နိုင်ငံတကာအကူအညီ ရခိုင်ဒေသလူမှုအဖွဲ့တွေတောင်းဆို

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ခေါင်ဒုက္ခာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၅၊ ၂၀၂၃)

နိုင်ငံတကာအကူအညီ ရခိုင်ဒေသလူမှုအဖွဲ့တွေတောင်းဆို

အင်အားပြင်း မိုခါဆိုင်ကလုန်မုန်တိုင်းဒဏ်ကို အလူးအလဲခံလိုက်ရတဲ့ ရခိုင်ပြည်နယ် စစ်တွေဒေသမှာ ပျက်စီးဆုံးရှုံးမှုအလွန်ကြီးမားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအင်အားမမျှတဲ့အတွက် နိုင်ငံတကာ အနေနဲ့ အမြန်ဆုံးဝင်ရောက်အကူအညီပေးကြဖို့ ဒေသခံလူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

စစ်တွေမြို့မှာ လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကိုဝေဟင်အောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခု ဒီ စစ်တွေမှာ မုန်တိုင်းကယ်ဆယ်ရေး အခြေအနေတွေက ဘယ်လိုရှိပါသလဲရှင့်။

ကိုဝေဟင်အောင် ။ ။ ကူညီကယ်ဆယ်ရေးကတော့ ဒေသခံ ပရဟိတအဖွဲ့တွေ ၊ လူမှုရေးအဖွဲ့အစည်းတွေ အနေနဲ့ကတော့ နိုင်နိုင်နင်းနင်း မရှိဘူးခင်ဗျ။ နေရာစုံကို ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် ဒီ ဒေသခံလောက်နဲ့ကတော့ ကျနော်တို့ ထိန်းနိုင်တဲ့ အခြေအနေမျိုးမှာ မရှိဘူးဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် INGO တွေ NGO တွေဘက်က အမြန်ဆုံးဝင်ရောက်ပြီးတော့ ကူညီပေးဖို့အတွက် ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဒီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က ဘာ့ကြောင့် အခုချိန်ထိ မဝင်နိုင်တာပါလဲရှင့်။

ကိုဝေဟင်အောင် ။ ။ အမှန်တကယ်က စစ်တွေမြို့ပေါ်မှာ ကတည်းက .. ၊ ဟို စစ်တွေမြို့ပေါ်မှာကိုက NGO တွေ INGO တွေက အတော်များများ ရှိတယ်ခင်ဗျ။ သူတို့ဖက်က Action လုပ်တာ တော်တော်လေးကို နောက်ကျတယ်၊ နှောင့်နှေးတယ်လို့တော့ ကျနော်မြင်တယ်။ မုန်တိုင်းမဖြစ်ခင် ကတည်းက ကျနော်တို့ကို သူတို့ဘက်ကို သတင်းပါးတယ်ပေါ့နော့်။ မုန်းတိုင်းကျတော့မယ် .. ဖြစ်နိုင်မယ်ဆိုရင် ဒီ NGO တွေ INGO တွေဘက်က ကြိုတင်ပြင်ဆင်ချက်တွေ ၊ ရေသန့်တွေ မုန့်ပဲသွားရေစာတွေပေါ့ဗျာ၊ ဥပမာ WFP ကထုတ်တဲ့ Energy Food လိုဟာမျိုး မုန့်တွေရှိတယ်ဗျာ။ အဲဒီ မုန့်တချပ်ကိုစားပြီး ရေသောက်လိုက်တယ်ဆိုရင် ထမင်းတနပ်စာနဲ့ တူညီတဲ့ အဟာရမုန့်တွေ ရှိတယ်။ အဲဒီမုန့်တွေကို ကြိုထုတ်ပေးဖို့ သူတို့ကို ကျနော်တို့ မေတ္တာရပ်ခံ Request ခဲ့တာတွေ ရှိတယ်။ Request လုပ်တယ်ဆိုတာက စာနဲ့ပေနဲ့တော့ မဟုတ်ဘူးပေါ့နော်။ ကျနော်က လှမ်းပြီး အကြောင်းကြားတာမျိုးပေါ့။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားတို့ဘက်က ဒါလေး ဒါလေးတွေ ကူညီပေးပါ ဆိုပြီးတော့ ကျနော်တို့ တောင်းဆိုခဲ့တာ ရှိတယ်။ အဲဒီတုန်းကလည်း သူတို့ဘက်က တုန့်ပြန်ချက်က တော်တော်လေးကို နှောင့်နှေးတယ်ဗျ။ ပြောရမယ်ဆိုရင် ပြည်နယ်အစိုးရ ပြည်နယ်နစက ဘက်ကနေပြီးပဲ သူတို့ကို လှမ်းပြီးပြောပါဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ ပြည်နယ်နစကကို ကျနော်တို့က လှမ်းပြောတဲ့အခါမှာလည်း NGO တွေကိုပဲ ပြောပါဆိုပြီး အပြန်အလှန် ဘောလုံးပုတ်ခဲ့တာဟာတွေ ရှိတယ်။ အခုဆို မုန်တိုင်း တိုက်ပြီးပြီဗျာ။ ပျက်စီးတာတွေလည်း အတော်ပျက်စီးကုန်ပြီပေါ့နော်။ ဒီလိုအခြေအနေမှာလည်း သူတို့က မြန်မြန်ဆန်ဆန် သိပ်မရှိဘူးခင်ဗျ။ တော်တော်လေးကို နှောင့်နှေးနေတယ်လို့ ကျနော်တို့ မြင်တယ်။

SEE ALSO: မုန်တိုင်းသင့်ပြည်သူတွေကိုကူညီဖို့ အိန္ဒိယရေတပ်သင်္ဘော သုံးစင်းဆိုက်ကပ်


မအင်ကြင်းနိုင်။ ။ နှောင့်နှေးတယ်ဆိုတဲ့ အပိုင်းမှာ အခု နိုင်ငံတကာဘက်က ပြောနေတဲ့အပိုင်းပေါ့၊ လက်ရှိ စစ်ကောင်စီဘက်က Restriction ကန့်သတ်ချက်တွေ သူတို့အတွက် ရှိနေတယ်တဲ့။ အဲဒါကြောင့် အရေးပေါ် အကူအညီပေးဖို့မှာ အခက်အခဲဖြစ်နေတယ်ဆိုတော့ အဲဒီအချက်အပေါ်မှာရော ဘယ်လိုမြင်ပါသလဲရှင့်။

ကိုဝေဟင်အောင် ။ ။ ရခိုင်ဖက်မှာ နဂိုကတည်းက သူတို့နဲ့ Partner လုပ်ကိုင်နေကြတဲ့ Local NGO တွေ CSO တွေ ရှိတယ်ဗျာ။ အဲဒီ အဖွဲ့အစည်းတွေကတဆင့် သူတို့ပေးရင်လည်းရတယ်။ ဒီအခြေအနေဟာ တော်တော်လေးကို အရေးပေါ်ကာလ ဖြစ်တယ်၊ လူသားချင်းစာနာထောက်ထားမှုအရ ဒီအခြေအနေဟာ လုပ်ရမယ့် အခြေအနေလို့ ကျနော်တို့မြင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် NGO တွေ INGO တွေဘက်က သူတို့ ရနိုင်သမျှလမ်းကြောင်းတွေကို ရှာဖွေပြီးတော့ ၊ ဖြစ်နိုင်မယ်ဆိုရင် နစခ ဘက်ကသော်လည်းကောင်း ၊ ဟို တခြား သက်ဆိုင်ရာတွေဘက်ကနေ ချိတ်ဆက်ပြီးတော့သော် လည်းကောင်း၊ အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်လို့မြင်တယ်။

မအင်ကြင်းနိုင်။ ။ စစ်ကောင်စီဘက်ကလည်း ဒီ မုန်တိုင်းဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်ပေးနေတာတွေ တွေ့ရပါတယ်။ ဒါတွေကရော လုံလောက်မှု မရှိဘူးလားရှင့်။

ကိုဝေဟင်အောင် ။ ။ မလုံလောက်ဘူး အမ ၊ .... မလုံ လောက် ဘူး။ ဘာဖြစ်လို့လည်းဆို အပျက်အစီးက အရမ်းများတာကိုး။ စစ်တွေမြို့မှာဆို သူတို့ လာပြီးတော့ တချို့ရပ်ကွက်တွေမှာ အိမ်တအိမ်ကို သွပ်(၂)ချပ် လာပေးတာပေ့ါ။ အဲဒီ သွပ်(၂)ချပ်နဲ့ အိမ်သာတောင် မိုးလို့ မရဘူးအမ။ သူတို့ပေးတဲ့ပမာဏက အိမ်တဆောင်လုံးအတွက်ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူတို့ပေးတဲ့ amount က ဆင်ပါးစပ်ကို နှမ်းပက်သလောက်ပဲ ဖြစ်လိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ဒီ နစက အစိုးရလောက်နဲ့တော့ မနိုင်ဘူး။ နိုင်ငံတကာ အကူအညီ မပါပဲနဲ့ ကျနော်တို့ ပြန်လည်တည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မအင်ကြင်းနိုင်။ ။ အရင်က မြန်မာနိုင်ငံမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း တုန်းကတော့ပေါ့နော်၊ သူက ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကို ဗဟိုပြုပြီးတော့ တိုက်ခတ်ခဲ့တယ်၊ လူတွေ သိန်းနဲ့ချီပြီး သေဆုံးခဲ့ရတယ်ပေါ့။ အဲဒီတော့ နာဂစ်မုန်တိုင်းနဲ့ နှိုင်းယှဉ်ရင် စစ်တွေတဝိုက်ကို ဗဟိုပြုပြီးတော့ တိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းက ဘယ်လောက်ထိ ဆိုးလဲရှင့်။

ကိုဝေဟင်အောင် ။ ။ နာဂစ်နဲ့ မိုခါ ကြားမှာ နည်းနည်းလေး ကွဲလွဲချက်ရှိတယ်။ ဥပမာ နာဂစ်တုန်းကကျရင် ရွာပျက်တယ် ပြီးတော့ ပျောက်သွားတယ်ဗျ။ ဥပမာ တချို့ရွာတွေကျရင် မုန်တိုင်းတိုက်တယ်၊ တိုက်တဲ့အချိန်မှာ ရွာတွေ အကုန်လုံးပျက်စီးသွားတယ်။ ပြီးတော့ နောက်က ရေလိုက်တက်လာတယ်။ ဒီရေ လိုက်တက်လာတဲ့ အချိန်မှာ သူက ရွာတွေအကုန်လုံးကို ဆွဲခေါ်သွားတယ်၊ ရွာ ပျောက်သွားတယ်။ အခု မိုခါကကျတော့ နည်းနည်းလေး သာတာက ရွာပျက်တဲ့အဆင့်ပဲရှိတယ်။ ရွာ ပျောက်တဲ့အဆင့် မရှိဘူး။ ဒါပေမဲ့လည်း ရွာ ပျောက်တဲ့ရွာ ရှိကောင်းရှိနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် လက်ရှိ ကျနော်တို့ အခြေအနေက ဆက်သွယ်ရေးလိုင်းတွေ အကုန် ပြတ်တောက်နေတယ်။ ဥပမာဗျာ ဖုန်းလိုင်းတွေက အဆင်မပြေဘူး။ အင်တာနက်လိုင်းတွေ အဆင်မပြေဘူး။ အခု ကျနော်နေတဲ့ စစ်တွေမြို့မှာ ကိုယ်တိုင်က ဖုန်း-ပြောလို့ မရတဲ့နေရာတွေက အများကြီးပဲ။ အင်တာနက် သုံးလို့ မရတဲ့နေရာတွေလည်း အများကြီး။ နယ်စပ်တွေဆိုရင် ပိုတောင် ဆိုးနေသေးတယ်။ အင်တာနက်လိုင်း ဖုန်းလိုင်း တခုမှ မရဘူး။ အဲဒါကြောင့် ကျနော်တို့က ရွာတွေ ပျောက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ အတည်ပြုချက် မပေးနိုင်သေးဘူး။ ဥပမာ တချို့ရွာတွေဆိုရင် လုံးဝ မရှိတော့ဘူး၊ အိမ်လည်း မရှိတော့ဘူး ရွာလည်း မရှိတော့ဘူး ပြောမယ်ဆိုရင် နေရာတောင် မရှိတော့ဘူးဆိုတဲ့ သတင်းစကားမျိုးတွေ ကြားနေရတယ်ပေါ့ ။

Your browser doesn’t support HTML5

နိုင်ငံတကာအကူအညီ ရခိုင်ဒေသလူမှုအဖွဲ့တွေတောင်းဆို