သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခံရမှု၊ ဖမ်းဆီးခံရမှုများ ရှိခဲ့


ရန်ကုန်ဆန္ဒပြပွဲအတွင်း မျက်ရည်ယိုဗုံးများ သုံးပြီး ဖြိုခွင်းခံခဲ့ရလို့ အကာကွယ်ယူ ထွက်ပြေးကြတဲ့ ဆန္̔ဒသူတချို့။ (မတ် ၀၁၊ ၂၀၂၁)
ရန်ကုန်ဆန္ဒပြပွဲအတွင်း မျက်ရည်ယိုဗုံးများ သုံးပြီး ဖြိုခွင်းခံခဲ့ရလို့ အကာကွယ်ယူ ထွက်ပြေးကြတဲ့ ဆန္̔ဒသူတချို့။ (မတ် ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ဖေဖော်ဝါရီ ၁ ရက်နေ့က စလို့ တပ်မတော်အာဏာသိမ်းလိုက်တဲ့ အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အရှိန်လျော့ မသွားဘဲ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒီကနေ့မှာတော့ စမ်းချောင်းနဲ့ လှိုင် ကမာရွတ်ဘက်တွေမှာတော့ အာဏာပိုင်တွေဘက်က သပိတ်ဖြိုခွဲတာနဲ့ ဆန္ဒပြသူတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးတာတွေ လုပ်လာတွေ ရှိတယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့ အခြေ အနေတွေကို ဗွီအိုအေ သတင်းထောက် မမေခက စုစည်းတင်ပြပေးပါမယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ တပ်မတော်အာဏာသိမ်းလိုက်တဲ့ အပေါ် ဆန့်ကျင်ဆန္ဒပြမှု တွေဟာ ၁ လ ကြာတဲ့ အထိ ငြိမ်သက်သွားတာမရှိဘဲ ဆက်လက်အားကောင်းနေဆဲဖြစ် ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းလောက်က စလို့ အင်းစိန်လမ်းမပေါ်မှာရှိတဲ့ ဘူတာရုံလမ်း ဘက်နဲ့ စမ်းချောင်းဘက်တွေမှာတော့ အာဏာပိုင်တွေဘက်က မျက်ရည်ယိုဗုံး၊ အသံဗုံးနဲ့ ရာဘာကျည်တွေ သုံးကာ လူစုခွဲတာတွေ ရှိခဲ့ပေမဲ့ ဆန္ဒပြ ပြည်သူတွေကတော့ ဖြိုခွဲခံရပြီးတိုင်း ပြန်စုဆန္ဒပြ နေကြပါတယ်။

ကျွန်းတောလမ်းရှိ ဆန္ဒပြလူစုအား ရဲနှင့်တပ်က မီးခိုးဗုံးများ ပစ်သွင်းပြီး လူစုဖြိုခွဲတာတွေရှိတာမှာ ဖမ်းဆီးခံရသူတချို့လည်းရှိပါတယ်။

ကျွန်းတောလမ်း ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးက ဖြိုခွဲခံရမှုအခြေအနေကို ခုလိုပြောပြပါတယ်။

"ရဲတွေက မနေ့တုန်းကဆိုလို့ရှိရင် သူတို့က ဗဟိုလမ်းပေါ်က လက်ဖက်ရည်ဆိုင်နားလောက်ထိကိုပဲ တက်လာတယ်။ ဒီနေ့ကတော့ ဗဟိုလမ်းပေါ်ကနေတက်လာပြီးတော့ မြောင်းမြလမ်းပေါ်ထိ ဝင်တယ်ပေါ့နော်။ တက်လာတာ သူတို့ အင်အားက အယောက် ၄၀ လောက်ရှိမယ်ထင်တယ်။ လာတော့လေ... သေနတ်ကတော့လေ ဖောက်တယ် အများကြီးပဲ။ အချက် ၁၀ ချက်လောက်တော့ ရှိတယ်။ လမ်းကြားထဲက လူတွေက ဝင်သွားတော့လေ... လမ်းကြားထဲထိလည်း ဖောက်တယ်။ ဒီနေ့ကတော့ သူတို့ အရှေ့ကို နည်းနည်းတက်လာတယ်။ နောက်မြောင်းမြလမ်းထဲ ဝင်သွားတယ်ပေါ့။ ပြည်သူတွေ အတားအဆီး လုပ်တာလည်း ဖယ်လိုက်ကြတယ်။ အချုပ်ကားလည်း ပါတယ်လေ။"

ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းအတွင်းသို့ တစ်ပြိုင်နက် အာဏာပိုင်တပ်ဖွဲ့တွေ ဝင်လာပြီး မျက်ရည်ယိုဗုံး အများအပြားသုံးကာ ဖြိုခွဲတာ၊ ဆန္ဒပြလူငယ်တွေ ကာရံထားတဲ့ အတားအဆီးတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်ကာ လမ်းသွယ်တွေထဲထိပါ တောက်လျှောက်ဖြိုခွင်းတာ၊ ကျွန်းတောလမ်းနဲ့ ပြည်လမ်းကြားမှာရှိတဲ့ မကြီးကြီးလမ်း၊ စမ်းချောင်းလမ်း၊ မအူပင်လမ်းတို့မှာ ပိုက်ဆိပ်တိုက်ဝင်ရှာကာ နှစ်ဘက်ညှပ်ပိတ်ဆို့ ဖမ်းဆီးတာတွေ၊ လုပ်ခဲ့တာတွေ ရှိတယ်လို့ ရပ်ကွက်နေပြည်သူ တဦးက ပြောပါတယ်။ ဗားကရာလမ်းပေါ်မှာ နေရာယူထားတဲ့ ရဲအင်အား ၅၀ ကျော်ခန့်ရှိပြီး လမ်းတွေတိုင်းမှာ ပိတ်ဆို့မှုတွေ လုပ်နေတယ်လို့ပြောပါတယ်။

"အခုတော့လူငယ်အဖွဲ့တွေက ရှေ့မှာ ဒိုင်းသမားတွေကတော့ ထပ်ပြီး ရောက်လာတယ် ဒီနေ့လေ။ လောလောဆယ် ကလေးတွေတောင် ကျွန်းတောလမ်းဘက်မှာ ကလေးတွေပိတ်နေလို့ သွားခေါ်ဖို့ လုပ်တဲ့အခါကျတော့ ကျနော်လိုက်ပြီး ပတ်ဝင်တာမှာ တောက်လျှောက် ဘယ်အပေါက်ကိုမှ ဝင်လို့မရဘူးဖြစ်နေလို့ဗျ။ ဘယ်လိုမှ ကျွန်းတောဘက်ခြမ်းကို ဘယ်လိုမှ ကူးဝင်လို့မရဘူး ပိတ်နေတယ်ခင်ဗျ။"

နောက်ထပ်ပိုက်ဆိပ်တိုက် ဖြိုခွဲမှုတွေ လုပ်နေတဲ့ နေရာတခုကတော့ အင်းစိန်လမ်းမပေါ်က ဘူတာရုံ လမ်းဘက်မှာပါ။ အဲဒီမှာလည်း မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ပစ်ကာ လူစုခွဲခဲ့ပြီး အဖမ်းအဆီးတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြနေသူများကို လက်ဖက်ရည်ဆိုင်များ၊ အိမ်များအထိ ပါဝင်ရောက်ရှာဖွေဖမ်းတာတွေလည်း လုပ်ခဲ့ပါတယ်။ ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်က သပိတ်စစ်ကြောင်းကို သုံးကြိမ်ထက် မနည်း မျက်ရည်ယိုဗုံးတွေပါ သုံးခါဖြိုခွဲနေတာလည်းဖြစ်ပါတယ်။

အင်းစိန်လမ်းမပေါ် ဆင်ရေတွင်းမှတ်တိုင်နားမှာလည်း ဆန္ဒပြနေရာကနေ အဆင့်ဆင့်ရှေ့တိုး ဖြိုခွဲခံရခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်က မျက်ရည်ယိုဗုံး ၁၀ လုံးနီးပါး သုံးခဲ့ဖြိုခွဲခဲ့ပြီး ဆန္ဒပြ ပြည်သူတွေကတော့ ဖြိုခွဲခံရပြီးတိုင်း ပြန်စုဆန္ဒပြနေကြပါတယ်။

မနေ့ကသွေးမြေ ခခဲ့ရတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိခဲ့တဲ့ သင်္ဃန်းကျွန်းမှာတော့ ပြည်သူတွေက လေးထောင့်ကန်လမ်းပေါ်မှာ ဆက်လက်ပြီး ဆန္ဒပြနေကြတာရှိသလို မနေ့က ကျဆုံး သူတွေအတွက်လည်း အမှတ်တရ ဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။

မြို့ထဲ ပန်းဆိုးတန်းလမ်းမနဲ့ အနော်ရထာဘက်မှာတော့ ဒီကနေ့ညနေပိုင်းမှာ ရဲအင်အားတိုးချထားပြီး ကားနဲ့ ရဲအပြည့်နဲ့ ပိတ်ဆို့ ကာရံတာတွေ လုပ်ထားတယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

"ညနေ ၄ နာရီဝန်းကျင်လောက်ကပေါ့... ပန်းဆိုးတန်းဘက်ကနေပြီးတော့ ဆူးလေဘက်ကို ဖြန့်ထားတယ်။ တံတားအောက်မှာ။ ဘာလို့လဲဆိုတော့ ဟိုဘက် ပန်းပဲတန်းဘက်လည်း သူတို့ ဖြန့်ရတယ်။ ဒီဘက် ဆူးလေးထောင့်ကလည်း ရှိရတယ်။ အနော်ရထာလမ်းမှာတော့ ရဲအင်အား ၂၀ လောက်ရှိတယ်။ တံတားအောက်မှာ။ မနက်ကလေ အေးအေးဆေးဆေးပဲ။ မနက်ကဆို အနော်ရထာမှာ ပိတ်တာတော့ပုံမှန်အတိုင်း ပိတ်ထားတယ်။ ရှိတာကတော့ ရဲအင်အား ၃၊ ၄ယောက်ရှိတယ်။ နေရိပ်မှာ ဒီတိုင်းထိုင်နေတယ်။ ပြီးတော့ ၃၄ လမ်းဘက် သူတို့ကား ခဏပိတ်ရပ်တယ်။ ခဏနေတော့ထွက်တယ်။ ဒီနေ့တော့ ဒီဘက် မျက်ရည်ယိုဗုံးအသံဗုံးမခွဲဘူး။"

ဒီကနေ့မှာတော့ စမ်းချောင်းနဲ့ အင်းစိန်လမ်းမပေါ်တွေမှာ အဖမ်းအဆီးတွေ ရှိခဲ့ပြီး လူဦးရေ ၂၀ မက ဖမ်းခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပေမဲ့ ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]



ရန်ကုန်ဆန္ဒပြပွဲအတွင်း တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၀၁၊ ၂၀၂၁)
ရန်ကုန်ဆန္ဒပြပွဲအတွင်း တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၀၁၊ ၂၀၂၁)













XS
SM
MD
LG