ဘိုးရင်း အာကာသလွန်းပျံယာဉ် မြေပြင်ပြန်ဆင်းမှု အောင်မြင်

ဘိုရင်း (Boeing) လေယာဥ်ကုမ္ပဏီထုတ် ပထမဆုံး အာကာသ လွန်းပျံယာဉ် စတားလိုင်နာဟာ စမ်းသပ် လွှင့်တင်မှုမှာ လိုက်ပါသွားတဲ့ အာကာသယာဥ်မှူးတွေကို နိုင်ငံတကာ အာကာသ စခန်းထဲ ချန်ထားရစ်ခဲ့ရပြီး ကမ္ဘာမြေပေါ် ကို သောကြာညက အောင်အောင်မြင်မြင်နဲ့ ပြန်လည် ဆင်းသက်ခဲ့ပါတယ်။ အလိုအလျောက် ထိန်းချုပ်မောင်းနှင်တဲ့ စနစ်နဲ့ အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကို သဲကန္တာရထဲကို ပြန်လည် ဆင်းသက်ခဲ့တာပါ။

အာကာသယာဥ်မှူးတွေပါ တပါတည်း ပြန်လည် လိုက်ပါ ဆင်းသက်နိုင်ဖို့က အန္တရာယ်ကြီးလွန်းတယ်လို့ အမေရိကန် အာကာသသိပ္ပံ အေဂျင်စီ NASA က ဆုံးဖြတ်ပြီးနောက်မှာ သူတို့ကို ချန်ထားခဲ့တာပါ။ သူတို့ကို SpaceX က အာကာသယဥ်တွေနဲ့ ပြန်ခေါ်ယူဖို့ စီစဥ်ထားပေမယ့် ဒါကလည်း စတင်လွှင်တဲ့ခဲ့တဲ့ ဇွန်လကနေ တွက်ရက် နောက် ၈ လ အကြာ ရှေ့နှစ် ဖေဖော်ဝါရီလထဲကျမှ ဖြစ်နိုင်မယ် ဆိုပါတယ်။

ပထမ အစီအစဥ်တုန်းကတော့ သူတို့ဟာ ၈ ရက် ကြာ အာကာသခရီး အတွက် ပြင်ဆင်ခဲ့ကြတာပါ။ ဒါပေမဲ့ လွန်းပျံယာဉ်မှာ တွန်းအားပြဿနာနဲ့ ဟီလီယမ် ဓာတ်ငွေ့ ယိုစိမ့်မှု ပြဿနာတွေ ဖြစ်ခဲ့လို့ အပြန်အခရီး နှောင့်နှေးနေခဲ့တာပါ။

Your browser doesn’t support HTML5

NASA ရဲ့ ဥတုရာသီစောင့်ကြည့်ရေးဂြိုလ်တု

လူမပါတဲ့ စတားလိုင်နာ လွန်းပျံယာဥ်ကတော့ ကမ္ဘာ့ပတ်လမ်းထဲက သုတေသန စခန်းကနေ ထွက်ခွာပြီး ခြောက်နာရီအကြာမှာ ကမ္ဘာကို ပြန်လည် ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုရင်း ကတော့ သူ့ရဲ့ စတားလိုင်နာ အာကာသ ယာဥ်မှူး နှစ်ဦးကို တပါတည်း ပြန်လာနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ် စစ်ဆေးမှုတွေ လုပ်ပြီး ဘေးကင်းကြောင်း အခိုင်အမာ ပြောနေခဲ့တာ ဖြစ်ပေမယ့် NASA ကတော့ သဘောမတူဘဲ SpaceX ရဲ့ လူတင် အာကာသယာဉ်ဖြစ်တဲ့ Dragon ယာဉ်ပျံနဲ့ ပြန်လာဖို့ စီစဥ်ခဲ့ရတာ ဖြစ်ပါတယ်။

စတားလိုင်နာ ဆင်းသက်မှု အပြီး သတင်းစားရှင်လင်းပွဲမှာတာ့ NASA တာဝန်ရှိသူတွေက ဘိုရင်းကုမ္ပဏီရဲ့ ဆောင်ရွက်ချက်တွေကို ချီးကျူး ပြောဆိုပေမယ့် ဘိုရင်းက တာဝန်ရှိသူတွေကတော့ သတင်းစာရှင်းလင်းပွဲကို မတက်ရောက်ခဲ့ကြပါဘူး။

NASA ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ Steve Stich ရဲ့ ပြောဆိုချက် အရ "ဆင်းသက်မှုက စင်းလုံးချော နီးပါး ကောင်းကောင်းမွန်မွန် ဖြစ်ခဲ့တယ်" ဆိုပါတယ်။ ဒါပေမယ့် တွန်းအားပေး စနစ်မှာ ပြဿနာ အသစ် တခု ဖြစ်ခဲ့တာနဲ့ လမ်းညွှန်မှုစနစ် ယာယီ အလုပ် မလုပ်ခဲ့တာ အပါအဝင် ပြဿနာတချို့ ရှိခဲ့ကြောင်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လာမည့်နှစ်သြဂုတ်လထဲမှာ စီစဉ်ထားတဲ့ စတားလိုင်နာရဲ့ နောက်ထပ်ပျံသန်းမှုအတွက် လိုက်ပါမယ့် အာကာသ ယာဥ်မှူးတွေကို စတင် ခေါ်ယူတာတွေ လုပ်တော့မလား ဆိုတာတော့ ပြောဖို့ စောလွန်းနေသေးကြောင်း NASA ပြောပါတယ်။ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ အချိန်လိုအပ်သလို လွန်းပျံယာဥ် ဒီဇိုင်းနဲ့ သူ့ရဲ့ ပျံသန်းမယ့် ပုံစံနှစ်ခုစလုံးအတွက် ဘယ်လို အပြောင်းအလဲတွေ လိုအပ်မလဲဆိုတာကို အကဲဖြတ်နိုင်ဖို့ အချိန် လိုအပ်တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ဘိုးရင်း အာကာသလွန်းပျံယာဉ် မြေပြင်ပြန်ဆင်းမှု အောင်မြင်