ဂါဇာကို အထောက်အပံ့ ပို့နိုင်ဖို့ ဆိပ်ခံတံတားတွေ တပ်ဆင်ပြီးစီး (အမေရိကန်)

ဂါဇာမှာ အမေရိကန်က တည်ဆောက်နေတဲ့ ယာယီ ဆိပ်ခံတံတား။

မေလကုန်လောက်က မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ ဂါဇာက အမေရိကန် တည်ဆောက်နေတဲ့ ဆိပ်ကမ်းကနေ ရေလမ်းကလာတဲ့ အထောက်အကူပစ္စည်းတွေ ပြန်တင်ပို့နိုင်အောင် ယာယီဆိပ်ကမ်းကို အသုံးပြုဖို့ လုပ်ပေးထားပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာပဲ စားသောက်ကုန်နဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ဂါဇာထဲကို စပြီး တင်ပို့ပေးနိုင်တော့မှာဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် CENTCOM ဒုတိယအကြီးအကဲဖြစ်တဲ့ ရေတပ် ဒုဗိုလ်ချုပ်ကြီး Brad Cooper က သောကြာနေ့မှာ ပြောပါတယ်။

သောကြာနေ့ မနက်ပိုင်းမှာပဲ ဂါဇာကမ်းခြေမှာ ယာယီဆိပ်ကမ်းကို အောင်အောင်မြင်မြင် တပ်ဆင်ပေးနိုင်ခဲ့ကြောင်းနဲ့ ဒါဟာ အမေရိကန်တွေ ဂါဇာမြေမှာ လုံးဝ ခြေမချရေး မူအရ အစ္စရေးကာကွယ်ရေးဌာန အင်ဂျင်နီယာတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

SEE ALSO: ဂါဇာကို "ကမ္ဘာမြေရဲ့ငရဲပြည်" လို့ UNRWA ကုလမှတ်ချက်ပြု 

အထောက်အကူ ပစ္စည်းတွေဟာ ပေးဝေမယ့်နေရာကို ရောက်နေပြီ ဖြစ်ပေမယ့် ဖြန့်ဝေမပေးခင် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ရဦးမှာဖြစ်ကြောင်းလည်း VOA ကိုပြောပါတယ်။ အခု ဆက်သွယ်ပေးထားတဲ့ ဆိပ်ကမ်းကနေ တနေ့ကို စားသောက်ကုန်နဲ့ တခြားအထောက်အကူ ပေါင်ချိန် ၅ သိန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားကြောင်းလည်း Cooper က ပြောပါတယ်။ တပြိုင်နက်ထည်းမှာပဲ အထောက်အကူ ပစ္စည်းတွေကို အမေရိကန်စစ်တပ်က လေကြောင်းကနေ ဂါဇာထဲ ချပေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မေလ ၂၅ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး လှိုင်းကြီးတဲ့ဒဏ်ကြောင့် အရင်က တည်ဆောက်ထားတဲ့ ဆိပ်ခံတံတားရဲ့ ပင်မအပိုင်း မမျှော်လင့်ပဲ ကျိုးပြတ်ခဲ့ရတာဖြစ်ပြီး ပြန်လည်ပြင်ဆင်ဖို့ အစ္စရေး ဆိပ်ကမ်းဘက်ကို ယူသွားခဲ့ရတာ ဖြစ်ပါတယ်။ ဂါဇာအတွက် အထောက်အကူပစ္စည်းတွေ ပေးပို့တာနဲ့ ဂါဇာတလွှား ဖြန့်ဝေမှုကို ကုလသမဂ္ဂက ကြီးကြပ် ပေးနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂါဇာကို အထောက်အပံ့ ပို့နိုင်ဖို့ ဆိပ်ခံတံတားတွေ တပ်ဆင်ပြီးစီး