[[ ZAWGYI / UNICODE ]]
ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်အလောင်း တိုကျိုမြို့တော်ရောက်ရှိ
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ ရုပ်အလောင်း သယ်ယူလာတဲ့ မော်တော်ယဉ်တန်းဟာ တိုကျိုမြို့တော်က နေအိမ်ကို စနေနေ့မှာ ရောက်ရှိလာပါတယ်။ တိုကျိုမြို့တော်က နေအိမ်နဲ့ Nara မြို့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့နေရာ အနီးတဝိုက်မှာတော့ ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးသူတွေ စနေနေ့က စုဝေးခဲ့ကြတာပါ။
ဝန်ကြီးချုပ်ဟောင်းရဲ့ ဈာပနအခမ်းအနားကို အင်္ဂါနေ့မှာ စီစဉ်ထားပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ တက်ရောက်ကြမှာဖြစ်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။ တိုကျိုမြို့တော် အနောက်တောင်ဖက် ကီလိုမီတာ ၄၅၀ လောက်အကွာမှာရှိတဲ့ Nara မြို့မှာတော့ ဝန်ကြီးချုပ်ဟောင်း ဓာတ်ပုံထောင်ထားတဲ့ စားပွဲမှာ အမှတ်တရ ပန်းတွေချဖို့ လူတွေ တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။
ဝန်ကြီးချုပ်ဟောင်းကို အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားကိုတော့ ရဲတပ်ဖွဲ့က ချက်ခြင်းဆိုသလို ဖမ်းဆီးမိခဲ့ပြီး၊ အိမ်တွင်းဖြစ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
ဝန်ကြီးချုပ်ဟောင်းရဲ့ မဲဆွယ်စည်းရုံးပွဲကို စောင့်ကြပ်ပေးရတဲ့ ဒေသခံရဲတပ်ဖွဲ့ကတော့ လုံခြုံရေး အစီအမံတွေ အားနည်းခဲ့ကြောင်း စနေနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ပစ်ခတ်ခံရမှုကြောင့် သောကြာနေ့က တိုကျိုမြို့တော်ကို အရေးပေါ် ပြန်သွားခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် Fumio Kishida ကတော့ စနေနေ့မှာ စည်းရုံးရေး ခရီးစဉ်တွေ ပြန်စခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဂျပန်နိုင်ငံမှာ ရာဇဝတ်မှုကင်းရှင်းပြီး ရွေးကောက်ပွဲတွေမှာ တွေ့ရလေ့မရှိတဲ့ လက်နက်စစ်ဆေး ရှာဖွေတဲ့ ကရိယာတွေလည်း တပ်ဆင်လာကြပါတယ်။ Fujiyoshida မြို့က ဝန်ကြီးချုပ် Kishida မိန့်ခွန်းပြောမယ့် နေရာမှာ ဆိုရင်လည်း လက်နက်ရှာဖွေ စစ်ဆေးတဲ့ ကရိယာတွေ တပ်ဆင်ထားပြီး လုံခြုံရေးလည်း တိုးမြှင့်ချထားပါတယ်။
Your browser doesn’t support HTML5
==================
{{ UNICODE }}