မြန်မာ့အရေး တညီထဲတုံ့ပြန်ဖို့ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အစိုးရအိမ်တော်က ကြိုဆိုရေးအခမ်းအနားအတွင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကို ဂုဏ်ပြုကြိုဆိုရေးအစောင့်တပ်သားများနဲ့အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၉ ၊၂၀၂၃)

မြန်မာ့အရေးဟာ ပြည်တွင်းပြဿနာဆိုပေမယ့် ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ အကျိုးဆက်တွေရှိနေတာကြောင့် အာဆီယံနိုင်ငံတွေ တညီတညွတ်တည်း တုံ့ပြန်ဖို့ လိုအပ်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မနေ့က ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပွဲအပြီးမှာ ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

“မြန်မာ့ ပြည်တွင်းပြဿနာကို ပြည်တွင်းမှာပဲ ဖြေရှင်းရမှာဖြစ်တယ် ဆိုပေမယ့်လည်း မြန်မာ့အရေးက ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြားရှိနေတဲ့ မလေးရှားနိုင်ငံကို တိုက်ရိုက် ရိုက်ခတ်ပါတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတာဖြစ်ပါတယ်။ နိုင်ငံငယ်တခု ဖြစ်တဲ့သူတို့အနေနဲ့ တနိုင်ငံတည်းက တုံ့ပြန်နိုင်တဲ့ ပမာဏက အကန့်အသတ် ရှိတဲ့အကြောင်း၊ လူသားချင်းစာနာ ကူညီမှုစိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံက တုံ့ပြန်ကိုင်တွယ်နေတာ ရှိပေမယ့် ဒေသတခုလုံး အနေနဲ့ ASEAN ကတညီတညွတ်တည်း တုံ့ပြန် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha နဲ့ ကြာသပတေးနေ့က တွေ့ဆုံချိန်မှာ မလေးရှား ဝန်ကြီးချုပ် Ibrahim က ပြောကြားသွားပါတယ်။ မြန်မာ့အရေး ဘုံသဘောတူညီချက် ချမှတ်ထားတဲ့ အာဆီယံအနေနဲ့ ပိုပြီး ထိထိရောက်ရောက် တုံ့ပြန် ကူညီဖို့လည်း မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနဲ့ မလေးရှားဝန်ကြီးချုပ် ၂ ဦးတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ ခွဲထွက်ရေးသူုပုန်တွေရှိနေတဲ့ ထိုင်းတောင်ပိုင်း အခြေအနေတွေ အပါအဝင် ဒေသတွင်း လုံခြုံရေးကိစ္စတွေနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကစပြီး မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့နောက် ဒေသတွင်း နိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် Ibrahim ထိုင်းနိုင်ငံကို ရောက်နေတာပါ။ ထိုင်းခရီးစဉ် မတိုင်ခင်မှာတော့ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

နောင်ချိုတိုက်ပွဲ စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်

[Unicode]



