သုံးရလွယ်ကူစေသည့် Link များ

PSI ဂြိုဟ်တုစလောင်းတွေ ဖြုတ်သိမ်းခံနေရ


အိမ်တအိမ်တွင် တပ်ဆင်ထားသော PSI စလောင်း တခု။ (ဓာတ်ပုံ - Kyaw Htike - ဧပြီ ၈၊ ၂၀၂၁)
အိမ်တအိမ်တွင် တပ်ဆင်ထားသော PSI စလောင်း တခု။ (ဓာတ်ပုံ - Kyaw Htike - ဧပြီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

တရားမဝင် ဂြိုလ်တုရုပ်သံဖမ်းစက်တွေ တပ်ဆင် အသုံးပြု ကြည့်ရှုသူတွေကို အရေးယူမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့တဲ့ပြီးနောက် တချို့နေရာတွေမှာ အာဏာပိုင်တွေက PSI ဂြိုလ်တုစလောင်းတွေကို လိုက်ဖြုတ်နေပါတယ်။ လုပ်ငန်းလုပ်ခွင့်ပိတ်ခံထားရတဲ့ DVB နဲ့ မဇ္ဈိမသတင်းမီဒီယာဌာနတွေရဲ့ သတင်းတွေကို ဂြိုလ်တုကနေ ဖမ်းယူကြည့်နိုင်တဲ့ PSI ဂြိုလ်တုစလောင်းတွေနဲ့ ဖမ်းစက်တွေကို တရားမဝင်သတ်မှတ်လိုက်တာကို တချို့နယ်မြို့တွေမှာ မသိကြသေးသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု ထိခိုက်စေတဲ့ အကြောင်းတွေ၊ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်မှုတွေကို အားပေးရာရောက်တယ်လို့ဆိုတဲ့ ထုတ်လွှင့်ချက်တွေကို ဂြိုလ်တုစလောင်းကနေ ဖမ်းယူကြည့်နိုင်တဲ့စက်တွေကို တပ်ဆင် အသုံးပြုသူတွေကို ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေအရ အရေးယူမယ်လို့ န.စ.က စစ်ကောင်စီက မေလ ၄ ရက်နေ့က အသိပေးချက်ထုတ်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ တရားမဝင်ဂြိုတ်တုစလောင်းလို့ ပြောပေမဲ့ ဘယ်လိုအမျိုးအစား ဂြိုလ်တုစလောင်းလဲ၊ ဘယ်လို ရုပ်မြင်သံကြား ဖမ်းစက်မျိုးလဲဆိုတာ အတိအကျ ပြောမထားပါဘူး။ နိုင်ငံအနှံ့ အများစု တပ်ဆင် အသုံးပြုနေကြတဲ့ PSI ဂြိုလ်တုစလောင်းနဲ့ ဖမ်းစက်တွေကနေ DVB နဲ့ မဇ္ဈိမ စတဲ့ စစ်အာဏာသိမ်းခဲ့ပြီးနောက် လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်ခံရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေအပြင် တခြားနိုင်ငံတကာ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်လို့ရပါတယ်။

စစ်ကောင်စီက မတရားအသင်းကြေညာထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်ကိုလည်း မဇ္ဈိမရုပ်သံသတင်းဌာနက ထုတ်လွှင့်ပြသနေတာမို့ ခုလို ပိတ်ပင်ချက်ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်ထဲက PSI ဂြိုလ်တုစလောင်းတွေကို နိုင်ငံထဲက နေရာတော်တော်များများမှာ တပ်ဆင် ကြည့်ရှုကြပါတယ်။ အခုတော့ ထောင်ဒဏ် ၁ နှစ်၊ ငွေဒဏ် ၅၀၀,၀၀၀ အထိ ချမှတ်အရေးယူနိုင်တဲ့ တားမြစ်ချက်ထုတ်ပြန်ပြီးနောက် တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အာဏာပိုင်တွေကိုယ်တိုင် အိမ်တွေမှာ လိုက်ပြီး ဖြုတ်ခိုင်းနေတယ်လို့ ထားဝယ်ဒေသခံတွေက ပြောပြပါတယ်။

“ထားဝယ်ဘက်မှာလည်း PSI စလောင်းတွေကို စစ်တပ်ကလာပြီးတော့ ဖြုတ်ခိုင်းတာတွေ ဘာတွေရှိတယ်။ တချို့ကျတော့လည်း ကြောက်လို့ဆိုပြီးတော့ ဖြုတ်သိမ်းနေတာတွေ ဘာတွေရှိတာပေါ့နော်။ တလောက ကန်ပေါက်ဘက်မှာဆိုရင် ကျနော်တို့ PSI စလောင်းတွေကို မဖြုတ်လို့ရှိရင် အရေးယူမယ်။ ဒီစလောင်းတွေက တရားမဝင်ဆိုပြီးတော့ပေါ့နော်။ တပ်ကနေပြီး စာရွက်တွေ လိုက်ဝေတယ်။ တိုင်တွေမှာ လိုက်ကပ်တယ်ပေါ့နော်။ အဲဒီလိုမျိုးလုပ်နေတာတွေရှိတယ်။ တချို့ကတော့ ကြောက်လို့ ဖြုတ်လိုက်ကြတယ်။ တချို့ကတော့မဖြုတ်ဘူး ဒီအတိုင်းနေတယ်။ တချို့နေရာတွေမှာဆိုရင် စာတွေလိုက်ကပ်တာမျိုး မဟုတ်ဘဲနဲ့ လူကိုယ်တိုင်လိုက်ပြီးတော့မှ စလောင်းတွေကို ဖြုတ်ဖို့ဆိုပြီးတော့မှ ကိုယ်တိုင်လိုက်ပြီး ဖြုတ်ခိုင်းတာတွေရှိတယ်။ အဲဒီလိုမျိုးကျတော့ မဖြစ်မနေဖြုတ်ပေးကြရတာပေါ့လေ။ ထားဝယ်က ထိုင်းနဲ့လည်း နီးတဲ့အခါကျတော့ ဒီ PSI စလောင်းတွေကိုပဲ လူအများစုက သုံးကြတာပေါ့လေ၊ အခုလို PSI စလောင်းတွေကို ဖြုတ်ခိုင်းတာကျတော့ သတင်းတွေ ကြည့်ခွင့်မရတော့ဘူး သတင်းတွေ ဖြတ်တောက်ခံရတယ်။”

စစ်ကောင်စီက အရေးယူနိုင်တယ်လို့ ထုတ်ပြန်အသိပေးထားပေမဲ့ တချို့ နေရာတွေမှာ ဒီထုတ်ပြန်ချက်ကို ခုထိမသိလို့ မဖြုတ်ကြသေးပါဘူး။ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ထဲက မြို့ပေါ်နေသူတချို့ PSI ဂြိုလ်တုစလောင်းတွေကို ဖြုတ်နေကြပေမဲ့ ကျေးရွာတွေဘက်မှာတော့ မသိလို့ မဖြုတ်ကြသေးဘူးလို့ ဇင်ချောင်းကျေးရွာက ရွာသားတစ်ဦးကပြောပါတယ်။

“ဒီမှာကတော့ PSI စလောင်းတွေကို ဖြုတ်ကိုဖြုတ်ရမယ်လို့တော့ မကြားမိသေးဘူး။ ဒါပေမဲ့ အရပ်စကားတွေတော့ ရှိတယ်။ ဘယ်ရွာမှာက PSI စလောင်းတွေကို ဖြုတ်ခိုင်းနေတယ်။ ဖြုတ်နေကြပြီ အဲဒီလိုမျိုးတွေ ပြောတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဇင်ချောင်းမှာတော့ စလောင်းတွေကို အကုန်လုံးဖြုတ်တာတွေတော့ မတွေ့ရသေးဘူး။ တယောက်တလေကတော့ PSI စလောင်းတွေကို ဖြုတ်ရမယ်ဆိုပြီးတော့ ဖြုတ်ကြတာတွေလည်း ရှိတယ်။ တပ်တဲ့သူလည်းရှိတယ်။အဲဒီလိုပဲ တော်တော်ရှူပ်ထွေးနေတယ်။ အကုန်လုံးဖြုတ်ထားတဲ့ ပုံစံမျိုးတော့ မတွေ့ရပါဘူး။”

အလားတူ ကယားပြည်နယ် ဒီမောဆိုမြို့မှာလည်း အိမ်အနည်းငယ်လောက်သာ ဖြုတ်ကြတယ်လို့ ဒီမောဆို ဒေသခံတစ်ဦးကပြောပါတယ်။

“ကျမတို့ ဒီဘက်တွေမှာတော့ မဖြုတ်ကြဘူးရှင့်။ တောင်ရွာတွေမှာတော့ တချို့ဖြုတ်တယ်လို့ ကြားတယ်။ ခုနကပြောသလိုပါပဲ တချို့လည်း မသိဘူးပေါ့နော်။ တချို့လည်း သိမယ်။ဒါပေမဲ့ မဖြုတ်ကြဘူး။ ဒီမောဆိုမြို့ပေါ်မှာတော့ မဖြုတ်ကြဘူး။ SKYNET တော့ ရှားမယ်ထင်တယ်။ အရင်တုန်းကတော့ SKYNET ကပေါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီ ထိုင်းကလာတဲ့ PSI စလောင်းတွေကိုပဲ သုံးကြတယ်။”

DVB နဲ့ မဇ္ဈိမသတင်းဌာနတွေက ထုတ်လွှင့်ချက်တွေကို ဖမ်းယူကြည်ရှုလို့ရတဲ့ PSI ဂြိုလ်တုစလောင်းနဲ့ ဖမ်းစက်တွေကို ဧပြီလအစောပိုင်းထဲက စလို့ တချို့မြို့တွေမှာ သက်ဆိုင်ရာက အတင်းအကြပ်ဖြုတ်ခိုင်းတာ၊ စလောင်းတွေ၊ စက်တွေ သိမ်းဆည်းတာ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG