မြန်မာဘက်က အဆင့်သင့် မဖြစ်မခြင်း ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-O-Cha က မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံကို (၃)ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သောကြာနေ့က ထိုင်းဝန်ကြီးချုပ် တွေ့ဆုံရာမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ မြန်မာဒုက္ခသည်တွေရဲ့ ပြဿနာဖြေရှင်းရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် အရေးပါတဲ့ သဘောတူညီချက်တွေရခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
မနေ့ သောကြာနေ့က ဘန်ကောက်မြို့တော်မှာ ထိုင်းဝန်ကြီးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
ထိုင်းနယ်စပ် တက်ခ်ခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်း က မြန်မာ ဒုက္ခသည်တွေ နေရပ်ပို့ဆောင်ဖို့ နှစ်နိုင်ငံအစိုးရ ပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး အပါအဝင် မြန်မာဘက်က အဆင်သင့်ဖြစ်မှ ဒုက္ခသည်တွေပြန်ပို့ဖို့ အစီအစဉ်စတင်မှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကသတင်းထောက်တွေကိုပြောပါတယ်။
ဒါအပြင် မြန်မာအစိုးရကြိုးစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကိုလည်း ထိုင်းအနေနဲ့ သဘောတူကြောင်း အခုလိုပြောသွားပါတယ်။
"မြန်မာနိုင်ငံက ပဋိပက္ခတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး လာသူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့နှစ်ယောက်စလုံး အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ်အပေါ်မှာ သဘောတူညီကြပါတယ်။"
ထိုင်းနိုင်ငံမှာ လက်ရှိ မြန်မာဒုက္ခသည် တသိန်းကျော် ခိုလှုံနေထိုင်နေဆဲပါ။ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် လူတွေ အစုလိုက်အပြုံလိုက် သူတို့ရဲ့အိုးအိမ်တွေကိုစွန့်ခွာပြီး နယ်စပ်ကို ထွက်ပြေး လာခဲ့ကြတာဟာ နှစ်ပေါင်း (၃၀)ကျော်ရှိခဲ့ပါပြီ။ ဒါကြောင့် ဒုက္ခသည် အားလုံး နေရပ်ပြန်လာနိုင်ရေး အတွက် မြန်မာအစိုးရသစ်အနေနဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ့် အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
" ကျမတို့နိုင်ငံကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ လူတွေအားလုံး ကို နေရပ်ရင်းပြန်လာနိုင်ကြဖို့ ကျမတို့က လိုလားပါတယ်။ ဒါပေမဲ့လို့ သူတို့ အခုလိုပြန်လာတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်တော့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးဖို့ စဉ်းစားကြမယ့် အခြေအနေမျိုး ရှိမှ သူတို့ပြန်လာသင့်ကြပါတယ်။ အဲ့ဒီ့အတွက် ကျမတို့ လုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။ အားလုံးပြန်လာကြပါလို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ပြန်လာကြရင် နေထိုင်ဖို့အိမ်တွေ ရှိရမယ်။ သူတို့ သားသမီးတွေ ပညာသင်ဖို့ ကျောင်းတွေ ရှိရမယ်။ သူတို့ကိုစောင့်ရှောက်နိုင်ဖို့ ဆေးရုံတွေ ရှိရပါမယ်။ အရေးအကြီးဆုံးကတော့ သူတို့အတွက် အလုပ်အကိုင်တွေ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်ဖန်တီးရေးဟာ ကျမတို့နိုင်ငံအတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ "
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူညီချက် အပါအဝင် အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက် နဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွေမှာ နှစ်နိုင်ငံအလုပ်သမားရေးရာဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီကနေ့ စနေနေ့မှာတော့ရတ်ချ်ဘူရခရိုင် ထမ့်ဟင် ဒုက္ခသည်စခန်း ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုမယ့် အစီအစဉ်ကို ရာသီဥတု ဆိုးရွားဖို့ရှိတာကြောင့် ဖျက်သိမ်းခဲ့ပေမဲ့ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဘန်ကောက်မြို့ မှာ တွေ့ဆုံဖို့ရှိကြောင်း ထိုင်းနိုင်ငံ သတင်းတွေ မှာဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5