့ လုပ်ဆောင်ကြသလို သဘာ၀ ဘေးအန္တရာယ်တွေအတွက်လည်း အကူအညီ အများကြီး ပေးနေတာ ဖြစ်ကြောင်း၊ အထူးသဖြင့် ပဋိပက္ခ ဒါမှမဟုတ် အကျပ်အတည်းအတွင်း အကူအညီ လိုအပ်တဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို အမျိုးသမီး လုပ်သား တွေက ပိုပြီး ထိထိရောက်ရောက် အကူအညီ ပေးနိုင်ကြောင်းလည်း Ms. Ursula Muller က ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ အီရတ်က ကုလသမဂ္ဂရုံး အတိုက်ခံခဲ့ရရာမှာ ကုလ ဝန်ထမ်း ၂၂ ယောက် သေဆုံးခဲ့ပါတယ်။ တစ်ချိန်မှာ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဖြစ်လာမယ်လို့ ခန့်မှန်းခံထားရသူ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဘရာဇီးလ်း နိုင်ငံသား Sergio Vieira de Mello နဲ့ အမျိုးသမီး ၇ ယောက်လည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ အီရတ်မှာ သေဆုံးခဲ့သူတွေ အပါအဝင် လူသားချင်း စာနာမှုလုပ်ငန်း အတွက် အသက်ပေးဆပ်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၈ ခုနှစ်က စပြီး သြဂုတ်လ ၁၉ ရက်နေ့ကို လူသားချင်း စာနာမှုဆိုင်ရာ နေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG