ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေ ကြုံနေရတာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေကြောင်း မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝန်းကို ထိခိုက်မှု ကြီးမားနိုင်တာကြောင့် စီမံကိန်းကို ဆက်မလုပ်ဖို့ လိုလားနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေ ကြုံနေရတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို စီမံကိန်းကို အရွယ်အစား လျှော့ချတာ၊ ဒါမှမဟုတ် နေရာပြောင်းတာ ဒါမှမဟုတ် တရုတ်နိုင်ငံကို တခြားစီမံကိန်းတခု အစားထိုးပေးအပ်တာ အပါအဝင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို စဉ်းစားနေတဲ့အကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ အရင်သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့တဲ့ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိတဲ့ စီမံကိန်းကို အစီအစဉ်အတိုင်း ပြန်စနိုင်ဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေး ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက်မှာပဲ မြန်မာအစိုးရဘက်က တုန့်ပြန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့ စိမ်းလန်းအမိမြေ ပတ်ဝန်းကျင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကတော့ စီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ဖို့ လိုတယ်လို့ ပြောပါတယ်။
"ကျနော်တို့ကတော့ လုံး၀ ဖျက်သိမ်းရေးကို ပြောထားတော့ သူဟာသူ ဘယ်နားဖျက်ဖျက် ဘယ်နားလုပ်လုပ် ကျနော်တို့ကတော့ ဒါ သဘောတူနိုင်မယ့်အနေအထားမရှိဘူး။ အဲဒါကတော့ ရှင်းနေပြီးသားပါပဲ။ ဒါက မလုပ်သင့်တဲ့အလုပ်လို့ ကျနော်တို့ ပြောပြီးသားပဲ။ သူတို့ဘယ်လိုပြောင်လဲမှာလဲဆိုတာတွေကတော့ ထုတ်ပြန်မှ သိမှာပေါ့။ ဘယ်နေရာတွေပြောင်းမှာလဲ ဘယ်လိုတွေ ပြောင်းမှာလဲ အဲဒီအပေါ်မူတည်ပြီးတော့မှ ဒီစီမံကိန်းက ကောင်းကျိုးဆိုးကျိုးဘယ်လိုရှိမလဲ ဆိုတာ ကျနော်တို့ ဝေဖန်သုံးသပ်လို့ရမှာပါ။"
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လူမှုဘဝနဲ့ ပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ်နေကြတာပါ။ ဝန်ကြီး ဦးသောင်းထွန်း ကတော့ ဆည်တည်ဆောက်မယ့်နေရာမှာ ငလျင်ကြောရှိနေတာ၊ ဆည်အတွက် လိုအပ်တဲ့ မိုးရေခံရပ်ဝန်းဟာ အကျယ်အဝန်းအားဖြင့် စင်္ကာပူနိုင်ငံရဲ့ ၂ ဆလောက် ရှိမှာ ဖြစ်တဲ့အတွက် ဒေသခံတွေ ထိခိုက်နစ်နာနိုင်တာတွေ ရှိနေတာတွေကို နေပြည်တော်က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ညီလာခံမှာ အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က ကိုစောသာဘိုးကတော့ စီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေကြောင်းလည်း ထောက်ပြပါတယ်။
"ဘယ်လိုပဲပြောပြော ဥပမာ location ပြောင်းတာပဲ ဖြစ်ဖြစ် အဓိကတော့ ဒီ ဧရာဝတီဆိုတဲ့ဟာကြီး ကျနော်တို့ တနိုင်လုံးရဲ့ အသက်သွေးကြောလည်းဖြစ်တယ်။ ဒီမှာ majority တွေက အများကြီး ရှိနေတဲ့အခါမှာ ကျနော်တို့က ဒီ အကြီးစား ဆည်တွေ လုံးဝမဆောက်ဖို့ကို ကျနော်တို့တိုက်တွန်းတယ်။ အခုမှ မဟုတ်ဘူး အရင်ကတည်းကလည်း တိုက်တွန်းတယ်။ ပြီးတော့ မဆောက်စေချင်တဲ့အကြောင်းအရာတွေကလည်း ပညာရှင်တွေလည်း အများကြီးထောက်ပြပြောဆိုတာတွေ ရှိတယ်ပေါ့။ အဓိကတော့ စာချုပ်မှာ ပါတဲ့ဟာတေ ွဘာမှ မချပြခင်မှာ သူတို့အရင်အစိုးရမဖြစ်ခင်ကတည်းက ပြောခဲ့တဲ့ ကတိတွေရှိတယ်။ အစိုးရဖြစ်တဲ့အခါကျတော့ ကတိတွေ တည်ဖို့လိုတယ် ကျနော်ထင်တာကတော့။"
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးသောင်းထွန်းရဲ့ ပြောဆိုချက်ကို တရုတ်နိုင်ငံခြားရေးဌာနက လတ်တလော တုန့်ပြန် ပြောဆိုတာမရှိသေးပေမယ့် စီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားကြောင်း အစောပိုင်းမှာ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang ကလည်း မကြာသေးခင်က ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ဘာသာရေးနဲ့ လူမှုအသင်းအဖွဲ့တွေက အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း အပါအဝင် တရုတ်နိုင်ငံက လုပ်ငန်းတွေကို ထောက်ခံအားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5