သတင်းလွတ်လပ်ခွင့်ရပ်တည်နေတဲ့ မဇ္ဈိမသတင်းဌာန ၂၅ နှစ်ပြည့်ပြီ

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့က ရန်ကုန်မြို့ ဈေးတခုမှာတွေ့ရတဲ့ မဇ္ဈိမသတင်းစာတစောင်

မြန်မာပြည်သူတွေကြား မှန်ကန်ပြီးဘက်မလိုက်တဲ့ လွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရရှိနေအောင် လွန်ခဲ့တဲ့ ၂၅ နှစ် ကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့သလို ဒီအတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ မဇ္ဈိမသတင်းဌာနတည်ထောင်သူလည်းဖြစ်၊ စီမံညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးစိုးမြင့်က ဒီကနေ့ မဇ္ဈိမသတင်းဌာနရဲ့ ၂၅နှစ်ပြည့်ငွေရတုနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

"အခုဆိုရင် မဇ္ဈိမဟာ ၂၅ နှစ်ပြည့်ပြီပေါ့နော်။ ကျွန်တော်တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဒုက္ခသည်ဘဝနဲ့ ဘာဆိုဘာမှမရှိဘဲနဲ့ ယုံကြည်မှု ခံယူချက် သန္နိဌာန်တချက်ပေါ့နော် မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို အမှန်တရားဘက်က ချဉ်းကပ်ပြီးတော့ သတင်းတွေဖော်ပြမယ်ဆိုတဲ့ ခံယူချက်လေးတခုနဲ့ စတင်ခဲ့တာ ၂၅ နှစ်ပြည့်ပြီပေါ့နော်။ အံ့တောင်အံ့သြပါတယ်။ ၂၅ နှစ်ရှိပြီ အခုအချိန်ထိရှင်သန်နိုင်ခဲ့တာပေါ့နော်။ နောင် ၂၅ နှစ်တော့ ကျွန်တော်တော့ မသိဘူး။ ကျွန်တော်လည်း ရှိချင်မှရှိတော့မယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မဇ္ဈိမမှာလုပ်နေတဲ့ လူငယ်တွေရဲ့ စိတ်အားထက်သန်မှု၊ သူတို့ရဲ့မဟုတ်မမှန်တဲ့ဟာကို လက်မခံတဲ့စိတ်၊ အဲဒါတွေကို ကြည့်ခြင်းအားဖြင့်ဟာ အနာဂတ်မှာလည်း အခြေအနေကောင်းတယ်လို့ ယူဆပါတယ်။"

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ မဇ္ဈိမအခမ်းအနားကို အမေရိကန်ကောင်စစ်ဝန် Lisa Buzenas နဲ့ အိန္ဒိယကောင်စစ်ဝန် Krishna Chaitanya တို့အပါအဝင် သတင်းဌာနတချို့က အကြီးအကဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မဇ္ဈိမသတင်းဌာနရဲ့ ၂၅ နှစ်ပြည့်အခမ်းအနား (ဩဂုတ် ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဆယ်စုနှစ်နဲ့ချီ အားပေး ထောက်ခံလာခဲ့တဲ့ အမေရိကန် အစိုးရအနေနဲ့လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက် အားပေးသွားမယ့်အကြောင်းအမေရိကန်ကောင်စစ်ဝန် Lisa Buzenas က ဒီကနေ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက သတင်းမီဒီယာတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာတွေကိုရှုတ်ချသလို၊ ပြည်သူတွေ အတွက် သတင်းမှန်တွေရရှိရေး ကြိုးပမ်းနေတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကိုဆက်လက် ထောက်ခံအားပေးသွားမယ့်အကြောင်းလည်း ပြောဆိုသွားပါတယ်။

မဇ္ဈိမသတင်းဌာနဟာ ဗွီအိုအေသတင်းဌာနရဲ့မိတ်ဖက် သတင်းဌာနတခုလည်း ဖြစ်ပါတယ်။ မဇ္ဈိမအတွက် ဗွီအိုအေအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ တပတ် ၅ ရက် ထုတ်လွှင့်ပေးနေတာပါ။ အာဏာသိမ်းပြီးချိန်မှာ စစ်ကောင်စီက မဇ္ဈိမရုပ်သံသတင်းဌာနကို ရုပ်သံထုတ်ဝေခွင့် လိုင်စင်ရုတ်သိမ်းလိုက်တဲ့အပြင် မဇ္မျိမသတင်းထောက် ၅ ဦးထက်မနည်းလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

မဇ္ဈိမသတင်းဌာနကို ၁၉၉၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြန်မာပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတချို့မှာ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

သတင်းလွတ်လပ်ခွင့်ရပ်တည်နေတဲ့ မဇ္ဈိမသတင်းဌာန ၂၅ နှစ်ပြည့်ပြီ