ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေကို တရားဝင် စတင်လက်ခံတော့မယ် ရက်နီးကပ် လာပေမဲ့လို့ သတင်းမီဒီယာသမားတွေကို နယ်စပ်ကြားစခန်းတွေမှာ သွားရောက်သတင်းရယူခွင့်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က မီဒီယာတွေကို အကြောင်းကြားပြီး ခရီးအတွက် စီစဉ်နေတာမျိုး မရှိသေးဘူးလို့ မြန်မာသတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်တဦးကပြောပါတယ်။ နိုင်ငံတကာနဲ့ ကုလ အပါအဝင် အများကအာရုံစိုက်တဲ့ ရခိုင်အရေး သတင်းလွတ်လွတ်လပ်လပ်ရယူနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရဘက်ကရော ပြည်နယ်အစိုးရဘက်က စနစ်တကျ သေချာစီစဉ်ပေးသင့်တယ်လို့ နိုင်ငံခြားသတင်းဌာနက သတင်းထောက်တဦးကလည်း ပြောပါတယ်။ မဆုမွန် တင်ပြပေးထားပါတယ်။
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းချီပြီး ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ သဘောတူညှိနှိုင်းချက်အရ အခုလာမယ့် ဇန်နဝါရီ ၂၃ရက်ကစလို့ ဒုက္ခသည်တွေကို အသုတ်လိုက်ပြန်လက်ခံဖို့ ဘင်္ဂလား-မြန်မာနယ်စပ်မှာ ပြန်လည် နေရာချထားရေးကြားစခန်းတွေ ဖွင့်လှစ်ထားပြီး မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ VOA မြန်မာပိုင်းကို ပြောဆိုထားပါတယ်။
အခုလိုမျိုး တရားဝင်စတင်လက်ခံတော့မယ့်အချိန်မှာ အဲ့ဒီ့ဘင်္ဂလား-မြန်မာ နယ်စပ် ကြားစခန်းတွေအထိ သွားရောက် သတင်းရယူဖို့အပါအဝင် သတင်းသမားတွေ လုံခြုံရေးနဲ့ သတင်းအချက်အလက် ရယူခွင့်တွေနဲ့ပတ်သက်ပြီး အထူးသဖြင့် ပြည်တွင်း သတင်းမီဒီယာတွေအပေါ် တစုံတရာအသိပေးအကြောင်းကြားတာမရှိသေးတဲ့အတွက် ပြည်သတင်းသမား မီဒီယာတွေဘက်က ပြန်ကြားရေးဝန်ကြီးဌာနကို မေးခွန်းထုတ်သလို မြန်မာသတင်းမီဒီယာကောင်စီကို ကြားဝင် စီစဉ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
မြန်မာသတင်းမီဒီယာကောင်စီရဲ့အဖွဲ့ဝင်လည်းဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ တာဝန်ခံခေါင်းဆောင်တဦး လည်းဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရခိုင်အရေးကိစ္စ သတင်းလွတ်လပ်စွာရယူနိုင်ဖို့ အစိုးရဘက်က စနစ်တကျစီစဉ်သင့်တယ်လို့ အခုလိုပြောပါတယ်။
“ကျနော်အမြင်မှာကတော့ ရခိုင်ကိစ္စက စကတည်းက သတင်းမီဒီယာတွေကို ကန့်သတ်ချင်တဲ့ဟာတွေက တောက်လျှောက်တွေ့လာရတယ်။ ဆိုတော့ သူတို့အရေအတွက် ကန့်သတ်လျှင်၊ ကန့်သတ်မယ်။ သို့မဟုတ် နိုင်ငံတကာမီဒီယာတချို့ကိုပဲ အစီအစဉ်မျိုးဖြစ်ကောင်း ဖြစ်နိုင်တယ်။ ရခိုင်အရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မီဒီယာကတောက်လျှောက် အကန့်အသတ်နဲ့ ရှိတာပေါ့။ သွားတဲ့လူတွေလည်း တကယ်လည်း အန္တရာယ်တွေရင်ဆိုင်ရတယ်ဆိုတော့ မီဒီယာတွေက သွားချင်တာတွေရှိတယ်။ ဒါပေမဲ့ စောစောက လုံခြုံရေးကိုစိုးရိမ်ရတာရယ်၊ ဝင်ခွင့်မရမှာ စိုးရိမ်တာရယ်။ အစိုးရဘက်ကတော့ ဘယ်လိုစိုးရိမ်မှုတွေရှိသလဲတော့ ကျနော်မသိဘူး။ သို့ပေမယ့် တကယ်တမ်းကျတော့ မီဒီယာတွေ ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာမှုရှိစွာနဲ့ အဲဒီလိုခေါ်သွားတာကတော့ အစိုးရဘက်အတွက် တကယ် အကျိုးရှိနိုင်တဲ့ဟာလို့ ကျနော်တော့ မြင်တယ်”
အရင်တုန်းကတော့ တပ်မတော်နဲ့ ပြည်နယ်အစိုးရတွေဘက်က သတင်းသမားတွေ လုံခြုံစွာသတင်းရယူနိုင်ရေး စီစဉ်ပေးတာမျိုးရှိပေမဲ့ အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေအရေး သတင်းသွားရောက်ရယူနိုင်ဖို့ အခုအချိန်ထိ တရားဝင်အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ NHK သတင်းဌာနက ကိုသီဟသွေးကပြောပါတယ်။
“မရှိဘူး။ ကျနော်တို့ကို အကြောင်းကြားတာလည်း မရှိသေးဘူး။ ဖိတ်တာလည်းမရှိသေးဘူး။ လက်ရှိနယ်မြေအနေအထားအရတော့လေ၊ အဲဒီနေရာနဲ့ တော်တော်ဝေးတယ်ဗျ။ ရဟတ်ယာဉ်နဲ့ သွားမှ ရခဲ့တာပေါ့ နေ့ချင်းပြန်မယ်ဆို၊ အကယ်၍မဟုတ်ဘူး ကျနော်တို့ မြေပြင်ကနေ ခေါ်မယ်ဆိုရင်၊ မောင်တောကို ကျနော်တို့ တရက်လောက်သွားရအုံးမှာ။ သွားပြီးမောင်တောကနေ ကားတွေနဲ့ အဲဒီနေရာတွေကို သွားရမယ့် သဘောရှိတော့၊ အမှန်တော့ သူတို့က အခုချိန်ဆိုလုပ်သင့်ပြီ။ ဆိုကြပါစို့၊ ၂၃ ရက်နေ့ဆိုရင်၊ ကျနော်တို့က ၂၂ လောက်ကတည်းက စစ်တွေ ရောက်နေရမယ်ဗျာ။ ဒီနေ့ပဲ ၂၀ ဖြစ်နေပြီဆိုတော့၊ အမှန်တော့ မနက်ဖြန်လောက်ကို ကျနော်တို့က စစ်တွေလောက်ရောက်သင့်တာပေါ့လေ။”
သတင်းသမားတွေ လွတ်လွတ်လပ်လပ်သတင်းရယူခွင့်အပါအဝင် ခိုင်မာတိကျတဲ့သတင်းအချက်အလက်တွေ ရယူနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရမှာ မီဒီယာနဲ့ပက်သက်ပြီး မူဝါဒ တိတိကျက ချမှတ်ထားဖို့နဲ့ သတင်းသမားတွေ စနစ်တကျသတင်းရယူနိုင်ဖို့ စီစဉ်ပေးသင့်တယ်လို့လည်း သတင်းမီဒီယာကောင်စီက ကိုမြင့်ကျော်က သုံးသပ်ပါတယ်။
“တကယ်တော့ ပြည်ထောင်စုအစိုးရက သတင်းရယူခွင့်နဲ့ ပတ်သက်လို့ မူဝါဒရှင်းရှင်းလင်းလင်းရှိသင့်တယ်။ နောက်တခုက အဲဒီဟာကို ဒီသက်ဆိုင်တဲ့ဒေသလုံခြုံရေး၊ ရဲတို့ နယ်ခြားစောင့်တပ်တို့၊ အဲဒီလိုမျိုးကို အသိပေးသင့်တယ်လို့ထင်တယ်။ ပြည်ထောင်စုအစိုးရကတော့ အဓိက လုပ်ရမယ့်သူပဲပေါ့နော်။ ပြည်နယ်အစိုးရကလည်း ဒီကိစ္စမှာ သူမှာလုပ်ပိုင်ခွင့်တွေအများကြီးအကန့်အသတ်ရှိနေတော့ ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်အပြည့်အဝရှိမယ် မထင်ဘူး။ ဒါကြောင့် ပြည်ထောင်စုအစိုးရကတော့ ဒီသတင်းရယူခွင့် မူဝါဒနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထားသင့်တယ်လို့ထင်တယ်။”
အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးတဲ့ ရခိုြင်ပည်နယ်လို နေရာမျိုးမှာ မြေပြင်သတင်းရယူဖို့ အပါအဝင် သတင်းသမားတွေအတွက် လုံခြုံရေး အတွက်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ နယ်စပ်ရေးရာ လုံခြုံရေးတာဝန်ယူ ထားတဲ့သူတွေဘက်က ကြိုတင်စီစဉ်ထားတာမျိုးတွေ စီစဉ်ပေးသင့်တယ်လို့လည်း ကိုသီဟသွေးကပြောပါတယ်။
“ကျနော်ထင်တယ်၊ ၂၃ ရက်နေ့မှာ တကယ်တမ်း ၁၀၀ ပဲလာလာ၊ ၅၀ ပဲလာလာ၊ စပြီးဖွင့်ပြီဆိုလို့ရှိလျှင်၊ Opening ပေါ့နော်၊ အဲဒီအနေအထားလေးကို သူတို့က မီဒီယာကိုဘယ်လိုနေရာမျိုးမှာထားမှာ၊ facility က ဘယ်လို၊ ရောက်လာတဲ့လူတွေကို ဘယ်နေရာမှာထားမှာ၊ ဘယ်လိုစီစဉ်ပေးမှာဆိုတာကို၊ လူနည်းနည်းလေးပဲလာလာ၊ သူတို့ပြသင့်တာပေါ့။ အဲဒီ ၂၃ ရက်နေ့ကတော့ အခုကတည်းက နာမည်ကြီး နေတာဆိုတော့ ၊ ၂၃ ရက်နေ့မှာ မီဒီယာတွေအားလုံးကိုခေါ်ပြီးတော့ ဒီ process ကို၊ ဒီဖွင့်ပွဲသဘောမျိုးပေါ့နော်၊ ဆိုလိုတာက ဒီအခြေအနေတွေအားလုံးကို အစိုးရဘက်က နေပြီးတော့ မီဒီယာသမားတွေကို ရှင်းပြမယ်။ ပြီးရင်ကျနော်တို့ စပြီးလက်ခံတဲ့ process ကိုလည်း လိုက်ပြီးရှင်းပြမယ်၊ ပြီးတော့ အဲဒီနေရာတွေကိုလည်း လိုက်ပြပေးမယ် ဆိုရင်တော့ ဒါက အကောင်းဆုံးပေါ့နော်။ အဲဒီလိုပဲ ဖြစ်စေချင်ပါတယ်။”
အခုအချိန်အထိကတော့ မြန်မာသမ္မတရုံး-ပြန်ကြားရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန တွေဘက်က ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေ ရခိုင်ဘက်သတင်းသွားယူနိုင်ဖို့ တရားဝင်အသိပေးအကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သတင်းသမားတွေက ပြောဆိုသလို တရားဝင်သတင်းထုတ်ပြန်တာလည်းမရှိသေးပါဘူး။ မြန်မာနိုင်ငံဘက်ခြမ်းကတော့ နယ်စပ်မှာ ပြန်လည်စိစစ်လက်ခံရေးစခန်း ၃ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကြားစခန်း ၃ ခု ဖွင့်လှစ်ပြီးလည်း ဟိန္ဒူဘာသာဝင်တွေ၊ မူဆလင်ဒုက္ခသည်တွေအတွက် ပြန်လည် နေရာ ချထားနိုင်ရေး အတွက် ကြိုတင်ဆောင်ရွက်လျက်ရှိနေပြီး ဒုက္ခသည်တွေ ပြန်လာရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဘက်ကတော့ စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေကြတုန်းအခြေအနေဖြစ်ပါတယ်။
Your browser doesn’t support HTML5