သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို အလုပ်ဖြစ်-မဖြစ်


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

[Zawgyi/Unicode]

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ အဆိုကို ရန်ကုန်တိုင်းလွှတ်တော်မှာ တင်သွင်းတာနဲ့ ပတ်သက်လို့ ဒီဟာက နိုင်ငံရေးအရ ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်မလဲဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်ကို ပြောပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ - U Phyo Min Thein's Facebook)
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ - U Phyo Min Thein's Facebook)

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို တိုင်းလွတ်တော်ကိုယ်စားလှယ် ၃၀ ကျော်က လက်မှတ်ရေးထိုးပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌကို ဇွန်လ ၅ ရက် လွှတ်တော်အရေးပေါ် အစည်းအဝေးရဲ့ နောက်ဆုံးနေ့က တင်ပြခဲ့ကြတာပါ။

ဒီအဆိုကို လွှတ်တော်မှာ တင်သွင်းထားပေမယ့် လက်ရှိအစိုးရရဲ့ သက်တမ်း ကုန်ခါနီးနေပြီးဖြစ်တာကြောင့် သိပ်ပြီးတော့ အကျိုးသက်ရောက်မှု ထူးထူးခြားခြားရှိလာမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါမေစိုးက သုံးသပ်ပါတယ်။

“လုပ်တာကတော့ သူက စတက်ကတည်းကကို အလုပ်ကတော့ လုပ်နေတာပေါ့နော်။ လုပ်တယ်ဆိုပေမဲ့လည်း တကယ်ပြည်သူလူထုအတွက် ကောင်းတဲ့ဟာတွေ လုပ်ထားတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အကြီးတွေကျတော့ မလုပ်နိုင်သေးတာ၊ မဖြစ်နိုင်သေးတာတွေလည်း ပါတာပေါ့နော်။ အဲ့ဒီအပေါ်မှာတော့ ဝေဖန်မှုတွေက အရမ်းကို မြင့်တက်တာပေါ့နော်၊ ရန်ကုန်တိုင်းဆိုတာကလည်း အရင်ကဆိုရင် မြို့တော် အခုဆိုရင် စီးပွားရေးမြို့တော်ပေါ့ဆိုတော့ လူနေမှုလည်း သိပ်သည်းတယ်။ လူတန်းစားအလွှာတွေကလည်း အစုံရှိတယ်။ အဲ့တော့လည်း ဝေဖန်သုံးသပ်ချင်စရာတွေကလည်း ပိုများတာပေါ့။ သုံးသပ်စရာကောင်းတဲ့ အကြောင်းအရာတွေက များလာတာပေါ့။ အဲ့တာကြောင့်မို့လို့လည်း ဒီလိုမျိုးဖြစ်တာပေါ့။”

ဗိုလ်တထောင်ဘုရားမှာ ကိုဗစ်ကာလ လူစုလူဝေးဖြစ်စေခဲ့တဲ့ကိစ္စ အပါအဝင် ဘတ်ဂျက် စီမံခန့်ခွဲမှု ကိစ္စတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ အဆိုတင်သွင်းဖို့ လက်မှတ်ထိုး ထောက်ခံခဲ့တာဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ရန်ကုန်တိုင်းလွှတ်တော်အမတ်လည်းဖြစ်သူ ဦးကျော်ဇေယျက ပြောပါတယ်။

ဒီလို လုပ်ရတာက နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နိုင်ငံရဲ့ ဥပဒေပြုမဏ္ဍိုင်ကို အဓိကထားပြီး တာဝန်ထမ်းဆောင်တာဖြစ်တယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

“ကျနော်တို့ အခုဒါ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပေါ့၊ ဒီလွှတ်တော်မှာ ဒါကမဖြစ်မနေ အတည်ပြုနိုင်ဖို့အတွက် လုပ်တဲ့အခါမှာ မဲခွဲပြီး ဆုံးဖြတ်ရမှာပေါ့၊ သို့သော်လည်းပဲ အဲ့က မဲရလာဒ်က အတည်ပြုနိုင်သည်ဖြစ်စေ၊ မှတ်တမ်းပဲ ထားနိုင်သည်ဖြစ်စေ ကျနော်တို့ကတော့ ဒါဟာ အားပါတဲ့ပါတီရဲ့ မဲရလာဒ်ကြောင့် ဒီဟာ ပြည်သူလူထုရဲ့ သဘောထားမမှန်ဘူးလို့ပဲ ယူဆတယ်။ တကယ့်အဖြေ၊ တကယ်အတည်ပြုနိုင်၊ မပြုနိုင်ဆိုတာက ကျနော့်အမြင်တော့ ၂၀၂၀ ရွေးကောက်ပွဲကာလ အဖြေထွက်မှပဲ သိမယ်။ ကျနော်တို့ကတော့ ဒါနိုင်ငံရေးအရ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ဥပဒေပြုရေမဏ္ဍိုင်ကို အဓိကထား တာဝန်ထမ်းဆောင် နေတာဖြစ်တယ်။ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ အတည်ပြုလိုက်တဲ့ ဥပဒေဟာ ကိုယ်တင်မြှောက်လိုက်တဲ့ အစိုးရကတော့ လိုက်နာခြင်းမရှိဘူးဆိုရင် ပြည်သူကလည်း ဘယ်လိုမှ လိုက်နာမှာမဟုတ်ဘူး။ အဲ့ဒီအတွက် ရည်ရွယ်ချက်နဲ့ကို ကျနော်တို့က လုပ်လိုက်တာပဲ။”

အခုလက်ရှိ လွှတ်တော်နားနေချိန်မှာ ဒီအဆိုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေကို လုပ်နေရမှာဖြစ်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောအရ လွှတ်တော် ပုံမှန်ပြန်စချိန် ဒါမှမဟုတ် အရေးပေါ် ပြန်ခေါ်ရင် ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြမယ်လို့ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်တဲ့အဆိုတင်တာနဲ့ပတ်သက်လို့ ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ လူထုရဲ့ ထောက်ခံမှုတွေက ပိုမိုမြင့်တက်လာနေတာကို တွေ့ရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

“ကျနော်တို့ ဟို တင်တယ်ဆိုတဲ့ သတင်းကြားတာပေါ့နော်။ အဲ့သတင်းကြားတယ်လို့ အပြင်မှာ မီဒီယာတွေမှာ ရေးသားလာတယ် ပြောဆိုလာတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လူထုရဲ့ ထောက်ခံမှု အရှိန်ကတော့ ကျနော်တို့ ပိုပြီးတော့ မြင့်တက်လာတာကို တွေ့ရတယ်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ထောက်ခံပါသည်၊ ဝန်းရံပါသည်၊ ကြိုဆိုပါသည်၊ ဆက်လက်ပြီးတော့ ဆောင်ရွက်ပါ ဆိုတဲ့ဟာတွေတောင်မှ ကျနော်တို့တွေ့ရတယ်ပေါ့နော်။ အဲ့လိုဆိုတော့ လွှတ်တော်ကနေပြီးတော့ ဘယ်လိုမျိုးအနေနဲ့ ဆုံးဖြတ်မယ်ဆိုတာတော့ ကျနော်တို့ မသိရသေးဘူးပေါ့၊ ဒါပေမဲ့ အခုလိုမျိုးဆောင်ရွက်လိုက်တဲ့အပေါ်မှာတော့ ဝန်ကြီးချုပ်ကိုထောက်ခံတဲ့ဟာက ပိုပြီးတော့ မြင့်တက်လာတယ်ဆိုတာကိုတော့ ကျနော်ပြောချင်တယ်။”

အခြေခံဥပဒေအရ ဝန်ကြီးချုုပ်ကို လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး စွပ်စွဲပြစ်တင်ချက်ကို လွှတ်တော်ဥက္ကဋ္ဌကို တင်ပြရမှာဖြစ်ပါတယ်။ ဒါကို လွှတ်တော်ဥက္ကဋ္ဌက စုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စွပ်စွဲချက်ကို စစ်ဆေးရမှာပါ။ ဒီစွပ်စွဲပြစ်တင်မှု အထမြောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၃ပုံ ၂ ပုံရဲ့ ထောက်ခံမဲ ရရှိဖို့လိုအပ်ပါတယ်။ လက်ရှိ ရန်ကုန်တိုင်းလွတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ၉၅ ရာခိုင်နှုန်းက NLD အမတ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ပြန်လည်ရုပ်သိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် NLD ပါတီ ဦးဆောင်တဲ့ လွတ်တော်ရဲ့ ထောက်ခံမှုမရရှိခဲ့တဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG