သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်းအစိုးရ တရားဥပဒေလေးစားဖို့ လိုအပ် 


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားဥပဒေစိုးမိုးမှုအခြေအနေ တိုးတက်လာပေမဲ့၊ အစိုးရဘက်က တည်ဆဲဥပဒေတွေကို လိုက်နာဖို့ မကြာခဏ သတိပေးနေရတဲ့အခြေအနေတွေ ရှိနေတဲ့အကြောင်း ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ကို တည်ထောင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း Dr. ညိုညိုသင်းက VOA ကို ပြောပါတယ်။ Eleven Media အဖွဲ့က သတင်းထောက် သုံးယောက်ကို ဖမ်းဆီးတဲ့ကိစ္စဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အမဲစက်တခုဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းရာမှာ ရန်ကုန်တိုင်း တရားဥပဒေစိုးမိုးရေး အခြေနေကို Dr. ညိုညိုသင်း က အခုလိုစပြောပါတယ်။

ဒေါက်တာ ညိုညိုသင်း။ ။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ရှိရင် ကျမတို့ တခြားသော တချို့မြို့ကြီးတွေနဲ့ နှိုင်းယှဉ်တဲ့အခါဆိုရင် ရန်ကုန်အခြေအနေက အများကြီးတော့ မဆိုးသေးပါဘူး။ ဒါပေမယ့် ရန်ကုန်က မီဒီယာတွေ အများကြီးရှိတဲ့နေရာဆိုတော့ အစိုးရက တည်ဆဲဥပဒေတွေကို လိုက်နာတဲ့အပိုင်းမှာတော့ တော်တော်လေးကို အားနည်းချက်တွေရှိတာပေါ့နော်။ ဒါကြောင့်မို့လို့ ကျမတို့က အစိုးရကို ခဏခဏ မီဒီယာထဲကတဆင့်သတိပေးရတယ်ပေါ့နော်။ ရန်ကုန်အစိုးရက ပြည်သူတင်မြောက်တဲ့ အရပ်သားအစိုးရဖြစ်တဲ့အတွက်ကြောင့် တည်ဆဲဥပဒေတွေကို လိုက်နာပါဆိုပြီးတော့ ကျမတို့ မကြာခဏ တိုက်တွန်းရတာရှိပါတယ်။ အစိုးရပိုင်းမှာပေါ့နော် အခုကလည်း ဥပဒေချုပ်လည်း လဲသွားပြီးဆိုတော့ အရင်ဥပဒေချုပ်လက်ထက်ကဆိုရင် အစိုးရဟာ တည်ဆဲဥပဒေနဲ့ လုပ်တဲ့အပိုင်းမှာ အရမ်းကို အားနည်းပါတယ်။ ဒါကြောင့် ကျမတို့ကအစိုးရကို ပြန်ပြန်ပြီးတော့ ခဏခဏ ပေါ့နော် ရန်ကုန်အစိုးရကို တည်ဆဲဥပဒေကို လက်နာပါဆိုပြီးတော့ ပြောတဲ့ဟာမျိုးတွေ ကျမတို့ တော်တော်ရှိခဲ့တယ်။ ဥပမာ-ထင်ရှားတာ မြို့နယ် ၁၁ မြို့နယ်မှာ ဆန္ဒပြခွင့် ပိတ်ပင်တာမျိုး အဲဒါ ကျမတို့ ပြန်ပြောရတယ်ပေါ့နော် ၊ မဟုတ်ဘူး ဒီလိုပိတ်ပင်ခွင့်ဥပဒေက မပေးထားဘူး။ ဥပဒေက ဆန္ဒပြခွင့် လူတိုင်းကို ပေးထားတယ်၊ အဲလိုပြောတဲ့အခါကျတော့ အဲဒီထဲမှာ နည်းနည်းစွာတဲ့လူဆိုရင် မတ်လတုန်းကဆိုရင် ကျမဦးဆောင်ပြီးတော့ Peaceful Assembly Law အတွက်ကို ဦးဆောင်ပြီးတော့ Demonstration လုပ်တဲ့အခါမှာ အစိုးရက ခွင့်ပြုတယ်၊ ဒါပေမယ့် Peace အတွက်ကို ကလေးတွေလုပ်တဲ့အခါမှာ ခွင့်မပြုဘူးပေါ့နော် ၊ သူက လူကိုကြည့်ပြီးတော့ မူကိုကျင့်သုံးသလိုဖြစ်နေတယ်ပေါ့နော်။ အဲဒီတော့ ကျမတို့ ပြင်းပြင်းထန်ထန် တိုက်တွန်းမှုတွေလုပ်ရပါတယ်။ အစိုးရ အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားပါ။ အစိုးရက တရားဥပဒေကို လေးစားမှ ပြည်သူက တရားဥပဒေကို လေးစားချင်စိတ်ဖြစ်လာမယ်ဆိုတာကို ရန်ကုန်အစိုးရကို မကြာခဏ တိုက်တွန်းနေရတဲ့ ကိစ္စပါပဲ။

ဦးသိန်းထိုက်ဦး။ ။ NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းနဲ့ပတ်သက်လို့ ဥပဒေရေးအရ အကြီးဆုံးတာဝန်ရှိသူတယောက်ကို အရေးယူတဲ့ ကိစ္စ ၊ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးတဲ့အမှုနဲ့ ပတ်သက်လို့ ဒါက တရားဥပဒေအရ လာဘ်စားမှု တိုက်ဖျက်ရေးမှာ အောင်မြင်မှုတခုအဖြစ် ၊ဥပဒေရေးရာအရ တိုးတက်မှု တခုအဖြစ် ပြောဆိုတာလည်း ရှိပါတယ်။ ဒီအခြေအနေကရော တကယ်တမ်းတိုးတက်အားရစရာ အခြေအနေလို့ မြင်ပါသလား။

ဒေါက်တာ ညိုညိုသင်း။ ။ ဟုတ်ကဲ့အခုလို သမ္မတကြီးကလည်း ဒီကိစ္စမှာ စိတ်ဝင်စားတယ်ပေါ့နော်၊ ကော်မရှင်အနေနဲ့လည်း ဒီအပေါ်မှာ အာရုံထားပြီးတော့ အခုလို စုံစမ်းစစ်ဆေးပြီးတော့ တင်ပြလာတဲ့အတွက်ကို ကျမတို့က ကြိုဆိုတယ်ပေါ့နော် ။ ဒါက အစိုးရလက်ထက်မှာ ငါးကြီးကြီးတွေကို ဖမ်းမိတယ်လို့ ပြောရမှာပါ။ အဲဒီလိုမျိုးပဲ ရန်ကုန်မြို့တရားရုံးတော်တော်များများမှာ ဒီလိုကိစ္စတွေအများကြီးရှိတယ်ဆိုတာကို ကျမသိစေချင်ပါတယ်။ ကျမတို့ဆီမှာလည်း မှတ်တမ်းတင်ထားတဲ့အမှုတွေတော်တော်များများရှိနေပါတယ်။ အောင်ရဲထွေးအမှုလိုပဲ အဂတိလိုက်စားမှုတွေ ပါဝင်ပတ်သက်နေနိုင်တဲ့ အမှုတွေအများကြီးရှိနေနိုင်ပါတယ်။ ကော်မရှင်ကတော့ အခုတော့မနိုင်သေးဘူးပေါ့လေ။ သူကလည်း သူရှိတဲ့အားလေးနဲ့ လုပ်နေတာ ရန်ကုန်တိုင်းအတွက်ဆိုရင် ကော်မရှင်က ရန်ကုန်တိုင်းမှာ အခြေစိုက်နိုင်တဲ့အနေအထားမရှိသေးဘူး။ နေပြည်တော်မှာပဲ အခြေစိုက်တာဆိုတော့ ရန်ကုန်တိုင်းအတွက်ကို ကော်မရှင်က အများကြီးလုပ်စရာရှိနေပါသေးတယ်။

ဦးသိန်းထိုက်ဦး။ ။ အခုဒီ Eleven Media သတင်းထောက် ၃ ယောက် ခေါ်ယူထိန်းသိမ်းခံရတဲ့ ကိစ္စမှာ လက်ရှိ တည်ဆဲဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ဝေဖန်တာတွေလည်းရှိပါတယ်။ သတင်းထောက်တွေကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ နဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားရှိပါသလဲ။

ဒေါက်တာ ညိုညိုသင်း။ ။ ဒီကိစ္စကလည်း ရန်ကုန်အစိုးရရဲ့ အမဲစက်တခုပါပဲ။ ရန်ကုန်အစိုးရက မီဒီယာတွေနဲ့ ပတ်သက်လို့ရှိရင် အင်မတန်ကို အကဲဆက်တယ်ဆိုပြီးတော့ ဒါ တတိုင်းပြည်လုံးက မှတ်ချက်ပြုထားတာရှိပါတယ်။ အဲဒီတော့ ဒီကိစ္စမှာလည်း ရာဇသတ်ကြီးဥပဒေနဲ့ သတင်းထောက်တွေကို စွဲပြီးတော့ ချက်ချင်းအာမခံမပေးပဲနဲ့ ထည့်လိုက်တယ်ဆိုတာက မီဒီယာတွေအပေါ်မှာ အငြိုးရှိတယ်ဆိုတာ ထင်ရှားတဲ့ အပြုအမှုတခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ရန်ကန်အစိုးရ ကို ခဏခဏတိုက်တွန်းပါတယ်ပေါ့နော်။ တပ်မတော်အစိုးရကတောင်မှ မီဒီယာကောင်စီတွေနဲ့ ညှိနှိုင်းပြီး ၆၆ (ဃ)အမှုတွေဆိုရင် ပြန်လွှတ်ပေးခဲ့တာရှိတယ်ပေါ့နော်။ ဒါကြောင့် ပြည်သူတင်မြှောက်ထားတဲ့ အရပ်သားအစိုးရအနေနဲ့ ရာဇသတ်ကြီးဥပဒေကို ကျင့်သုံးပြီးတော့ မီဒီယာတွေကို ထောင်ထဲပို့တဲ့အလုပ်ကို ဆင်ခြင်ပါဆိုပြီးတော့ မကြာခဏ မီဒီယာတွေဘက်က၊ ပြည်သူ၊ အရပ်ဘက် အဖွဲ့အစည်းဘက်က ခဏခဏတိုက်တွန်းမှုတွေရှိပါတယ်။ ဒါပေမယ့် တိုက်တွန်းမှုတွေက အားပျော့သွားတဲ့အချိန်မှာ အခုလိုမျိုး ရန်ကုန်အစိုးရက ပြန်ပြီးတော့ ခေါင်းထောင်လာပြီးတော့ မီဒီယာအပေါ် ဖိနှိပ်မှု ပြန်ထွက်လာတာလို့ ယူဆပါတယ်။ ဒါကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူက အမြဲနိုးနိုးကြားကြား သတိရှိပြီးတော့ အစိုးရကို တည်ဆဲဥပဒေနဲ့အညီလုပ်ဖို့ အမြဲတမ်းတွန်းအားပေးနေဖို့ ရန်ကုန်မှာ တကယ် လိုအပ်တဲ့အနေအထားဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ရန်ကုန်စောင့်ကြည့်ရေး ဒေါက်တာညိုညိုသင်း နဲ့ မေးမြန်းခန်း
please wait

No media source currently available

0:00 0:05:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG