သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်နှစ်မှု ထပ်တိုး


ရန်ကုန်မြို့ စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတဦးကိုင်ဆောင်ထားတဲ့ ပန်းချီကားတခု။ (ဖေဖော်ဝါရီ ၀၉၊ ၂၀၂၁)
ရန်ကုန်မြို့ စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတဦးကိုင်ဆောင်ထားတဲ့ ပန်းချီကားတခု။ (ဖေဖော်ဝါရီ ၀၉၊ ၂၀၂၁)

[Zawgyi/Unicode]

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မထပ်တိုး တရားစွဲလိုက်ပြီး ဒုတိယအကြိမ် ရုံးထုတ်ချိန်အထိ အမှုမှာ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ ပါဝါတင်ခွင့်မရသေးပါဘူး။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်နှစ်ဦးကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ Video Conferencing နဲ့ ဒီနေ့ ရုံးထုတ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထပ်တိုးအမှု ၂ ခု၊ သမ္မတကို နောက်ထပ်အမှု ၁ ခုနဲ့ ထပ်တိုးစွဲဆိုလိုက်တဲ့အကြောင်း ရှေ့နေဦးခင်မောင်ဇော်က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

"ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၂ မှု ထပ်ပြီးတော့ စွဲတာပါ။ ပထမတခုက ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့စွဲထားတဲ့ Walkie-Talkie တွေပဲ။ အဲဒါကို သူကစည်းကမ်းဖောက်ဖျက်ပြီးတော့ အသုံးပြုတယ်ဆိုပြီးတော့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ထပ်စွဲမှာ။ နောက်ထပ်တမှုကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ အဲဒီ ၃ ယောက်ကို ၅၀၅ (ခ) နဲ့ ထပ်ပြီးတော့စွဲပါတယ်။ စွဲတဲ့အဖြစ်အပျက်တွေကိုတော့ တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုကြောင့်ဆိုပြီးတော့ ပြောတာရှိပါတယ်။"

ဒီနေ့ထပ်တိုးလိုက်တဲ့ အမှုတွေအရဆို အတိုင်ပင်ခံပုဂ္ဂိုလ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အပါအဝင်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုထားတာပါ။ သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အပါအဝင်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုထားပါတယ်။

အတိုင်ပင်ခံနဲ့ သမ္မတအမှုမှာ လိုက်ပါအကျိုးဆောင်ပေးမဲ့ ဥပဒေပညာရှင်တွေ ဒီကနေ့အထိ ရှေ့နေပါဝါမရကြလို့ စွပ်စွဲခံထားရသူတွေနဲ့ တွေ့ဆုံခွင့်မရသေးသလို၊ ရုံးထုတ်ချိန်မှာလည်း အခန်းထဲဝင်ခွင့် မရခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ကိုယ်စားလှယ်လွှဲစာ လက်မှတ်မရသေးလို့ သက်ဆိုင်ရာရဲကနေတဆင့် ဆက်သွယ်ထားပေမဲ့ အကြောင်းထူးမလာတဲ့အခြေအနေကို ရှေ့နေဦးခင်မောင်ဇော်က ...

"ကျနော်တို့က ၁၆ ရက်နေ့ကတည်းက အဲဒီ ရှေ့နေကိုယ်စားလှယ်စာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးဖို့ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီ ၁၆ ရက်နေ့ ရုံးချိန်းကတည်းက ရှေ့နေယူပါမယ်။ ပါတီကနေ တာဝန်ပေးတဲ့ အဆိုပြုတဲ့ရှေ့နေကိုပဲ သူငှားပါမယ်လို့ ပြောထားတယ်။ အဲဒီတော့ တရားသူကြီးကလည်း အဲဒီတုန်းကတည်းက သက်ဆိုင်ရာရဲကို အဲဒီလိုပါဝါယူဖို့အတွက် လုပ်ပေးလိုက်ပါဆိုပြီးတော့ ညွှန်ကြားထားပြီးပြီ။ အဲဒီတော့ အဲဒီနေ့ကတည်းက ကျနော်တို့ကလည်းပဲ NLD က သဘာပတိအဖွဲ့ဝင်ရဲ့ လှမ်းပြီးတော့ အကူအညီတောင်းတဲ့စာ၊ နောက်တခါ အဲဒီ ၁၆ ရက်နေ့ကပဲ NLD - CEC အဖွဲ့ဝင်ရဲ့ ခန့်အပ်တဲ့စာတွေနဲ့ တွဲပြီးတော့ သက်ဆိုင်ရာရဲကို ပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးဖို့ဆိုပြီး။ ဒါပေမဲ့ ဆက်တိုက်မရဘူးပေါ့ဗျာ။ မေးတယ် ခဏခဏမေးတော့လည်းပဲ သူကအထက်ကို တင်ထားပါတယ်ဆိုပြီး ဖြစ်တယ်။"

အထက်ကို စာတင်ထားတယ်လို့ ရဲအရာဆိုသူကပြောပေမယ့် NLD ရုံးချုပ်ဆီကိုတော့ ဘာအကြောင်းကြားစာမှ ရောက်မလာတဲ့အကြောင်း အဖွဲ့ချုပ်က ပြောဆိုထားတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ ရှေ့နေတွေ မပါသေးလို့ အမှုကို မစစ်ဆေးသေးဘဲ လာမယ့် ၁၅ ရက်နေ့ကို နောက်ထပ်ရုံးချိန်း သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့အပေါ် တရားစွဲဆိုထားပေမဲ့ တရားရုံးလုပ်ငန်းတွေ ရှင်းရှင်းလင်းလင်း မရှိတဲ့အပေါ်မှာ ဥပဒေပညာရှင်တွေ ဝေဖန်နေကြပါတယ်။ တရားစွဲခံရသူတွေ ရှေ့နေတွေနဲ့ တွေ့ခွင့်မရတာ၊ ဒုတိယအကြိမ် ရုံးထုတ်ပြီးချိန်ထိ ရှေ့နေပါဝါတင်ခွင့်မရတာတွေဟာ ဥပဒေနဲ့ မညီဘူးလို့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ရှေ့နေဦးကြီးမြင့်က သုံးသပ်ပါတယ်။

"သူတို့က ဒီ ၂၀၀၈ အခြေခံဥပဒေကို ရိုသေပါမယ်။ ၂၀၀၈ ဥပဒေအောက်ကပဲ သူတို့ အာဏာယူထားတာပါ ဆိုရင်တော့ ၂၀၀၈ က ပြဌာန်းထားတာတွေကို သူတို့လိုက်နာသင့်တယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်သင့်တယ်။ အဲဒီလိုဆိုရင် ဒီရှေ့နေတွေကိုလည်း ပါဝါတင်ရမယ်။ နောက်ပြီးတော့ ကိုဗစ်ကာလဆိုပေမဲ့လို့ တချို့နေရာတွေမှာ ရုံးထုတ်ပြီးတော့ လူတွေကို စစ်နေတာပဲလေ။ အဲဒီတော့ ဒီဟာက အများပြည်သူရှေ့မှောက်ကို ခေါ်ဆောင်လာသင့်တယ်။ ဒီလို ရှေ့နေညွှန်ကြားချက်လည်း ယူခွင့်မရှိ၊ ရှေ့နေမပါဘဲ အမှုစစ်ဆေးမယ်လို့ လုပ်နေတာသည် သူတို့ပြောနေတဲ့ ဥပဒေနဲ့အညီဆိုတဲ့ဥစ္စာက လုံးဝလျစ်လျူရှုလိုက်တာပဲ။"

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရဖို့ တောင်းခံခဲ့တာကို မြန်မာအာဏာပိုင်တွေက ငြင်းပယ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို ပုဒ်မထပ်တိုး တရားစွဲဆိုထားကြပြီး၊ အကျိုးဆောင်ပေးမယ့် ရှေ့နေတွေကလည်း သူတို့နဲ့တွေ့ခွင့်ရဖို့ ကြိုးပမ်းနေရတုန်းပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG